ပါးစပ်ကြမ်းပြင်ကင်ဆာ (ခံတွင်းကင်ဆာ)

ခြုံငုံသုံးသပ်ချက် (Overview)

ပါးစပ်ကြမ်းပြင်ကင်ဆာသည် လျှာအောက်ခြေရှိ ပါးစပ်၏ အောက်ဘက် မျက်နှာပြင်လွှာတွင်ရှိသော Squamous cells ခေါ် ပါးလွှာပြီး ပြားသော ဆဲလ်များတွင် စတင်ဖြစ်ပွားသည့် ကင်ဆာဖြစ်သည်။ ဤကင်ဆာသည် ပျောက်ကင်းခြင်းမရှိသော အနာတစ်ခု သို့မဟုတ် အကျိတ်တစ်ခုအဖြစ် စတင်တတ်သည်။ ဤကင်ဆာအမျိုးအစားအတွက် အသုံးအများဆုံး ကုသမှုများမှာ ခွဲစိတ်ခြင်း၊ ဓာတ်ရောင်ခြည်ဖြင့် ကုသခြင်းနှင့် ဆေးသွင်းကုသခြင်းတို့ ဖြစ်ကြသည်။

ရောဂါလက္ခဏာများ (Symptoms)

ပါးစပ်ကြမ်းပြင်ကင်ဆာတွင် အောက်ပါလက္ခဏာရပ်များ တွေ့ရှိရနိုင်သည် –

  • ပါးစပ်အတွင်း မပျောက်ကင်းနိုင်သော အနာဖြစ်ခြင်း။
  • ပါးစပ်အတွင်း အဖြူကွက်များ အမြဲတမ်းဖြစ်ပေါ်နေခြင်း။
  • အကြောင်းရင်းမရှိဘဲ ပါးစပ်အတွင်း သွေးထွက်ခြင်း။
  • ဝါးခြင်း၊ မျိုချခြင်း သို့မဟုတ် စကားပြောခြင်းတို့တွင် ခက်ခဲခြင်း။
  • လျှာ သို့မဟုတ် မေးရိုးကို လှုပ်ရှားရခက်ခဲခြင်း။
  • ခံတွင်းနံ့ အချိန်ကြာမြင့်စွာ နံခြင်း။
  • သွားများ လှုပ်ခြင်း။
  • နားကိုက်ခြင်း။
  • လည်ပင်း နာကျင်ခြင်းနှင့် ရောင်ရမ်းခြင်း။
  • အကြောင်းရင်းမရှိဘဲ ကိုယ်အလေးချိန် လျော့ကျခြင်း။

အကယ်၍ ဤလက္ခဏာများ ဆက်တိုက်ဖြစ်ပေါ်နေပြီး စိုးရိမ်ရပါက ဆရာဝန်နှင့် တိုင်ပင် ဆွေးနွေး ပါ။

ဖြစ်ပွားရသည့်အကြောင်းရင်းများ (Causes)

ပါးစပ်ကြမ်းပြင်ကင်ဆာသည် ကျန်းမာသော ဆဲလ်များတွင် မျိုးဗီဇပြောင်းလဲမှု (Genetic mutations) ဖြစ်ပေါ်ရာမှ စတင်သည်။ ဤမျိုးဗီဇပြောင်းလဲမှုသည် ဆဲလ်များကို ထိန်းချုပ်မရဘဲ လျင်မြန်စွာ ပွားလာစေရန် ညွှန်ကြားသည်။ အချိန်ကြာလာသည်နှင့်အမျှ ဤကင်ဆာဆဲလ်များသည် အနီးနားရှိ တစ်ရှူးများနှင့် ခန္ဓာကိုယ်၏ အခြားအစိတ်အပိုင်းများသို့ ပျံ့နှံ့သွားနိုင်သည် (Metastasize)။

ဖြစ်နိုင်ခြေပိုများစေသည့် အချက်များ (Risk factors)

ပါးစပ်ကြမ်းပြင်ကင်ဆာ ဖြစ်ပွားစေနိုင်သည့် အချက်များမှာ အောက်ပါအတိုင်းဖြစ်သည် –

  • ဆေးလိပ်သောက်ခြင်း (ဖြစ်နိုင်ခြေ အလွန်မြင့်မားစေသည်)။
  • အရက်သောက်ခြင်း (ဖြစ်နိုင်ခြေ အလွန်မြင့်မားစေသည်)။
  • Human Papillomavirus (HPV) ပိုး ကူးစက်ခံရခြင်း။
  • ကိုယ်ခံအားစနစ်ကို နှိမ်ထားသည့် ဆေးဝါးများ (Immune system suppressant) သောက်သုံးနေရခြင်း။
  • နေရောင်ကာခရင်မ် (Sunblock) မပါဘဲ နှုတ်ခမ်းများကို နေရောင်ခြည်နှင့် တိုက်ရိုက်ထိတွေ့ခြင်း။
  • မိသားစုဝင်ထဲတွင် ခံတွင်းကင်ဆာဖြစ်ဖူးသော ရာဇဝင်ရှိခြင်း။

ရောဂါရှာဖွေခြင်း (Diagnosis)

ပါးစပ်ကြမ်းပြင်ကင်ဆာကို ရောဂါရှာဖွေရန်အတွက် အောက်ပါစစ်ဆေးမှုများကို ပြုလုပ်နိုင်ပါသည်

  • ကိုယ်ခန္ဓာကို စစ်ဆေးခြင်း (Physical examination): ဆရာဝန်သည် လူနာ၏ ရောဂါလက္ခဏာများ၊ ဆေးမှတ်တမ်းများကို မေးမြန်းခြင်းနှင့် ကိုယ်ခန္ဓာကို စမ်းသပ်စစ်ဆေးခြင်းများ ပြုလုပ်မည်ဖြစ်သည်။
  • အသားစယူစစ်ဆေးခြင်း (Tissue biopsy): ပါးစပ်ကြမ်းပြင်ရှိ ကင်ဆာဟု သံသယရှိသော တစ်ရှူးနမူနာကို ရယူ၍ ကင်ဆာဆဲလ် ရှိမရှိ ဓာတ်ခွဲခန်းသို့ ပို့ဆောင်စစ်ဆေးမည်ဖြစ်သည်။
  • ပုံရိပ်ဖော် စစ်ဆေးခြင်းများ (Imaging tests): ကင်ဆာ၏ ပမာဏနှင့် ပျံ့နှံ့မှုရှိမရှိ သိရှိနိုင်ရန် စီတီစကင် (CT scan)၊ အမ်အာအိုင် (MRI) နှင့် PET scan တို့ကို ပြုလုပ်ရန် အကြံပြုနိုင်ပါသည်။
  • ကျွမ်းကျင်ပညာရှင်များနှင့် တိုင်ပင်ဆွေးနွေးခြင်း: ရောဂါအခြေအနေကို သုံးသပ်နိုင်ရန် အာဟာရဆိုင်ရာ ကျွမ်းကျင်သူ၊ စကားပြောကုထုံး ပညာရှင်နှင့် အစာမျိုခြင်းဆိုင်ရာ ကုထုံးပညာရှင်များနှင့် တိုင်ပင်ရန် အကြံပြုနိုင်ပါသည်။

ကုသမှု (Treatment)

ပါးစပ်ကြမ်းပြင်ကင်ဆာအတွက် အောက်ပါကုသမှုနည်းလမ်းများ ရှိပါသည် –

  • ခွဲစိတ်ကုသခြင်း (Surgery): ကင်ဆာကျိတ်ကို ဖယ်ရှားရန် ခွဲစိတ်မှု ပြုလုပ်နိုင်ပြီး ခွဲစိတ်မှုပမာဏမှာ ကင်ဆာ၏ အရွယ်အစား၊ အမျိုးအစား၊ တည်နေရာနှင့် ပျံ့နှံ့မှုအပေါ်တွင် မူတည်ပါသည်။ ထို့ပြင် ပြန်ရည်ကျိတ်များသို့ ပျံ့နှံ့မှုရှိပါက ၎င်းတို့ကိုလည်း ဖယ်ရှား၍ ဓာတ်ခွဲစစ်ဆေးမည်ဖြစ်သည်။
  • ဓာတ်ရောင်ခြည်ဖြင့် ကုသခြင်း (Radiation therapy): X-ray သို့မဟုတ် ပရိုတွန် (Protons) ကဲ့သို့သော စွမ်းအားမြင့် လှိုင်းများကို အသုံးပြု၍ ကင်ဆာဆဲလ်များကို ဖျက်ဆီးခြင်းဖြစ်သည်။ ကင်ဆာအကျိတ် သေးငယ်ပါက ဤနည်းလမ်းကို အသုံးပြုနိုင်ပြီး ခွဲစိတ်မှုအပြီး ကျန်ရှိသော ကင်ဆာဆဲလ်များကို သတ်ရန်လည်း အသုံးပြုနိုင်ပါသည်။
  • ဆေးသွင်းကုသခြင်း (Chemotherapy): ကင်ဆာဆဲလ်များကို သတ်ရန် ဆေးဝါးများ အသုံးပြုခြင်းဖြစ်သည်။ အများအားဖြင့် ခွဲစိတ်မှုအပြီး ကျန်ရှိနေသော ကင်ဆာဆဲလ်များကို သတ်ရန် သို့မဟုတ် ဓာတ်ရောင်ခြည်ဖြင့် ကုသခြင်းနှင့် တွဲဖက်၍ အသုံးပြုပါသည်။
  • Photodynamic therapy: ကင်ဆာဆဲလ်များကို လေဆာ (စွမ်းအားမြင့် အလင်းလှိုင်း) ဖြင့် အလွယ်တကူ ဖျက်ဆီးနိုင်ရန် ဆေးဝါးများကို အသုံးပြု၍ ဆဲလ်များ အားနည်းသွားအောင် ပြုလုပ်ခြင်းဖြစ်သည်။
  • ပြန်လည်ပြုပြင်ခြင်းဆိုင်ရာ ခွဲစိတ်မှု (Reconstructive surgery): အချို့သော အခြေအနေများတွင် ပါးစပ်၏ လုပ်ဆောင်ချက်များကို ဆက်လက်ထိန်းသိမ်းနိုင်ရန် ကင်ဆာအကျိတ် အနေအထားပေါ် မူတည်၍ ပုံသဏ္ဍာန် ပြန်လည်ပြုပြင်သည့် ခွဲစိတ်မှု ပြုလုပ်နိုင်ပါသည်။
  • ပြန်လည်သန်စွမ်းရေး ကုထုံးများ (Rehabilitation): ခွဲစိတ်မှု သို့မဟုတ် ဓာတ်ရောင်ခြည် ကုသမှုများအပြီး ခန္ဓာကိုယ်၏ လုပ်ဆောင်ချက်များနှင့် အခြေခံလိုအပ်ချက်များ ပြန်လည်ကောင်းမွန်လာစေရန် စကားပြောကုထုံး၊ အစာမျိုကုထုံး၊ အစားအသောက်ဆိုင်ရာ ကုထုံး၊ ကာယကုထုံး (Physical therapy) နှင့် လုပ်ငန်းခွင်ဆိုင်ရာ ကုထုံး (Occupational therapy) တို့ လိုအပ်နိုင်ပါသည်။

Doctors who treat this condition