အကြိမ်ကြိမ် အန်ခြင်းလက္ခဏာစု
ခြုံငုံသုံးသပ်ချက်
Cyclic vomiting syndrome (CVS) သို့မဟုတ် အကြိမ်ကြိမ် အန်ခြင်းလက္ခဏာစုသည် သိသာထင်ရှားသော အကြောင်းရင်းတစ်စုံတစ်ရာမရှိဘဲ ပြင်းထန်စွာ ပျို့အန်ခြင်းနှင့် အလွန်အမင်း နုံးချိခြင်းတို့ကို ရုတ်တရက် အဖန်ဖန် ခံစားရတတ်သော ကျန်းမာရေးအခြေအနေတစ်ခုဖြစ်သည်။ အဆိုပါ လက္ခဏာများသည် နာရီပိုင်းမှ ရက်အနည်းငယ်အထိ ကြာမြင့်နိုင်ပြီး လှဲလျောင်းအနားယူရန် သို့မဟုတ် ဆေးကုသမှု ခံယူရန်အထိ ပြင်းထန်တတ်သည်။ များသောအားဖြင့် ထိုသို့အန်ခြင်းမှာ နံနက်စောစောအချိန်များတွင် စတင်လေ့ရှိသည်။ အန်သည့်အခြေအနေ ပြီးဆုံးသွားပါက ခံစားရသူများသည် ပုံမှန်ကျန်းမာရေးအခြေအနေသို့ ပြန်လည်ရောက်ရှိသွားလေ့ရှိသည်။
ဤလက္ခဏာစုသည် အသက်အရွယ်မရွေး ဖြစ်ပွားနိုင်သော်လည်း အသက် ၃ နှစ်မှ ၇ နှစ်ကြား ကလေးများတွင် အဖြစ်များသည်။ ကလေးများတွင် ပိုမိုတွေ့ရသော်လည်း လက်ရှိတွင် လူကြီးများ၌လည်း ရောဂါရှာဖွေတွေ့ရှိမှု ပိုမိုများပြားလာသည်။
အန်ခြင်းသည် အခြားသော ရောဂါများစွာတွင်လည်း တွေ့ရသည့် လက္ခဏာဖြစ်သောကြောင့် ဤလက္ခဏာစုကို ရောဂါရှာဖွေအတည်ပြုရန် ခဲယဉ်းတတ်သည်။ ကုသမှုတွင် အန်ခြင်းကို ဖြစ်စေနိုင်သော အချက်များကို လျှော့ချရန် နေထိုင်မှုပုံစံ ပြောင်းလဲခြင်းများ ပါဝင်သည်။ ထို့အပြင် ကျန်းမာရေးစောင့်ရှောက်မှုပေးသူများက လက္ခဏာများ သက်သာစေရန် ပျို့အန်ပျောက်ဆေးများနှင့် မိုင်ဂရိန်း (ခေါင်းတခြမ်းကိုက်) ကုသဆေးများကို ညွှန်ကြားနိုင်ပါသည်။
ရောဂါလက္ခဏာများ
ဤလက္ခဏာစုသည် များသောအားဖြင့် နံနက်ပိုင်းတွင် ဖြစ်ပွားတတ်ပြီး အချိန်ကာလနှင့် ကြာမြင့်ချိန် တူညီသော အန်ခြင်းကို သုံးကြိမ် သို့မဟုတ် သုံးကြိမ်ထက်ပို၍ အကြိမ်ကြိမ် ခံစားရလေ့ရှိသည်။ အန်သည့်အကြိမ်များကြားတွင် ပျို့ခြင်းမရှိဘဲ ပုံမှန်အတိုင်း ကျန်းမာနေတတ်သည်။ အန်ခြင်းမစတင်မီ ပြင်းထန်စွာ ပျို့ခြင်းနှင့် ချွေးထွက်ခြင်းတို့ ဖြစ်ပေါ်တတ်သည်။
အန်နေစဉ်အတွင်း အောက်ပါလက္ခဏာများကိုလည်း တွဲဖက်ခံစားရနိုင်သည် –
- ဗိုက်အောင့်ခြင်း
- ဝမ်းလျှောခြင်း
- မူးဝေခြင်း
- အလင်းရောင် မခံနိုင်ခြင်း
- ခေါင်းကိုက်ခြင်း
- ပျို့အန်ခြင်း သို့မဟုတ် ဂယောင်ခြောက်ခြားဖြစ်ခြင်း
အန်ဖတ်တွင် သွေးပါလာပါက ဆရာဝန်နှင့် ပြသပါ။ အချိန်ကြာမြင့်စွာ အန်ခြင်းကြောင့် အန္တရာယ်ရှိသော ရေဓာတ်ခမ်းခြောက်မှု ဖြစ်ပေါ်နိုင်သည်။ အကယ်၍ သင် သို့မဟုတ် သင့်ကလေးတွင် အောက်ပါ ရေဓာတ်ခမ်းခြောက်သည့် လက္ခဏာများ ပြလာပါက ဆေးကုသမှု အမြန်ခံယူပါ –
- အလွန်အမင်း ရေငတ်ခြင်း သို့မဟုတ် ခံတွင်းခြောက်ခြင်း
- ဆီးသွားနည်းခြင်း
- အရေပြား ခြောက်သွေ့ခြင်း
- မျက်တွင်းချိုင့်ခြင်း သို့မဟုတ် ပါးချိုင့်ဝင်ခြင်း
- ငိုသည့်အခါ မျက်ရည်မထွက်ခြင်း
ဖြစ်ပွားရသည့် အကြောင်းရင်းများ
ဤလက္ခဏာစု၏ တိကျသော အကြောင်းရင်းကို မသိရသေးပါ။ မျိုးရိုးဗီဇ၊ အစာခြေစနစ် ပြဿနာများ၊ အာရုံကြောစနစ် ကမောက်ကမဖြစ်ခြင်းနှင့် ဟော်မုန်းမမျှတခြင်းတို့ကြောင့် ဖြစ်နိုင်သည်ဟု ယူဆကြသည်။ အန်ခြင်းကို အောက်ပါအချက်များက လှုံ့ဆော်ပေးနိုင်သည် –
- အအေးမိခြင်း၊ ဓာတ်မတည့်ခြင်း သို့မဟုတ် နှာခေါင်းနှင့် အသက်ရှူလမ်းကြောင်းဆိုင်ရာ ပြဿနာများ။
- စိတ်ဖိစီးမှု သို့မဟုတ် စိတ်လှုပ်ရှားမှု (အထူးသဖြင့် ကလေးများတွင်)။
- စိုးရိမ်ပူပန်ခြင်း သို့မဟုတ် ထိတ်လန့်တုန်လှုပ်ခြင်း (အထူးသဖြင့် လူကြီးများတွင်)။
- အရက်၊ ကဖင်း၊ ချောကလက် သို့မဟုတ် ဒိန်ခဲကဲ့သို့သော အစားအစာနှင့် သောက်စရာများ။
- အစားအလွန်အမင်းစားခြင်း၊ အိပ်ခါနီးမှ စားခြင်း သို့မဟုတ် အစာငတ်ခံခြင်း။
- ပူပြင်းသော ရာသီဥတုနှင့် ထိတွေ့ခြင်း။
- ခန္ဓာကိုယ် ပင်ပန်းနွမ်းနယ်ခြင်း။
- ကိုယ်လက်လှုပ်ရှားမှု အလွန်အမင်း ပြုလုပ်ခြင်း။
- ရာသီလာခြင်း။
- ယာဉ်မူးခြင်း။
အန်ခြင်းကို ဖြစ်စေသော အဆိုပါအချက်များကို သိရှိထားခြင်းက ဤရောဂါကို ထိရောက်စွာ စီမံခန့်ခွဲနိုင်ရန် အထောက်အကူပြုသည်။
ဖြစ်နိုင်ခြေရှိသော အချက်များ
မိုင်ဂရိန်း (ခေါင်းတခြမ်းကိုက်ခြင်း) နှင့် ဤလက္ခဏာစုကြား ဆက်နွှယ်မှုကို အပြည့်အဝ မသိရသေးသော်လည်း ဤရောဂါရှိသော ကလေးအများစုသည် မိသားစုတွင် မိုင်ဂရိန်း ရာဇဝင်ရှိခြင်း သို့မဟုတ် ကြီးလာသည့်အခါ မိုင်ဂရိန်း ဖြစ်လာခြင်းတို့ကို တွေ့ရတတ်သည်။ လူကြီးများတွင်လည်း ကိုယ်တိုင် သို့မဟုတ် မိသားစုအတွင်း မိုင်ဂရိန်း ခံစားရဖူးခြင်းနှင့် ဆက်စပ်နေတတ်သည်။ ထို့အပြင် ဆေးခြောက်ကို နာတာရှည် အသုံးပြုခြင်းသည်လည်း အန်ခြင်းကို သက်သာစေရန် သုံးစွဲရာမှ ဤလက္ခဏာစုနှင့် ဆက်စပ်သွားတတ်သည်။ သို့သော် ဆေးခြောက်ကို ကြာရှည်သုံးစွဲခြင်းက ကြားဖြတ်နားချိန်မရှိဘဲ ဆက်တိုက်အန်ခြင်းနှင့် ခဏခဏ ရေချိုးတတ်သော အလေ့အထရှိသည့် Cannabis hyperemesis syndrome ကို ဖြစ်စေနိုင်ပါသည်။ ဤအခြေအနေနှစ်ခုကို ခွဲခြားနိုင်ရန် အန်တတ်သူများသည် ဆေးခြောက်သုံးစွဲခြင်းကို တစ်ပတ်မှ နှစ်ပတ်အထိ ဖြတ်ထားသင့်ပြီး၊ ထိုသို့ဖြတ်ထားပါလျက်နှင့် ဆက်လက်အန်နေပါက ဆရာဝန်များက Cyclic vomiting syndrome ဟုတ်၊ မဟုတ် ဆက်လက်စစ်ဆေးပါလိမ့်မည်။
ရောဂါရှာဖွေခြင်း
အကြိမ်ကြိမ် အန်ခြင်းလက္ခဏာစု (Cyclic vomiting syndrome) ကို အတည်ပြုရန် သီးသန့်စစ်ဆေးမှု မရှိခြင်းကြောင့်လည်းကောင်း၊ အန်ခြင်းသည် အခြားသော ရောဂါများစွာတွင်လည်း တွေ့ရသည့် လက္ခဏာဖြစ်သောကြောင့်လည်းကောင်း ရောဂါရှာဖွေရန် ခဲယဉ်းတတ်သည်။ ထို့ကြောင့် အခြားသော ရောဂါများ မဟုတ်ကြောင်းကို အရင်ဆုံး စစ်ဆေးဖယ်ထုတ်ရန် လိုအပ်ပါသည်။
ကျန်းမာရေးစောင့်ရှောက်မှုပေးသူသည် လူနာ၏ ကျန်းမာရေးရာဇဝင်ကို မေးမြန်းခြင်းနှင့် ရုပ်ပိုင်းဆိုင်ရာ စစ်ဆေးခြင်းတို့ကို စတင်လုပ်ဆောင်ပါလိမ့်မည်။ ထို့အပြင် ရောဂါလက္ခဏာများ အကြိမ်ကြိမ် ဖြစ်ပွားနေသည့် ပုံစံနှင့် ပတ်သက်သော အချက်အလက်များကိုလည်း မေးမြန်းပါလိမ့်မည်။
၎င်းနောက် ကျန်းမာရေးစောင့်ရှောက်မှုပေးသူက အောက်ပါတို့ကို လုပ်ဆောင်ရန် အကြံပြုနိုင်သည်
- ပုံရိပ်ဖော် စစ်ဆေးမှုများ – အစာခြေစနစ်အတွင်း ပိတ်ဆို့နေမှုများ ရှိ၊ မရှိ သို့မဟုတ် အခြားသော အစာခြေစနစ်ဆိုင်ရာ ရောဂါလက္ခဏာများ ရှိ၊ မရှိ သိရှိနိုင်ရန် မှန်ပြောင်းကြည့်ခြင်း (Endoscopy)၊ တယ်လီဗေးရှင်းဓာတ်မှန် (Ultrasound) သို့မဟုတ် ကွန်ပျူတာဓာတ်မှန် (CT scan) တို့ဖြင့် စစ်ဆေးခြင်း။
- အစာခြေစနစ် လှုပ်ရှားမှု စစ်ဆေးခြင်း – အစာခြေစနစ်အတွင်း အစားအစာများ ဖြတ်သန်းသွားလာမှု ပုံစံကို ကြည့်ရှုရန်နှင့် ဖြစ်နိုင်ခြေရှိသော အစာခြေစနစ်ဆိုင်ရာ ဝေဒနာများကို သိရှိနိုင်ရန် စစ်ဆေးခြင်း။
- ဓာတ်ခွဲခန်း စစ်ဆေးမှုများ – လည်ပင်းကြီးဟော်မုန်း (Thyroid) ပုံမှန်မဟုတ်ခြင်းနှင့် အခြားသော ဇီဝကမ္မဖြစ်စဉ်ဆိုင်ရာ အခြေအနေများကို စစ်ဆေးခြင်း။
ကုသမှု
လက်ရှိတွင် အကြိမ်ကြိမ် အန်ခြင်းလက္ခဏာစု (CVS) ကို အမြစ်ပြတ်ပျောက်ကင်းအောင် ကုသနိုင်သည့် နည်းလမ်း မရှိသေးပါ။ သို့သော် ဤဝေဒနာ ခံစားနေရသူ အများစုသည် အရွယ်ရောက်လာသည့်အခါ အန်သည့် အကြိမ်အရေအတွက် လျော့နည်းသွားလေ့ရှိသည်။ ရောဂါလက္ခဏာများ ပေါ်ပေါက်လာသည့်အခါ ကုသမှု၏ အဓိက ရည်မှန်းချက်မှာ ခံစားရသော လက္ခဏာများကို သက်သာစေရန်နှင့် ထိန်းချုပ်ရန် ဖြစ်သည်။
ကလေး သို့မဟုတ် လူကြီးဖြစ်စေ လူနာများအတွက် အောက်ပါဆေးဝါးများကို ညွှန်ကြားနိုင်သည် –
- ပျို့အန်ပျောက်ဆေးများ
- နာကျင်မှု ဝေဒနာ သက်သာစေသော ဆေးများ
- အစာအိမ်အက်ဆစ် ထွက်ရှိမှုကို လျှော့ချပေးသော ဆေးများ
- စိတ်ကျရောဂါ ကုသဆေးများ
- အတက်ကျဆေးများ
အန်ခြင်း မကြာခဏဖြစ်ပြီး အချိန်ကြာမြင့်သူများ သို့မဟုတ် မိသားစုအတွင်း မိုင်ဂရိန်း (ခေါင်းတခြမ်းကိုက်ခြင်း) ရာဇဝင်ရှိသူများအတွက် မိုင်ဂရိန်း ကုသရာတွင် အသုံးပြုလေ့ရှိသော ဆေးဝါးများကို သုံးစွဲရန် ကျန်းမာရေးစောင့်ရှောက်မှုပေးသူများက အကြံပြုနိုင်ပါသည်။ ဤဆေးဝါးများသည် တစ်ခါတစ်ရံတွင် အန်ခြင်းကို ရပ်တန့်စေရန် သို့မဟုတ် မဖြစ်အောင် ကာကွယ်ရန် ကူညီပေးနိုင်သည်။
ပြင်းထန်စွာ ရေဓာတ်ခမ်းခြောက်နိုင်ခြေရှိသော အခြေအနေများတွင် လိုအပ်သော ရေဓာတ်ပမာဏ ပြည့်ဝနေစေရန် အကြောဆေးရည် (IV fluids) သွင်းပေးခြင်းဖြင့် ကုသနိုင်ပါသည်။ ကုသမှု အစီအစဉ်များသည် လက္ခဏာများ၏ ပြင်းထန်မှု၊ ကြာမြင့်ချိန်နှင့် အခြားသော နောက်ဆက်တွဲ ပြဿနာများ ရှိ၊ မရှိအပေါ် မူတည်၍ လူနာတစ်ဦးချင်းစီအတွက် ကွဲပြားနိုင်ပါသည်။
