ဒူးခေါင်းနောက်ကြောသွေးလွှတ်ကြော ဖောင်းကြွခြင်း
ခြုံငုံသုံးသပ်ချက်
ဒူးခေါင်းနောက်ကြော သွေးလွှတ်ကြော ဖောင်းကြွခြင်း (Popliteal artery aneurysm) ဆိုသည်မှာ ဒူးဆစ်၏ နောက်ဘက်ရှိ သွေးလွှတ်ကြောနံရံတွင် ပုံမှန်မဟုတ်ဘဲ ဖောင်းထွက်လာသည့် အောက်ပိုင်းခြေလက်ဆိုင်ရာ သွေးကြောဖောင်းခြင်း ဖြစ်သည်။ ဒူးနောက်ဘက်တွင်ရှိသော Popliteal သွေးလွှတ်ကြောသည် ခြေသလုံးနှင့် ခြေဖဝါးတို့သို့ အောက်ဆီဂျင်ကြွယ်ဝသော သွေးများကို ပို့ဆောင်ပေးသည်။
ဤသို့ သွေးကြောဖောင်းခြင်းသည် ဒူးနောက်သွေးလွှတ်ကြော ထိခိုက်မိခြင်းကြောင့်သော်လည်းကောင်း၊ အဆီနှင့် ကိုလက်စထရောများ စုပုံလာမှုကြောင့် သွေးကြောနံရံများ မာလာခြင်း (Atherosclerosis) ကြောင့်သော်လည်းကောင်း ဖြစ်ပွားနိုင်သည်။ ၎င်းသည် ပင်မသွေးလွှတ်ကြောကြီး (Aorta) မှလွဲ၍ အခြားသော သွေးလွှတ်ကြောများတွင် ဖြစ်ပွားတတ်သည့် (Peripheral aneurysm) အမျိုးအစားများထဲ၌ အဖြစ်အများဆုံး ဖြစ်ပြီး သွေးလွှတ်ကြောနံရံကို အားနည်းစေကာ အပြင်သို့ ဖောင်းထွက်လာစေသည်။
ရောဂါလက္ခဏာများ
ဒူးနောက်သွေးလွှတ်ကြော ဖောင်းခြင်းသည် မည်သည့်လက္ခဏာမျှ မပြဘဲ ရှိနေတတ်သည်။ လမ်းလျှောက်သည့်အခါ ခြေထောက်အောက်ပိုင်း နာကျင်ခြင်း (Claudication) သည် ကနဦးလက္ခဏာ ဖြစ်နိုင်ပါသည်။ ထို့အပြင် အောက်ပါလက္ခဏာများလည်း ရှိနေနိုင်သည် –
• ဒူးခေါင်းနှင့် ခြေထောက်အောက်ပိုင်း နာကျင်ခြင်း
• ဒူးနောက်ဘက်တွင် သွေးခုန်သကဲ့သို့ ခံစားရခြင်း
• ဒူးနောက်ဘက်တွင် ဖောင်းကြွနေခြင်း
ဖြစ်ပွားရသည့် အကြောင်းရင်းများ
သွေးလွှတ်ကြောနံရံ၏ အားနည်းသောနေရာတွင် ဖောင်းထွက်လာခြင်းကို သွေးကြောဖောင်းခြင်းဟု ခေါ်သည်။ အောက်ပါအချက်များအပါအဝင် အကြောင်းအမျိုးမျိုးကြောင့် ဒူးနောက်သွေးလွှတ်ကြောနံရံများ ပျက်စီးအားနည်းသွားနိုင်သည် –
• သွေးတိုးရောဂါ (Hypertension)
• သွေးလွှတ်ကြောများ ပိတ်ဆို့ခြင်း (Atherosclerosis)
• သွေးလွှတ်ကြောနံရံ အားနည်းလာခြင်း
• ဒူးဆစ်ကို အမြဲတစေ အသုံးပြုမှုကြောင့် ဒူးနောက်သွေးလွှတ်ကြော ထိခိုက်မိခြင်း
ဖြစ်နိုင်ခြေ မြင့်မားသူများ
ဒူးနောက်သွေးလွှတ်ကြော ဖောင်းခြင်းသည် ဖြစ်လေ့ဖြစ်ထနည်းပြီး အမျိုးသားများတွင် ပိုမိုအဖြစ်များသည်။
ဝမ်းဗိုက်ပိုင်း ပင်မသွေးလွှတ်ကြောကြီး ဖောင်းခြင်း (Abdominal Aortic Aneurysm – AAA) ရှိသော အမျိုးသားများတွင် ဒူးနောက်သွေးလွှတ်ကြော ဖောင်းခြင်းမှာလည်း မကြာခဏ တွဲဖက်ဖြစ်ပွားတတ်သည်။ ထို့ကြောင့် ဒူးနောက်သွေးလွှတ်ကြော ဖောင်းနေသူများကို AAA ရှိ၊ မရှိပါ စစ်ဆေးသင့်သည်။
အခြားသော ဖြစ်နိုင်ခြေရှိသည့် အချက်များမှာ-
• နှလုံးအဆို့ရှင် ကျဉ်းမြောင်းသည့်ရောဂါ (Stenotic disease)
• ခန္ဓာကိုယ်အတွင်း သွေးကြောဖောင်းသည့်နေရာ သုံးနေရာ သို့မဟုတ် ထိုထက်ပို၍ ရှိနေခြင်း
• အသက်ကြီးခြင်း
• ဆေးလိပ်သောက်ခြင်း
• သွေးတိုးရောဂါ ဖြစ်ခြင်းတို့ ဖြစ်ကြသည်။
ရောဂါရှာဖွေခြင်း
ဒူးခေါင်းနောက်ကြော သွေးလွှတ်ကြော ဖောင်းကြွခြင်း (Popliteal artery aneurysm) ရှိ၊ မရှိ သိရှိနိုင်ရန် ဆရာဝန်သည် ကိုယ်ခန္ဓာစစ်ဆေးမှုများ ပြုလုပ်ပါလိမ့်မည်။ ထိုသို့စစ်ဆေးရာတွင် ဒူးနောက်ဘက်နှင့် ခြေထောက်အောက်ပိုင်း၌ ဖောင်းကြွနေခြင်း၊ ထိလျှင်နာခြင်း၊ အရေပြားအရောင်ပြောင်းလဲခြင်း သို့မဟုတ် အသားအရေ ပူနွေးနေခြင်း ရှိ၊ မရှိတို့ကို ကြည့်ရှုစစ်ဆေးမည်ဖြစ်သည်။ ထို့အပြင် သင်၏ ကျန်းမာရေးရာဇဝင်နှင့် ဆေးလိပ်သောက်ခြင်းကဲ့သို့သော နေထိုင်မှုအလေ့အထများကိုလည်း မေးမြန်းနိုင်ပါသည်။
ပုံရိပ်ဖော် စစ်ဆေးမှုများ
ပုံရိပ်ဖော်စစ်ဆေးမှုများသည် ရောဂါကို ပိုမိုတိကျစွာ သိရှိနိုင်ရန် အထောက်အကူပြုသည်။ အကယ်၍ သင့်တွင် ရောဂါလက္ခဏာများ ရှိနေပါက ဆရာဝန်က အောက်ပါတို့ကို လုပ်ဆောင်ရန် အကြံပြုနိုင်သည် –
- ဒူးပလက် အာထရာဆောင်း (Duplex ultrasound): ဤနည်းလမ်းသည် ခန္ဓာကိုယ်အတွင်းသို့ ထိုးဖောက်ဝင်ရောက်ရန်မလိုဘဲ အသံလှိုင်းများကို အသုံးပြု၍ သွေးလွှတ်ကြောနှင့် သွေးပြန်ကြောများအတွင်း သွေးစီးဆင်းမှုကို စစ်ဆေးခြင်း ဖြစ်သည်။ ၎င်းသည် ဒူးနောက်သွေးလွှတ်ကြောဖောင်းခြင်းကို အလွယ်တကူ သိရှိနိုင်သော နည်းလမ်းဖြစ်သည်။ စစ်ဆေးနေစဉ်အတွင်း ကျွမ်းကျင်ပညာရှင်က လက်ကိုင်ကိရိယာငယ် (Transducer) လေးကို ဒူးနောက်ဘက်နှင့် ဒူးပတ်လည်ရှိ အရေပြားပေါ်တွင် ညင်သာစွာ ရွှေ့လျား၍ စစ်ဆေးမည်ဖြစ်သည်။
- စီတီ (CT) သို့မဟုတ် အမ်အာအိုင် (MR) သွေးကြောဓာတ်မှန်ရိုက်ခြင်း: ဤစစ်ဆေးမှုများသည် သွေးလွှတ်ကြောများအတွင်း သွေးစီးဆင်းမှုကို အသေးစိတ် ပုံရိပ်များအဖြစ် ဖော်ပြပေးနိုင်သည်။ သွေးလွှတ်ကြောများကို ပိုမိုထင်ရှားစွာ မြင်တွေ့နိုင်ရန် ပုံရိပ်မရိုက်ကူးမီ သွေးကြောအတွင်းသို့ ဆေးရောင်စုံ (Contrast dye) တစ်မျိုးကို ထိုးသွင်းရလေ့ရှိသည်။
ကုသမှု
ကုသမှုပုံစံသည် သွေးကြောဖောင်းသည့် အရွယ်အစား၊ ရောဂါလက္ခဏာများ၊ လူနာ၏ အသက်အရွယ်နှင့် အထွေထွေကျန်းမာရေး အခြေအနေပေါ်တွင် မူတည်သည်။
ကုသမှုနည်းလမ်းများမှာ-
- ဂရုတစိုက် စောင့်ကြည့်ခြင်း: အကယ်၍ သွေးကြောဖောင်းမှုမှာ သေးငယ်နေပါက ပုံမှန်စစ်ဆေးမှုများ ပြုလုပ်ခြင်းနှင့် အာထရာဆောင်းရိုက်၍ အမြဲမပြတ် စောင့်ကြည့်ရန် လိုအပ်မည်ဖြစ်သည်။
- ဆေးဝါးများ: ဤရောဂါရှိသူများကို ပုံမှန်အားဖြင့် အက်စပရင် (Aspirin) သို့မဟုတ် အခြားသော သွေးကျဲဆေး (Anticoagulant) များ ညွှန်ကြားလေ့ရှိသည်။ အချို့သော သွေးကျဲဆေးများကို အကြောဆေး (IV) အဖြစ် ပေးသွင်းရန် လိုအပ်နိုင်သည်။ ထို့အပြင် နှလုံးရောဂါလက္ခဏာများကို ကုသရန်အတွက် သွေးတိုးကျဆေးနှင့် ကိုလက်စထရောကျဆေးများကိုလည်း ဆရာဝန်က ညွှန်ကြားနိုင်ပါသည်။
- ခွဲစိတ်ကုသခြင်း: လက္ခဏာပြနေသော မည်သည့်အရွယ်အစားရှိ သွေးကြောဖောင်းခြင်းမျိုးအတွက်မဆို သို့မဟုတ် အရွယ်အစား ဝ ဒသမ ၈ လက်မ (၂ စင်တီမီတာ) နှင့် အထက်ရှိသော သွေးကြောဖောင်းခြင်းများအတွက် ပျက်စီးနေသော သွေးလွှတ်ကြောကို ပြုပြင်ရန် ခွဲစိတ်ကုသမှုကို အကြံပြုလေ့ရှိသည်။ အချို့သောအခြေအနေများတွင် ခန္ဓာကိုယ်ကို အနည်းငယ်သာ ဖောက်၍ ကုသသော (Endovascular repair) နည်းလမ်းဖြင့် သွေးလွှတ်ကြောအတွင်းသို့ စတင့် (Stent) ဟုခေါ်သော အချောင်းငယ်ထည့်သွင်းကာ သွေးကြောကို ပွင့်နေစေရန် လုပ်ဆောင်နိုင်ပါသည်။
