ဟော့ကင်လင်ဖိုးမား (ပြန်ရည်ကျိတ်စနစ်ကင်ဆာ)

ခြုံငုံသုံးသပ်ချက် (Overview)

ဟော့ကင်လင်ဖိုးမား (Hodgkin’s lymphoma) သို့မဟုတ် ဟော့ကင်ရောဂါသည် ပြန်ရည်ကျိတ်စနစ် (Lymphatic system) တွင် ဖြစ်ပွားသော ကင်ဆာတစ်မျိုးဖြစ်သည်။ ပြန်ရည်ကျိတ်စနစ်သည် ခန္ဓာကိုယ်အား ရောဂါပိုးဝင်ရောက်ခြင်းမှ ကာကွယ်ပေးသည့် ကိုယ်ခံအားစနစ်၏ အစိတ်အပိုင်းတစ်ခုဖြစ်သည်။ လင်ဖိုးမား (Lymphoma) ကင်ဆာတွင် အဓိကအားဖြင့် ဟော့ကင်လင်ဖိုးမား နှင့် ဟော့ကင်မဟုတ်သောလင်ဖိုးမား (Non-Hodgkin lymphoma) ဟူ၍ နှစ်မျိုးရှိသည်။ ဟော့ကင်လင်ဖိုးမား ဖြစ်ပွားသောအခါ လင်ဖိုဆိုက် (Lymphocytes) ခေါ် သွေးဖြူဥများမှာ ထိန်းချုပ်မရဘဲ ပွားများလာပြီး ခန္ဓာကိုယ်ရှိ ပြန်ရည်ကျိတ်များကို ရောင်ရမ်းစေသည်။ ခေတ်မီရောဂါရှာဖွေမှုနှင့် ကုသမှုများကြောင့် ဟော့ကင်လင်ဖိုးမားရောဂါကို အပြီးတိုင် ပျောက်ကင်းအောင် ကုသနိုင်ပါသည်။

ရောဂါလက္ခဏာများ (Symptoms)

  • လည်ပင်း၊ ချိုင်းကြား သို့မဟုတ် ပေါင်ခြံရှိ ပြန်ရည်ကျိတ်များ နာကျင်မှုမရှိဘဲ ရောင်ရမ်းခြင်း။
  • မောပန်းနွမ်းနယ်ခြင်း။
  • ဖျားခြင်း။
  • ညဘက်တွင် ချွေးထွက်ခြင်း။
  • ရည်ရွယ်ချက်မရှိဘဲ ကိုယ်အလေးချိန် လျော့ကျခြင်း။
  • ပြင်းထန်စွာ ယားယံခြင်း။
  • အရက်သောက်ပြီးနောက် ပြန်ရည်ကျိတ်များ နာကျင်ခြင်း။

အကယ်၍ ဤလက္ခဏာများ ဆက်တိုက်ဖြစ်ပေါ်နေပါက ဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးပါ။

ဖြစ်ပွားရသည့်အကြောင်းရင်းများ (Causes)

ဟော့ကင်လင်ဖိုးမား ဖြစ်ပွားရသည့် အကြောင်းရင်းကို တိကျစွာ မသိရသေးပါ။ ရောဂါပိုးများကို တိုက်ထုတ်ပေးသော လင်ဖိုဆိုက် (Lymphocytes) ခေါ် သွေးဖြူဥများ၏ DNA မျိုးဗီဇပြောင်းလဲမှု ဖြစ်ပေါ်ရာမှ ဤကင်ဆာ စတင်ဖြစ်ပွားသည်။ ထို DNA ပြောင်းလဲမှုကြောင့် ဆဲလ်များမှာ လျင်မြန်စွာ ပွားများလာပြီး ပုံမှန်ဆဲလ်များ သေဆုံးသွားချိန်တွင် ၎င်းတို့မှာ သေဆုံးခြင်းမရှိဘဲ ကျန်ရှိနေသည်။ ဤလင်ဖိုးမားဆဲလ်များသည် ၎င်းတို့၏ ရှင်သန်မှုနှင့် ကြီးထွားမှုအတွက် ကျန်းမာသော ကိုယ်ခံအားဆဲလ်များကို ဆွဲဆောင်စုစည်းထားတတ်သည်။ ထိုသို့ ပိုလျှံနေသော ဆဲလ်များသည် ပြန်ရည်ကျိတ်များတွင် စုပုံလာပြီး ရောင်ရမ်းမှုကို ဖြစ်စေသည်။

ဟော့ကင်လင်ဖိုးမား အမျိုးအစား အများအပြားရှိပြီး တစ်မျိုးစီကို ၎င်းတို့၏ ဆဲလ်လက္ခဏာများနှင့် ပြုမူပုံများအပေါ် မူတည်၍ ခွဲခြားထားသည်။ ကုသမှုနည်းလမ်းမှာ လူနာ၌ ဖြစ်ပွားနေသော လင်ဖိုးမား အမျိုးအစားပေါ်တွင် မူတည်ပါသည်။

ရိုးရိုး ဟော့ကင်လင်ဖိုးမား (Classical Hodgkin’s lymphoma)

၎င်းသည် အဖြစ်အများဆုံး အမျိုးအစားဖြစ်ပြီး ပြန်ရည်ကျိတ်များအတွင်း Reed-Sternberg cells ခေါ် ကြီးမားသော လင်ဖိုးမားဆဲလ်များကို တွေ့ရှိရသည်။ ၎င်း၏ အမျိုးအစားခွဲများမှာ –

  • Nodular sclerosis Hodgkin’s lymphoma
  • Mixed cellularity Hodgkin’s lymphoma
  • Lymphocyte-depleted Hodgkin’s lymphoma
  • Lymphocyte-rich Hodgkin’s lymphoma

Nodular lymphocyte-predominant Hodgkin’s lymphoma

ဤအမျိုးအစားသည် အဖြစ်နည်းပြီး Popcorn cells ခေါ် လင်ဖိုးမားဆဲလ်များနှင့် ဆက်စပ်နေသည်။ ဤရောဂါကို အများအားဖြင့် ကနဦးအဆင့်မှာပင် စမ်းသပ်တွေ့ရှိလေ့ရှိပြီး ပြင်းထန်သော ကုသမှုများ မလိုအပ်နိုင်ပါ။

ဖြစ်နိုင်ခြေပိုများစေသည့် အချက်များ (Risk factors)

  • အသက်အရွယ်: အသက် (၂၀) ကျော်၊ (၃၀) ကျော် အရွယ်များနှင့် အသက် (၅၅) နှစ်အထက် လူများတွင် ဖြစ်ပွားလေ့ရှိသည်။
  • မျိုးရိုးဗီဇ: မိဘ သို့မဟုတ် မွေးချင်းမောင်နှမများတွင် လင်ဖိုးမားရောဂါရှိပါက ဖြစ်နိုင်ခြေ ပိုများသည်။
  • လိင်: အမျိုးသမီးများထက် အမျိုးသားများတွင် ဖြစ်ပွားနိုင်ခြေ ပိုများသည်။
  • Epstein-Barr ဗိုင်းရပ်စ် ကူးစက်ခံရဖူးခြင်း: Infectious mononucleosis ကဲ့သို့သော ရောဂါမျိုး ဖြစ်ပွားဖူးသူများတွင် ဖြစ်နိုင်ခြေ ပိုများသည်။
  • HIV ပိုး ကူးစက်ခံထားရခြင်း: HIV ပိုးရှိသူများတွင် ဟော့ကင်လင်ဖိုးမား ဖြစ်နိုင်ခြေ မြင့်တက်လာသည်။

ရောဂါရှာဖွေခြင်း (Diagnosis)

  • ကိုယ်ခန္ဓာစစ်ဆေးခြင်းနှင့် ဆေးမှတ်တမ်း: ဆရာဝန်သည် လည်ပင်း၊ ချိုင်းကြားနှင့် ပေါင်ခြံတို့တွင် ပြန်ရည်ကျိတ်များ ရောင်ရမ်းခြင်း ရှိမရှိအပြင် သရက်ရွက် သို့မဟုတ် အသည်း ရောင်ရမ်းခြင်း ရှိမရှိကို စစ်ဆေးမည်ဖြစ်သည်။
  • သွေးစစ်ဆေးခြင်း: လူနာ၏ ယေဘုယျကျန်းမာရေးအခြေအနေကို သိရှိနိုင်ရန် ဓာတ်ခွဲခန်းတွင် စစ်ဆေးခြင်းဖြစ်သည်။
  • ပုံရိပ်ဖော် စစ်ဆေးခြင်းများ: ခန္ဓာကိုယ်၏ အခြားအစိတ်အပိုင်းများတွင် လင်ဖိုးမားလက္ခဏာများ ရှိမရှိ သိနိုင်ရန် X-ray၊ စီတီစကင် (CT) နှင့် PET scan တို့ကို အသုံးပြုနိုင်သည်။
  • ပြန်ရည်ကျိတ် အသားစယူခြင်း (Lymph node biopsy): ကင်ဆာလက္ခဏာများ တွေ့ရှိပါက အသားစနမူနာရယူ၍ ဓာတ်ခွဲခန်းတွင် စစ်ဆေးခြင်းဖြစ်သည်။ ၎င်းဆဲလ်များ၏ မျက်နှာပြင်ပေါ်ရှိ အမှတ်အသား (Markers) များကို ထပ်မံစစ်ဆေးခြင်းဖြင့် ဟော့ကင်လင်ဖိုးမား အမျိုးအစားကို ခွဲခြားနိုင်ပြီး ကုသမှုနည်းလမ်းကို ဆုံးဖြတ်နိုင်သည်။
  • ရိုးတွင်းခြင်ဆီ အသားစယူခြင်း (Bone marrow biopsy and aspiration): တင်ပါးဆုံရိုးအတွင်းသို့ အပ်ထည့်သွင်း၍ ရိုးတွင်းခြင်ဆီ နမူနာရယူကာ ဟော့ကင်လင်ဖိုးမားဆဲလ်များ ရှိမရှိ စစ်ဆေးခြင်းဖြစ်သည်။

ဟော့ကင်လင်ဖိုးမား အဆင့်များ

ရောဂါ၏ ပြင်းထန်မှုနှင့် ကုသမှုလိုအပ်ချက်ကို သိနိုင်ရန် အဆင့် (၁) မှ (၄) အထိ သတ်မှတ်သည်။ အဆင့်နိမ့်ပါက ရောဂါကနဦးအဆင့်ဖြစ်ပြီး ပျောက်ကင်းနိုင်ခြေ မြင့်မားသည်။ အချို့ကိစ္စများတွင် အဆင့်ကို အက္ခရာ A နှင့် B ဖြင့် ခွဲခြားသည်

  • အက္ခရာ A: လူနာတွင် စိုးရိမ်ရသော ရောဂါလက္ခဏာများ မရှိခြင်းကို ဆိုလိုသည်။
  • အက္ခရာ B: လူနာတွင် ဖျားခြင်း၊ ကိုယ်အလေးချိန်ကျခြင်းနှင့် ညဘက်ချွေးထွက်ခြင်းကဲ့သို့သော လက္ခဏာများ ရှိနေခြင်းကို ဆိုလိုသည်။

ကုသမှု (Treatment)

ဟော့ကင်လင်ဖိုးမားကို အပြီးတိုင်ပျောက်ကင်းစေရန် ရည်ရွယ်၍ ကုသသည်။

ဆေးသွင်းကုသခြင်း (Chemotherapy)

ဓာတုဆေးဝါးများ အသုံးပြု၍ လင်ဖိုးမားဆဲလ်များကို သတ်ခြင်းဖြစ်သည်။ သောက်ဆေး သို့မဟုတ် သွေးကြောသွင်းဆေးဖြင့် ကုသနိုင်သည်။ ရိုးရိုးဟော့ကင်လင်ဖိုးမား (Classical Hodgkin’s lymphoma) ကို ကုသရာတွင် ဆေးသွင်းကုသခြင်းဖြင့် စတင်လေ့ရှိပြီး ၎င်းကို ဓာတ်ရောင်ခြည်ကုထုံးနှင့် တွဲဖက်နိုင်သည်။ Nodular lymphocyte-predominant အမျိုးအစားတွင်မူ ဆေးသွင်းကုသခြင်းကို ပစ်မှတ်ထားကုထုံး၊ ဓာတ်ရောင်ခြည်ကုထုံးတို့နှင့် တွဲဖက်အသုံးပြုလေ့ရှိသည်။

ဘေးထွက်ဆိုးကျိုးများ: ပျို့အန်ခြင်းနှင့် ဆံပင်ကျွတ်ခြင်းတို့ အဖြစ်များသည်။ ရေရှည်တွင် နှလုံးရောဂါ၊ အဆုတ်ထိခိုက်ခြင်း၊ မျိုးပွားနိုင်စွမ်း ပြဿနာများနှင့် အခြားကင်ဆာများ ဖြစ်နိုင်ခြေ ရှိပါသည်။

ဓာတ်ရောင်ခြည်ဖြင့် ကုသခြင်း (Radiation therapy)

X-ray သို့မဟုတ် ပရိုတွန်ကဲ့သို့သော စွမ်းအားမြင့် လှိုင်းများကို အသုံးပြု၍ ကုသခြင်းဖြစ်သည်။ ၎င်းကို အများအားဖြင့် ဆေးသွင်းကုသခြင်းနှင့် တွဲဖက်လုပ်ဆောင်ပြီး ရောဂါဖြစ်ပွားနေသော ပြန်ရည်ကျိတ်နေရာများသို့ တိုက်ရိုက်ပစ်မှတ်ထား ကုသသည်။

ရိုးတွင်းခြင်ဆီ အစားထိုးကုသခြင်း (Bone marrow transplant)

ရောဂါပြန်ဖြစ်လာခြင်း သို့မဟုတ် အခြားကုသမှုများ မအောင်မြင်သည့်အခါ ဤနည်းလမ်းကို အသုံးပြုသည်။ လူနာ၏ ပင်မဆဲလ် (Stem cells) များကို ထုတ်ယူ သိမ်းဆည်းထားပြီးနောက် ပြင်းထန် သော ဆေးသွင်းကုထုံးဖြင့် ကင်ဆာဆဲလ်များကို သတ်သည်။ ထို့နောက် သိမ်းဆည်း ထားသော ပင်မဆဲလ်များကို ခန္ဓာကိုယ်ထဲသို့ ပြန်လည်ထည့်သွင်းပေးခြင်း ဖြစ်သည်။

အခြားကုထုံးများ

  • ပစ်မှတ်ထားကုထုံး: ကင်ဆာဆဲလ် များရှိ သတ်မှတ်ထားသော အစိတ်အပိုင်းများကို ပစ်မှတ်ထားသော ကုထုံး (Targeted therapy) ကို Nodular lymphocyte-predominant အမျိုးအစားတွင် ဆေးသွင်းကုသခြင်းနှင့် တွဲဖက်အသုံးပြုသည်။ ရိုးရိုးဟော့ကင်လင်ဖိုးမားတွင်မူ အချို့သော အခြေအနေများ၌သာ အသုံးပြုသည်။
  • ကိုယ်ခံအားမြှင့်ကုထုံး (Immunotherapy): အခြားကုသမှုများ မအောင်မြင်သည့်အခါ အသုံးပြုသည်။ ကင်ဆာဆဲလ်များက ကိုယ်ခံအားစနစ်မှ ရှောင်တိမ်းရန် ပြုလုပ်ထားသော ဖြစ်စဉ်ကို နှောင့်ယှက်ကာ ကိုယ်ခံအားစနစ်က ကင်ဆာကို တိုက်ခိုက်နိုင်အောင် ကူညီပေးသော ကုထုံးဖြစ်သည်။

Doctors who treat this condition