ခြုံငုံသုံးသပ်ချက်

ဆီးအိမ်သည် ပုံမှန်ရှိရမည့်နေရာမှ လျော့ကျပြီး မိန်းမကိုယ်နံရံကို ဖိမိရာမှ ဆီးအိမ်ကျွံခြင်း ဖြစ်ပွားတတ်သည်။ ၎င်းကို မိန်းမကိုယ်ရှေ့ဘက်ခြမ်း နံရံကျွံခြင်း သို့မဟုတ် ဆီးအိမ်ကျွံခြင်း ဟုလည်း ခေါ်ဆိုကြသည်။ ပုံမှန်အားဖြင့် တင်ပါးဆုံကြွက်သားများနှင့် တွယ်ဆက်တစ်ရှူးများသည် ဆီးအိမ်၊ သားအိမ်နှင့် အူလမ်းကြောင်းတို့အပါအဝင် တင်ပါးဆုံအတွင်းရှိ အင်္ဂါများကို ထိန်းမတ် ပေးထားသည်။ မိန်းမကိုယ်မှတစ်ဆင့် ကလေးမွေးဖွားခြင်း၊ နာတာရှည် ဝမ်းချုပ်ခြင်း၊ နာတာရှည် ချောင်းဆိုးခြင်း သို့မဟုတ် အလေးအပင် မခြင်းတို့သည် တင်ပါးဆုံကြွက်သားများကို အားနည်း စေခြင်း သို့မဟုတ် ဆွဲဆန့်သကဲ့သို့ ဖြစ်စေနိုင်သောကြောင့် ဆီးအိမ်ကျွံနိုင်ခြေကို ပိုမိုမြင့်မား စေသည်။ ဆီးအိမ်ကျွံခြင်းအတွက် ကုသမှုများစွာ ရှိပါသည်။ အခြေအနေ အနည်းငယ် သို့မဟုတ် အသင့်အတင့် ကျွံခြင်းအတွက် ခွဲစိတ်ရန်မလိုသော ကုသမှုများမှာ များသောအားဖြင့် ထိရောက်မှု ရှိသည်။ ပြင်းထန်စွာ ကျွံသည့်အခြေအနေတွင်မူ မိန်းမကိုယ်နှင့် အခြားတင်ပါးဆုံအင်္ဂါများကို ၎င်းတို့၏ မူလနေရာတွင် ပြန်လည်ရှိနေစေရန် ခွဲစိတ်ကုသမှု ခံယူရန် လိုအပ်နိုင်ပါသည်။ ဆီးအိမ် ကျွံခြင်း မည်မျှပြင်းထန်သည်ကို ဆရာဝန်များက အဆင့်သတ်မှတ်ချက်များဖြင့် ပိုင်းခြား သတ်မှတ် လေ့ရှိသည်။

  • အဆင့် ၁ – ဆီးအိမ်သည် မိန်းမကိုယ်အတွင်းသို့ အနည်းငယ်သာ ဝင်ရောက် နေခြင်း ဖြစ်သည်။ ဤအဆင့်ကို အပျော့စားဟု သတ်မှတ်သည်။
  • အဆင့် ၂ – ဆီးအိမ်သည် မိန်းမကိုယ် အဝ နား အထိ နီးကပ်စွာ လျော့ကျလာခြင်းဖြစ်သည်။ ဤအဆင့်မှာ အသင့်အတင့် ဖြစ်ပွားခြင်း ဖြစ်သည်။
  • အဆင့် ၃ – ဆီးအိမ်သည် မိန်းမကိုယ်ဝအပြင်ဘက်အထိ ရောက်ရှိလာပြီး ဖောင်းထွက် နေခြင်း ဖြစ်သည်။ ဤအဆင့်မှာ ပြင်းထန်သော အခြေအနေဖြစ်သည်။

ရောဂါလက္ခဏာများ

လူနာအနေဖြင့် ဆီးအိမ်ကျွံခြင်းနှင့် ပတ်သက်သည့် မည်သည့်လက္ခဏာမျှ မခံစားရခြင်း သို့မဟုတ် မတွေ့ရှိခြင်းမျိုးလည်း ရှိနိုင်သည်။ လက္ခဏာများ ပေါ်ပေါက်လာပါက အောက်ပါတို့ ပါဝင်နိုင်သည် – တင်ပါးဆုံနှင့် မိန်းမကိုယ်တွင် တင်းကျပ်ခြင်း သို့မဟုတ် ပြည့်အောင့်နေသကဲ့သို့ ခံစားရခြင်း မိန်းမကိုယ်တွင် အလုံးတစ်ခု ဖောင်းထွက်နေသကဲ့သို့ ခံစားရခြင်း အားစိုက်ရခြင်း၊ ချောင်းဆိုးခြင်း၊ ညှစ်ခြင်း သို့မဟုတ် အလေးအပင်မသည့်အခါ တင်ပါးဆုံတွင် ဖိအားတစ်ခု ခံစားရခြင်း ဆီးမထိန်းနိုင်ခြင်း ဆီးခဏခဏ သွားလိုခြင်း ဆီးလမ်းကြောင်းပိုးဝင်ခြင်း မကြာခဏ ဖြစ်ပွားခြင်း အဆိုပါ လက္ခဏာများသည် အချိန်ကြာမြင့်စွာ မတ်တပ်ရပ်ခြင်း၊ အလေးအပင် မခြင်းနှင့် ချောင်းဆိုးခြင်းတို့ ပြုလုပ်သည့်အခါ ပိုမိုဆိုးရွားနိုင်ပြီး၊ လှဲလျောင်းနေသည့်အချိန်တွင် သက်သာသွားလေ့ရှိသည်။ ဆီးအိမ်ကျွံခြင်းကို ကုသမှုမခံယူဘဲ ထားရှိပါက အဆင်မပြေမှုများ ဖြစ်ပေါ်စေနိုင်သည့်အပြင် ဆီးအိမ်ပိုးဝင်ခြင်းကိုလည်း ဖြစ်စေနိုင်သည်။ အကယ်၍ လူနာအနေဖြင့် နေ့စဉ်လူနေမှုဘဝကို ထိခိုက်နှောင့်ယှက်နိုင်သော လက္ခဏာများ ခံစားလာရပါက ကျန်းမာရေး စောင့်ရှောက်မှု ကျွမ်းကျင်ပညာရှင်နှင့် တိုင်ပင်ဆွေးနွေးရန် အကြံပြုအပ်ပါသည်။

ဖြစ်ပွားရသည့် အကြောင်းရင်းများ

တင်ပါးဆုံကြွက်သားများ၊ အရွတ်များနှင့် တွယ်ဆက်တစ်ရှူးများသည် ဆီးအိမ်နှင့် အခြားတင်ပါးဆုံအင်္ဂါများကို ထိန်းမတ်ပေးထားသော်လည်း အချိန်ကြာလာသည်နှင့်အမျှ သော်လည်းကောင်း၊ ကလေးမွေးဖွားစဉ် ထိခိုက်ဒဏ်ရာရခြင်း သို့မဟုတ် ဖိအားများ အဆက်မပြတ် ခံစားရခြင်းတို့ကြောင့် သော်လည်းကောင်း လျော့ရဲလာတတ်သည်။ ထိုအခါ ဆီးအိမ်သည် ပုံမှန်ထက် နိမ့်ကျသွားပြီး မိန်းမကိုယ်အတွင်းသို့ ဖောင်းထွက်လာခြင်းဖြစ်သည်။ တင်ပါးဆုံကြွက်သားများကို အားနည်းစေသည့် အချက်များတွင် အောက်ပါတို့ ပါဝင်သည် – ကိုယ်ဝန်ဆောင်ခြင်းနှင့် မိန်းမကိုယ် မှ တစ်ဆင့် ကလေးမွေးဖွားခြင်း တင်ပါးဆုံ ခွဲစိတ်မှု ရာဇဝင်ရှိခြင်း (ဥပမာ – သားအိမ် ထုတ်ခြင်း သို့မဟုတ် တင်ပါးဆုံအင်္ဂါကျွံခြင်းကို ပြုပြင်သည့် ခွဲစိတ်မှု) အဝလွန်ခြင်း သို့မဟုတ် ကိုယ်အလေးချိန် အလွန်အမင်း များခြင်း အလေးအပင်များကို မကြာခဏ ပြင်းထန်စွာ မခြင်း ဝမ်းသွားသည့်အခါ ညှစ်ရခြင်း မကြာခဏ ချောင်းဆိုးခြင်း သို့မဟုတ် လေပြွန်ရောင်ခြင်း

ဖြစ်နိုင်ခြေရှိသော အချက်များ

အောက်ပါအချက်များသည် ဆီးအိမ်ကျွံခြင်း ဖြစ်ပွားနိုင်ခြေကို ပိုမိုမြင့်မားစေသည် – ကိုယ်ဝန်ဆောင်ခြင်းနှင့် ကလေးမွေးဖွားခြင်း – မိန်းမကိုယ်မှတစ်ဆင့် ကလေးမွေးဖွားသူများ၊ ကိရိယာ အကူအညီဖြင့် မွေးဖွားသူများ၊ ကိုယ်ဝန်အကြိမ်ကြိမ် ဆောင်ဖူးသူများ သို့မဟုတ် ကိုယ်အလေးချိန်များသော ကလေး မွေးဖွားဖူးသူများတွင် ပိုမိုဖြစ်ပွားနိုင်သည်။ အသက်အရွယ် – အသက်ကြီးလာသည်နှင့်အမျှ ခန္ဓာကိုယ်မှ အီစထရိုဂျင် ဟော်မုန်း ထုတ်လုပ်မှု လျော့နည်းလာပြီး (အထူးသဖြင့် သွေးဆုံးပြီးနောက်ပိုင်း) တင်ပါးဆုံကြွက်သားများ အားနည်းခြင်းကို ဖြစ်စေသည်။ သားအိမ်ထုတ်ခြင်း – အချို့သောအခြေအနေများတွင် သားအိမ်ကို ခွဲစိတ်ထုတ်ယူခြင်းသည် တင်ပါးဆုံကြွက်သားများကို အားနည်းစေနိုင်သည်။ မျိုးရိုးဗီဇ – အချို့သောအမျိုးသမီးများတွင် မွေးရာပါ တွယ်ဆက်တစ်ရှူးများ အားနည်းခြင်းကြောင့် ဆီးအိမ်ကျွံနိုင်ခြေ ပိုများတတ်သည်။ အဝလွန်ခြင်း – အဝလွန်သူ သို့မဟုတ် ကိုယ်အလေးချိန် အလွန်အမင်း များသောအမျိုးသမီးများတွင် ဆီးအိမ်ကျွံခြင်း ပိုမိုဖြစ်ပွားနိုင်သည်။

ရောဂါရှာဖွေခြင်း

ဆီးအိမ်ကျွံခြင်း ရှိ၊ မရှိ သိရှိနိုင်ရန် ကျန်းမာရေးစောင့်ရှောက်မှုပေးသူက ရုပ်ပိုင်းဆိုင်ရာ စစ်ဆေးခြင်းနှင့် တင်ပါးဆုံပိုင်းကို စစ်ဆေးခြင်းအပြင် အောက်ပါအချက်များကို ဆက်လက်လုပ်ဆောင်ပါလိမ့်မည် –

  • တင်ပါးဆုံပိုင်း စစ်ဆေးခြင်း – စစ်ဆေးနေစဉ်အတွင်း မိန်းမကိုယ်ထဲသို့ တစ်ရှူးများ ဖောင်းထွက်နေခြင်းသည် တင်ပါးဆုံအင်္ဂါကျွံခြင်း၏ လက္ခဏာတစ်ခု ဖြစ်နိုင်သည်။ ကျွံနေသည့်အခြေအနေကို သေချာစွာ သိရှိနိုင်ရန် ဆရာဝန်က လူနာအား ဝမ်းညှစ်သကဲ့သို့ ညှစ်ခိုင်းခြင်း သို့မဟုတ် ဆီးသွားနေစဉ် ရုတ်တရက် ရပ်လိုက်သကဲ့သို့ တင်ပါးဆုံကြွက်သားများကို ကျုံ့ခိုင်းခြင်းဖြင့် ထိုကြွက်သားများ၏ သန်မာမှုကို တိုင်းတာစစ်ဆေးပါလိမ့်မည်။
  • ဆီးအိမ်နှင့် ဆီးစစ်ဆေးမှုများ – ဆီးအိမ်အတွင်းရှိ ဆီးများ ကုန်စင်အောင် စွန့်ထုတ်နိုင်စွမ်း ရှိ၊ မရှိကို စစ်ဆေးခြင်းဖြစ်သည်။ ဆီးသွားပြီးသည့်တိုင်အောင် ဆီးအိမ်အတွင်း၌ ပုံမှန်ထက်ပို၍ ဆီးများ ကျန်ရှိနေခြင်း ရှိ၊ မရှိကို ဤစစ်ဆေးမှုက ဖော်ပြပေးပါမည်။ ထို့အပြင် ဆီးလမ်းကြောင်း ပိုးဝင်ခြင်း ရှိ၊ မရှိ သိရှိနိုင်ရန် ဆီးနမူနာကိုလည်း စစ်ဆေးနိုင်ပါသည်။
  • ဆီးလမ်းကြောင်းနှင့် ဆီးအိမ်အား ဓာတ်မှန်ရိုက်ခြင်း (Cystourethrogram) – လူနာ ဆီးသွားနေစဉ်အတွင်း ဆီးအိမ်ကို ဓာတ်မှန်ရိုက်ခြင်းဖြစ်ပြီး ဆီးအိမ်နှင့် ဆီးပြွန်အတွင်းသို့ ဆေးရည်တစ်မျိုး ထိုးထည့်၍ စစ်ဆေးခြင်းဖြစ်သည်။ ၎င်းသည် ဆီးအိမ်၏ ပုံသဏ္ဌာန်နှင့် ပိတ်ဆို့နေမှုများကို ဖော်ပြပေးသည်။

ကုသမှု

ဆီးအိမ်ကျွံခြင်းသည် မည်သည့်လက္ခဏာမျှ မပြခြင်း သို့မဟုတ် နေ့စဉ်ဘဝကို ထိခိုက်မှုမရှိပါက ကုသမှုခံယူရန် မလိုအပ်ပါ။ ရောဂါအခြေအနေ ပိုမိုဆိုးရွားလာခြင်း ရှိ၊ မရှိ စောင့်ကြည့်ရန် ဆရာဝန်က အကြံပြုပါလိမ့်မည်။

ရောဂါလက္ခဏာများ ရှိလာပါက ရောဂါ၏ ပြင်းထန်မှုအဆင့်နှင့် ဆီးမထိန်းနိုင်ခြင်း သို့မဟုတ် အခြားသော တင်ပါးဆုံအင်္ဂါကျွံခြင်းများ ရှိ၊ မရှိအပေါ် မူတည်၍ ကုသမှုပေးပါလိမ့်မည်။

ခွဲစိတ်ရန်မလိုသော ကုသမှုများ –

  • ကီဂယ်လေ့ကျင့်ခန်း (Kegel exercises) – တင်ပါးဆုံကြွက်သားများ သန်မာစေရန် ပြုလုပ်ရသော လေ့ကျင့်ခန်းဖြစ်ပြီး ဆီးအိမ်နှင့် အခြားတင်ပါးဆုံအင်္ဂါများကို ပိုမို ထိရောက်စွာ ထိန်းမတ်ပေးနိုင်ရန် ကူညီပေးသည်။ လေ့ကျင့်ခန်းကို မှန်ကန်စွာ လုပ်ဆောင် နိုင်ရန် ဆရာဝန် သို့မဟုတ် ကာယကုထုံးပညာရှင်၏ လမ်းညွှန်မှု လိုအပ်ပါသည်။ စောင့်ကြည့် စစ်ဆေးသည့် ကိရိယာများကို အသုံးပြုခြင်းဖြင့် မှန်ကန်သော ကြွက်သား များကို လိုအပ်သည့် အချိန်ပမာဏနှင့် ပြင်းအားအတိုင်း အသုံးပြုနိုင်ရန် ကူညီပေးသည်။ ကီဂယ်လေ့ကျင့်ခန်းသည် ရောဂါလက္ခဏာများကို သက်သာစေသော်လည်း ကျွံနေသည့် အရွယ်အစားကိုမူ သေးငယ်သွားစေမည် မဟုတ်ပါ။
  • မိန်းမကိုယ်အတွင်း ထည့်ရသော ကိရိယာ (Vaginal pessary) – ၎င်းသည် ပလတ်စတစ် သို့မဟုတ် ရော်ဘာဖြင့် ပြုလုပ်ထားသော ကွင်းပုံစံကိရိယာဖြစ်ပြီး ဆီးအိမ်ကို နေရာတကျ ရှိနေစေရန် မိန်းမကိုယ်အတွင်းသို့ ထည့်သွင်းထားရခြင်းဖြစ်သည်။ ဤကိရိယာသည် ကျွံနေခြင်းကို အမြဲတမ်း ပျောက်ကင်းစေမည်မဟုတ်သော်လည်း ရောဂါလက္ခဏာများကို သက်သာစေရန် ထောက်ကူပေးနိုင်သည်။ လူနာများအနေဖြင့် ၎င်းကို ကိုယ်တိုင် ဆေးကြောခြင်းနှင့် ပြန်လည်ထည့်သွင်းခြင်းတို့ကို ပြုလုပ်ရန် လမ်းညွှန်ပေးပါလိမ့်မည်။ ခွဲစိတ်ရန် အန္တရာယ်များသူများတွင် ဤနည်းလမ်းကို အသုံးများပါသည်။

ခွဲစိတ်ကုသမှုများ

ခွဲစိတ်ရန်မလိုသော နည်းလမ်းများဖြင့် မသက်သာပါက ကျွံနေခြင်းကို ပြုပြင်ရန် ခွဲစိတ်မှု လိုအပ်နိုင်ပါသည်။

  • မိန်းမကိုယ်ရှေ့ဘက်ခြံ ပြုပြင်ခြင်း – ကျွံနေသော ဆီးအိမ်ကို ချုပ်ရိုးများဖြင့် မူလနေရာသို့ ပြန်လည်ပို့ဆောင်ပေးခြင်းနှင့် ပိုလျှံနေသော မိန်းမကိုယ်တစ်ရှူးများကို ဖယ်ရှားခြင်းဖြစ်သည်။ အကယ်၍ မိန်းမကိုယ်တစ်ရှူးများ အလွန်ပါးလွှာနေပါက အားဖြည့်ပေးရန်အတွက် အထူးတစ်ရှူးစ သို့မဟုတ် ပိုက်ကွန်စကဲ့သို့ အရာများကို အသုံးပြုနိုင်ပါသည်။
  • သားအိမ်ထုတ်ခြင်း – ဆီးအိမ်ကျွံခြင်းသည် သားအိမ်ကျွံခြင်းကြောင့် ဖြစ်ပါက သားအိမ်ထုတ်ခြင်းကို အကြံပြုနိုင်ပါသည်။ ၎င်းသည် ထိခိုက်နေသော တင်ပါးဆုံကြွက်သားများ၊ အရွတ်များနှင့် တစ်ရှူးများကိုပါ ကုသပေးခြင်းဖြစ်သည်။
  • ဆီးပြွန်ကို ထိန်းမတ်ပေးခြင်း – လှုပ်ရှားမှုပြုလုပ်သည့်အခါ သို့မဟုတ် အားစိုက်ရသည့်အခါ ဆီးထွက်ကျခြင်း (Stress incontinence) ရှိပါက ဆီးပြွန်ကို ထိန်းမတ်ပေးသည့် ကုသမှုများကို ဆရာဝန်က အကြံပြုနိုင်ပါသည်။
  • မိန်းမကိုယ်လမ်းကြောင်း ပိတ်ခြင်း သို့မဟုတ် ကျဉ်းစေခြင်း – ဆီးအိမ်ကို အထောက်အပံ့ဖြစ်စေရန် မိန်းမကိုယ်၏ အစိတ်အပိုင်းတစ်ခု သို့မဟုတ် အားလုံးကို ပိတ်လိုက်ခြင်း ဖြစ်သည်။ ဤခွဲစိတ်မှုပြုလုပ်ပြီးပါက လိင်ဆက်ဆံခြင်း ပြုလုပ်နိုင်မည်မဟုတ်ပါ။

အကယ်၍ ကိုယ်ဝန်ဆောင်ရန် အစီအစဉ်ရှိပါက ခွဲစိတ်မှုကို ကလေးမွေးဖွားပြီးသည်အထိ ရွှေ့ဆိုင်းထားရန် အကြံပြုပါသည်။ ယာယီကုသမှုအနေဖြင့် ကီဂယ်လေ့ကျင့်ခန်း သို့မဟုတ် ကိရိယာထည့်သွင်းခြင်းဖြင့် လက္ခဏာများကို သက်သာစေနိုင်ပါသည်။ ခွဲစိတ်မှု၏ ရလဒ်မှာ နှစ်ပေါင်းများစွာ ကြာရှည်ခံနိုင်သော်လည်း ရောဂါပြန်ဖြစ်နိုင်ခြေရှိပြီး နောက်ထပ် ခွဲစိတ်မှု ထပ်မံလိုအပ်နိုင်ပါသည်။

Doctors who treat this condition