သားအိမ်ဘေးဆက်တွဲအစိတ်အပိုင်း အကျိတ်

ခြုံငုံသုံးသပ်ချက်

သားအိမ်အနီးတစ်ဝိုက်၊ အထူးသဖြင့် သားဥအိမ်၊ သားဖွားပြွန် သို့မဟုတ် အနီးနားရှိ တွယ်ဆက် တစ်ရှူး များတွင် ဖြစ်ပေါ်လာသော အလုံးအကျိတ်ကို သားအိမ်ဘေး အစိတ်အပိုင်း အကျိတ် (Adnexal mass) ဟု ခေါ်ဆိုပါသည်။ ဤအကျိတ်များသည် အစဲလ်ခဲများ သို့မဟုတ် အရည်ကြည်အိတ်များ ဖြစ်နိုင်ပါသည်။ ၎င်းတို့သည် မည်သည့်အသက်အရွယ်တွင်မဆို ဖြစ်ပွား နိုင်ပြီး အများစုမှာ လအနည်းငယ်အတွင်း အလိုအလျောက် ပြန်လည် ပျောက်ကွယ် သွားတတ် ပါသည်။ သားအိမ်ဘေးအစိတ်အပိုင်းအကျိတ် အများစုမှာ ကင်ဆာမဟုတ်သော်လည်း အချို့မှာ ကင်ဆာဖြစ်နိုင်ခြေ ရှိပါသည်။

သားဥအိမ်၊ သားဖွားပြွန်နှင့် အမျိုးသမီးမျိုးပွားအင်္ဂါများကို ထောက်ကူပေးထားသော အရွတ်များရှိရာ သားအိမ်ဘေးပတ်ဝန်းကျင် နေရာတွင် ဖြစ်ပေါ်သောကြောင့် ၎င်းကို သားအိမ်ဘေးအစိတ်အပိုင်းအကျိတ်များ ဟု ခေါ်ဆိုခြင်း ဖြစ်ပါသည်။

သားအိမ်ဘေးအစိတ်အပိုင်းအကျိတ်များကို ရောဂါရှာဖွေရာတွင် စေ့စပ်သေချာသော ရုပ်ပိုင်းဆိုင်ရာစစ်ဆေးမှု၊ ပုံရိပ်ဖော်စစ်ဆေးမှုများနှင့် အချို့သောအခြေအနေများတွင် ခွဲစိတ်စစ်ဆေးမှုများ ပါဝင်ပါသည်။ ကုသမှုပုံစံမှာ အကျိတ်ဖြစ်ပွားရာနေရာနှင့် ပါဝင်သော ဆဲလ်အမျိုးအစားများအပေါ် မူတည်၍ ကွဲပြားမှု ရှိပါသည်။

ရောဂါလက္ခဏာများ

သားအိမ်ဘေးအစိတ်အပိုင်းအကျိတ်များနှင့် ဆက်စပ်၍ အောက်ပါလက္ခဏာများ ခံစားရနိုင်ပါသည် –

  • ဆီးစပ်ကိုက်ခဲခြင်း။
  • ဆီးခဏခဏသွားခြင်း၊ ဆီးသွားချင်စိတ် ပြင်းထန်ခြင်း သို့မဟုတ် ဆီးမထိန်းနိုင်ခြင်း။
  • သားအိမ်မှ ပုံမှန်မဟုတ်ဘဲ သွေးဆင်းခြင်း။
  • ဗိုက်ပွခြင်း။
  • ရာသီမသွေးဆုံးသေးသူများတွင် ရာသီမမှန်ခြင်း။
  • ဝမ်းချုပ်ခြင်း။
  • အစာအိမ်နှင့် အူလမ်းကြောင်းဆိုင်ရာ ပြဿနာများ။
  • လိင်ဆက်ဆံစဉ် နာကျင်ခြင်း။

လူနာအချို့တွင် သားအိမ်ဘေးအစိတ်အပိုင်းအကျိတ် ရှိနေသော်လည်း အချိန်အတော်ကြာသည်အထိ မည်သည့်လက္ခဏာမျှ မပြဘဲ ရှိနေတတ်ပါသည်။

ဖြစ်ပွားရသည့် အကြောင်းရင်းများ

သားအိမ်ဘေးအစိတ်အပိုင်းအကျိတ်များသည် အမျိုးသမီးမျိုးပွားအင်္ဂါအဖွဲ့အစည်းအပြင် ဆီးလမ်းကြောင်း သို့မဟုတ် အစာခြေလမ်းကြောင်း အစရှိသော အခြားအဖွဲ့အစည်းများနှင့် ဆက်စပ်သည့် အကြောင်းရင်း အမျိုးမျိုးကြောင့် ဖြစ်ပွားနိုင်ပါသည်။ အကျိတ်အများစုမှာ အမျိုးသမီးမျိုးပွားအင်္ဂါအဖွဲ့အစည်းမှ စတင်ဖြစ်ပေါ်လေ့ရှိသော်လည်း ဆီးလမ်းကြောင်း သို့မဟုတ် အစာခြေလမ်းကြောင်းတို့မှလည်း စတင်ဖြစ်ပေါ်နိုင်ပါသည်။

အမျိုးသမီးမျိုးပွားအင်္ဂါအဖွဲ့အစည်းနှင့် ဆက်စပ်လေ့ရှိသော သားအိမ်ဘေး အစိတ်အပိုင်း အကျိတ်များ ဖြစ်ပွားရသည့် အသုံးများသော အကြောင်းရင်းအချို့မှာ အောက်ပါအတိုင်း ဖြစ်ပါသည် –

  • သားဥအိမ်ကင်ဆာ – သားဥအိမ်အတွင်းရှိ ကင်ဆာအကျိတ်များသည် ခန္ဓာကိုယ်၏ အခြားနေရာများသို့ ပျံ့နှံ့သွားနိုင်ပါသည်။ သားဥအိမ်ကင်ဆာသည် အမျိုးသမီးများတွင် အဖြစ်အများဆုံး ကင်ဆာအမျိုးအစားများထဲမှ တစ်ခု ဖြစ်ပါသည်။
  • သားဥအိမ်အတွင်း အရည်ကြည်အိတ်တည်ခြင်း – သားဥအိမ်ပေါ်တွင် အရည်များ ပြည့်နေသောအိတ်များ ဖြစ်ပေါ်ခြင်း ဖြစ်ပါသည်။ အခြေအနေအများစုတွင် နာကျင်မှုမရှိဘဲ လူအများစုမှာ မည်သည့်လက္ခဏာမျှ ခံစားရလေ့မရှိပါ။ ၎င်းသည် အဖြစ်အများဆုံးသော အရည်ကြည်အိတ် အမျိုးအစား ဖြစ်ပါသည်။
  • ကင်ဆာမဟုတ်သော သားဥအိမ်အကျိတ်များ – သားဥအိမ်အတွင်း ပုံမှန်မဟုတ်သော ဆဲလ်များကြီးထွားမှုကြောင့် အစဲလ်ခဲများ ဖြစ်ပေါ်လာခြင်းဖြစ်ပြီး တစ်ခါတစ်ရံတွင် အရည်ကြည်အိတ် အပိုင်းအစများလည်း ပါဝင်တတ်ပါသည်။ ဤအကျိတ်များသည် များသောအားဖြင့် ကင်ဆာမဟုတ်သည့်အပြင် အနီးနားရှိ တစ်ရှူးများ သို့မဟုတ် ခန္ဓာကိုယ်၏ အခြားအစိတ်အပိုင်းများသို့ ပျံ့နှံ့ခြင်း မရှိပါ။
  • သားအိမ်ပြင်ပ သန္ဓေတည်ခြင်း – မျိုးအောင်ပြီးသော ဥသည် သားအိမ်အတွင်း၌ မဟုတ်ဘဲ သားဖွားပြွန်ကဲ့သို့သော အခြားနေရာများတွင် တွယ်ကပ်ခြင်း ဖြစ်ပါသည်။ သားအိမ်ပြင်ပ သန္ဓေတည်ခြင်းကို ကလေးမွေးဖွားသည်အထိ ဆက်လက်ဆောင်ရွက်၍ မရနိုင်ဘဲ အတွင်းပိုင်းသွေးယိုစီးမှုနှင့် ပြင်းထန်သော နာကျင်မှုကို ဖြစ်စေနိုင်ပါသည်။ ကုသမှုမခံယူပါက အသက်အန္တရာယ် ထိခိုက်နိုင်ပါသည်။
  • သားအိမ်ဘေးအရွတ်တွင် အသားလုံးဖြစ်ခြင်း – သားဥအိမ်နှင့် သားဖွားပြွန်အနီးတွင် ဖြစ်ပေါ်သော ကင်ဆာမဟုတ်သည့် အကျိတ်တစ်မျိုးဖြစ်ပြီး သားအိမ်ဘေးအစိတ်အပိုင်းအကျိတ်နှင့် မှားယွင်းတတ်ပါသည်။
  • သားဥအိမ်နှင့် သားဖွားပြွန် ပြည်တည်နာ – မိန်းမကိုယ်အတွင်း ရောဂါပိုးဝင်ရောက်မှုများကြောင့် သားဥအိမ်၊ သားဖွားပြွန်နှင့် တစ်ခါတစ်ရံတွင် အူ သို့မဟုတ် ဆီးအိမ်အပါအဝင် အခြားအင်္ဂါအစိတ်အပိုင်းများ ရောင်ရမ်းခြင်းကို ဖြစ်ပေါ်စေနိုင်ပါသည်။
  • သားဖွားပြွန်အတွင်း အရည်အိတ်တည်ခြင်း – သားဖွားပြွန်အတွင်း အရည်များ စုပုံလာခြင်း ဖြစ်ပါသည်။ ၎င်းသည် မည်သည့်လက္ခဏာမျှ မပြတတ်သော်လည်း ဆီးစပ်မအီမသာဖြစ်ခြင်း သို့မဟုတ် ကလေးမရနိုင်ခြင်းတို့ကို ဖြစ်စေနိုင်ပါသည်။

ဖြစ်နိုင်ခြေရှိသူများ

သားအိမ်ဘေးအစိတ်အပိုင်းအကျိတ်များသည် မည်သည့်အသက်အရွယ်ရှိ အမျိုးသမီးများတွင်မဆို ဖြစ်ပွားနိုင်သော်လည်း ကလေးရနိုင်သော အရွယ်များတွင် အဖြစ်အများဆုံး ဖြစ်ပါသည်။

ရောဂါရှာဖွေခြင်းနှင့် ကုသခြင်း

ရောဂါရှာဖွေခြင်း သားအိမ်ဘေးအစိတ်အပိုင်းအကျိတ်များကို ရောဂါရှာဖွေရာတွင် ပုံမှန်အားဖြင့် အောက်ပါစစ်ဆေးမှုများ ပါဝင်လေ့ရှိပါသည် –

  • ရုပ်ပိုင်းဆိုင်ရာ စစ်ဆေးခြင်း – ကျန်းမာရေးစောင့်ရှောက်မှုပေးသူက ဆီးစပ်ဧရိယာအတွင်း ပုံမှန်မဟုတ်သော အလုံးအကျိတ်များ ရှိမရှိ သို့မဟုတ် နာကျင်မှု ရှိမရှိတို့ကို သိရှိနိုင်ရန် ဆီးစပ်ပိုင်းဆိုင်ရာကို သေချာစွာ စမ်းသပ်စစ်ဆေးပါမည်။
  • ပုံရိပ်ဖော် စစ်ဆေးမှုများသားအိမ်ဘေးအစိတ်အပိုင်းအကျိတ်များ၏ ပုံသဏ္ဌာန်နှင့် ဝိသေသလက္ခဏာများကို မြင်တွေ့နိုင်ရန် ပုံရိပ်ဖော်နည်းလမ်း အမျိုးမျိုးကို အသုံးပြုနိုင်ပါသည်။ ၎င်းတို့မှာ –
    • အာထရာဆောင်း (Ultrasound) – မိန်းမကိုယ်မှတစ်ဆင့် သို့မဟုတ် ဝမ်းဗိုက်ပေါ်မှတစ်ဆင့် အာထရာဆောင်းရိုက်ခြင်းဖြင့် သားအိမ်ဘေးတစ်ဝိုက်ကို အသေးစိတ်ပုံရိပ်များ ဖော်ထုတ်နိုင်ပြီး အကျိတ်၏ အရွယ်အစား၊ တည်နေရာနှင့် လက္ခဏာများကို ဆုံးဖြတ်ရာတွင် အထောက်အကူပြုပါသည်။
    • သံလိုက်ဓာတ်မှန် (MRI) – MRI ရိုက်ခြင်းဖြင့် အကျိတ်နှင့်ပတ်သက်သော ပိုမိုအသေးစိတ်ပြီး ပြည့်စုံသော ပုံရိပ်များကို ရရှိစေကာ အကျိတ်၏ အမျိုးအစားကို ခွဲခြားသတ်မှတ်ခြင်းနှင့် အကဲဖြတ်ခြင်းတို့တွင် ကူညီပေးပါသည်။
    • ကွန်ပျူတာဓာတ်မှန် (CT Scan) – အကျိတ်၏ အခြေအနေနှင့် ၎င်းကြောင့် အနီးနားရှိ အစိတ်အပိုင်းများအပေါ် သက်ရောက်နိုင်မှုတို့ကို ပိုမိုသိရှိနိုင်ရန် CT Scan ကို အသုံးပြုနိုင်ပါသည်။

ကုသမှု သားအိမ်ဘေးအစိတ်အပိုင်းအကျိတ်များအတွက် ကုသမှုမှာ လူနာတစ်ဦးချင်းစီ၏ အခြေအနေပေါ်တွင် မူတည်ပါသည်။ အကယ်၍ အကျိတ်သည် ကင်ဆာမဟုတ်ဘဲ နာကျင်မှုလည်း မရှိပါက ပုံမှန်ပုံရိပ်ဖော်စစ်ဆေးမှုများ ပြုလုပ်ခြင်းဖြင့် အခြေအနေကို စောင့်ကြည့်သွားမည် ဖြစ်ပါသည်။ သို့သော် အကျိတ်မှာ ပိုမိုကြီးထွားလာခြင်း၊ နာကျင်မှု ပိုဆိုးလာခြင်း၊ အတွင်းပိုင်း သွေးယိုစိမ့်ခြင်း သို့မဟုတ် ကင်ဆာဖြစ်နေခြင်း စသည့် အခြေအနေများတွင် ခွဲစိတ်ကုသရန် အကြံပြု ပါလိမ့်မည်။ အခြေအနေအတော်များများတွင် ဤအကျိတ်များသည် အန္တရာယ်မရှိဘဲ အလိုအလျောက် ပျောက်ကွယ်သွားတတ်သော်လည်း မအီမသာဖြစ်ခြင်း သို့မဟုတ် ပြင်းထန်သော လက္ခဏာများ ခံစားရပါက ခွဲစိတ်ဖယ်ရှားရန် လိုအပ်နိုင်ပါသည်။ ပြင်းထန်စွာ နာကျင်ခြင်း သို့မဟုတ် ဖျားနာခြင်းတို့ ခံစားရပါက သားဥအိမ် လိမ်သွားခြင်း (Ovarian torsion) ကဲ့သို့သော အရေးပေါ်ခွဲစိတ်ရန်လိုအပ်သည့် အခြေအနေ ရှိမရှိ စစ်ဆေးနိုင်ရန် ကျန်းမာရေး စောင့်ရှောက်မှု ပေးသူ နှင့် ချက်ချင်း ဆက်သွယ်ရန် အလွန်အရေးကြီးပါသည်။

Doctors who treat this condition