နှလုံးခုန်နှုန်းမမှန်ခြင်း

ခြုံငုံသုံးသပ်ချက်

နှလုံးအောက်ခန်း တုန်ခါခြင်း (VFib၊ V-fib သို့မဟုတ် VF ဟုလည်း ခေါ်သည်) ဆိုသည်မှာ နှလုံးစည်းချက်မမှန်သော ရောဂါ (Arrhythmia) အမျိုးအစားတစ်ခု ဖြစ်သည်။ ဤအခြေအနေသည် နှလုံး၏ အောက်ဘက်အခန်းများ (Ventricles) မှာ အလွန်မြန်ပြီး စည်းချက်မကျဘဲ ကျုံ့ညှစ်ခြင်းကြောင့် ခန္ဓာကိုယ်အနှံ့သို့ သွေးများကို ထိရောက်စွာ မညှစ်ထုတ်နိုင်ခြင်း ဖြစ်သည်။ နှလုံးအောက်ခန်း တုန်ခါခြင်းသည် ချက်ချင်းကုသမှု လိုအပ်သော အရေးပေါ် အခြေအနေဖြစ်ပြီး ရုတ်တရက် နှလုံးရပ်၍ သေဆုံးခြင်းကို ဖြစ်စေသည့် အဓိက အကြောင်းရင်းလည်း ဖြစ်သည်။

နှလုံးအောက်ခန်း တုန်ခါနေစဉ်အတွင်း နှလုံးအောက်ခန်းများသည် ပုံမှန်အတိုင်း ကျုံ့ခြင်း၊ ပွခြင်း မလုပ်နိုင်တော့ဘဲ တုန်ခါခြင်း သို့မဟုတ် ဆတ်ခနဲ လှုပ်ရှားခြင်းသာ ရှိတော့သဖြင့် ပုံမှန်သွေးညှစ်ထုတ်သည့် လုပ်ဆောင်ချက် ပျက်စီးသွားသည်။

ဤရောဂါအတွက် အရေးပေါ်ကုသမှုတွင် အသက်ကယ်ပြုစုခြင်း (CPR) လုပ်ဆောင်ခြင်းနှင့် အလိုအလျောက် နှလုံးစည်းချက်ပြန်ညှိစက် (AED) ကို အသုံးပြု၍ နှလုံးကို လျှပ်စစ်ရှော့ခ်ရိုက်ခြင်းတို့ ပါဝင်သည်။ အချို့သောအခြေအနေများတွင် နောင်တွင် ထပ်မံမဖြစ်ပွားစေရန် ဆေးဝါးများ၊ စက်ပစ္စည်းများ ထည့်သွင်းခြင်း သို့မဟုတ် ခွဲစိတ်ကုသခြင်းများကို ဆရာဝန်များက အကြံပြုနိုင်ပါသည်။

ရောဂါလက္ခဏာများ

နှလုံးအောက်ခန်း တုန်ခါခြင်း၏ အသုံးအများဆုံး လက္ခဏာများမှာ ရုတ်တရက် လဲကျသွားခြင်းနှင့် သတိလစ်သွားခြင်းတို့ ဖြစ်သည်။ နှလုံးအောက်ခန်း တုန်ခါမှု မဖြစ်ပွားမီတွင် လူနာသည် ပုံမှန်မဟုတ်ဘဲ နှလုံးအလွန်မြန်ခြင်း သို့မဟုတ် စည်းချက်မမှန်ခြင်း (Arrhythmia) လက္ခဏာများကို ခံစားရနိုင်ပြီး ၎င်းတို့မှာ –

  • ရင်ဘတ်အောင့်ခြင်း
  • နှလုံးအလွန်မြန်ခြင်း (Tachycardia)
  • မူးဝေခြင်း
  • ပျို့အန်ခြင်း
  • အသက်ရှူမဝခြင်း

အကယ်၍ သင်သည် အကြောင်းရင်းမရှိဘဲ နှလုံးခုန်မြန်ခြင်း သို့မဟုတ် ရင်တုန်ခြင်းများကို ခံစားနေရပါက နှလုံးအထူးကုဆရာဝန်နှင့် ပြသရန် အကြံပြုလိုပါသည်။

အကယ်၍ တစ်စုံတစ်ဦးသည် နှလုံးအရေးပေါ်အခြေအနေကြောင့် လဲကျသွားသည်ကို မြင်တွေ့ပါက အောက်ပါအဆင့်များအတိုင်း အရေးပေါ် အကူအညီတောင်းခံပါ –

  • ဒေသတွင်း အရေးပေါ်ဖုန်းနံပါတ်သို့ ချက်ချင်းဆက်သွယ်ပါ။
  • လူနာမှာ သတိမရှိပါက သွေးခုန်နှုန်းရှိမရှိ စစ်ဆေးပါ။
  • သွေးခုန်နှုန်း မရှိပါက နှလုံးစည်းချက်ပြန်ညှိစက် (AED) မရမချင်း သွေးလှည့်ပတ်မှုရှိနေစေရန် အသက်ကယ်ပြုစုခြင်း (CPR) ကို စတင်ပါ။ အမေရိကန်နှလုံးအဖွဲ့အစည်း (AHA) က လက်ဖြင့်သာလုပ်ဆောင်သော CPR (Hands-only CPR) ကို အကြံပြုထားပြီး တစ်မိနစ်လျှင် အကြိမ် ၁၀၀ မှ ၁၂၀ နှုန်းဖြင့် ရင်ဘတ်ကို အားပြင်းပြင်းနှင့် မြန်မြန် ဖိပေးရမည်ဖြစ်သည်။ အသက်ရှူလမ်းကြောင်း စစ်ဆေးရန် သို့မဟုတ် ပါးစပ်ဖြင့် လေမှုတ်သွင်းရန် မလိုပါ။ ဆေးဘက်ဆိုင်ရာ ကျွမ်းကျင်သူများ ရောက်မလာမချင်း CPR ကို ဆက်တိုက်လုပ်ဆောင်ပါ။
  • နှလုံးစည်းချက်ပြန်ညှိစက် (AED) ရရှိသည်နှင့် စက်၏ ညွှန်ကြားချက်အတိုင်း လျှပ်စစ်ရှော့ခ်ပေးရန် လုပ်ဆောင်ပါ။

ဖြစ်ပွားရသည့် အကြောင်းရင်းများ နှလုံးအောက်ခန်း တုန်ခါခြင်းကို အောက်ပါအချက်များက ဖြစ်စေနိုင်သည် –

  • နှလုံး၏ လျှပ်စစ်စီးဆင်းမှု ပြဿနာများ – နှလုံးအတွင်း လျှပ်စစ်စီးဆင်းမှုစနစ် ချို့ယွင်းခြင်းကြောင့် အဖြစ်များသည်။
  • သွေးစီးဆင်းမှု ပြတ်တောက်ခြင်း – နှလုံးကြွက်သားသို့ သွေးထောက်ပံ့မှု ပြတ်တောက်ခြင်းကြောင့်လည်း ဖြစ်နိုင်သည်။
  • အကြောင်းရင်း မသိရှိခြင်း – အချို့သောအခြေအနေများတွင် အကြောင်းရင်း ရှာမတွေ့ဘဲ ဖြစ်ပွားတတ်သည်။

နှလုံးခုန်ခြင်း ဖြစ်စဉ် (The Heartbeat Process) နှလုံးတွင် အပေါ်ခန်းနှစ်ခန်း (Atria) နှင့် အောက်ခန်းနှစ်ခန်း (Ventricles) ဟု၍ လေးခန်းရှိသည်။ ညာဘက်အပေါ်ခန်းရှိ Sinus node သည် နှလုံး၏ သဘာဝနှလုံးခုန်နှုန်းထိန်းစက် (Pacemaker) ဖြစ်ပြီး နှလုံးခုန်ခြင်းကို စတင်ပေးသည်။ ထိုမှထွက်သော လျှပ်စစ်အချက်ပြမှုများသည် အပေါ်ခန်းများကို ကျုံ့စေပြီး သွေးများကို အောက်ခန်းထဲသို့ ပို့လွှတ်သည်။ ထို့နောက် အချက်ပြမှုများသည် AV node သို့ရောက်ရှိပြီး အောက်ခန်းထဲသို့ သွေးအပြည့်ဖြည့်နိုင်ရန် ခဏတန့်သွားသည်။ ထို့နောက် အောက်ခန်းများ ကျုံ့သွားပြီး သွေးများကို အဆုတ်နှင့် ခန္ဓာကိုယ်အနှံ့သို့ ပို့လွှတ်သည်။ ကျန်းမာသောနှလုံးတွင် ဤဖြစ်စဉ်သည် တစ်မိနစ်လျှင် ၆၀ မှ ၁၀၀ ကြိမ် ခုန်နှုန်းရှိသည်။ သို့သော် နှလုံးအောက်ခန်း တုန်ခါခြင်းတွင် မြန်ပြီး မမှန်ကန်သော လျှပ်စစ်အချက်ပြမှုများကြောင့် နှလုံးအောက်ခန်းများသည် သွေးမညှစ်ထုတ်နိုင်ဘဲ တုန်ခါနေခြင်းသာ ဖြစ်ပေါ်သည်။

ဖြစ်နိုင်ခြေရှိသောအချက်များ နှလုံးအောက်ခန်း တုန်ခါနိုင်ခြေကို မြင့်တက်စေသော အချက်များမှာ –

  • ယခင်က နှလုံးအောက်ခန်း တုန်ခါဖူးသော ရာဇဝင်ရှိခြင်း။
  • ယခင်က နှလုံးအောင့်ဖူးခြင်း (Heart attack)။
  • မွေးရာပါ နှလုံးရောဂါရှိခြင်း။
  • နှလုံးကြွက်သားရောဂါ (Cardiomyopathy) ရှိခြင်း။
  • လျှပ်စီးလက်၍ ထိခိုက်မိခြင်းကဲ့သို့သော နှလုံးကြွက်သား ထိခိုက်မှုများ။
  • ကိုကင်း သို့မဟုတ် စိတ်ကြွဆေးကဲ့သို့သော မူးယစ်ဆေးဝါး သုံးစွဲခြင်း။
  • ခန္ဓာကိုယ်အတွင်း ပိုတက်စီယမ် သို့မဟုတ် မဂ္ဂနီစီယမ်ဓာတ်များ သိသိသာသာ မမျှတခြင်း။

ရောဂါရှာဖွေခြင်း (Diagnosis)

နှလုံးအောက်ခန်း တုန်ခါခြင်းကို များသောအားဖြင့် အရေးပေါ်အခြေအနေများတွင် ရောဂါရှာဖွေလေ့ရှိပြီး ရုတ်တရက် နှလုံးရပ်တန့်သွားပါက သွေးခုန်နှုန်း စစ်ဆေးခြင်းဖြင့် သွေးခုန်နှုန်းမရှိသည်ကို အတည်ပြုနိုင်ပါသည်။ နှလုံးအောက်ခန်း တုန်ခါခြင်းနှင့် ၎င်း၏ အကြောင်းရင်းကို သိရှိရန် အောက်ပါစစ်ဆေးမှုများ ပြုလုပ်နိုင်သည် –

  • နှလုံးလျှပ်စစ်လှိုင်း တိုင်းတာခြင်း (ECG သို့မဟုတ် EKG): နာကျင်မှုမရှိဘဲ မြန်ဆန်သော ဤစစ်ဆေးမှုသည် နှလုံး၏ လျှပ်စစ်စီးဆင်းမှုကို တိုင်းတာသည်။ နှလုံးအောက်ခန်း တုန်ခါနေချိန်တွင် နှလုံးသည် တစ်မိနစ်လျှင် အကြိမ် ၃၀၀ မှ ၄၀၀ အထိ အလွန်မြန်ပြီး စည်းချက်မကျဘဲ ခုန်နေသည်ကို ECG တွင် တွေ့ရမည်ဖြစ်သည်။
  • သွေးစစ်ခြင်း: နှလုံးအောင့်ခြင်း (Heart attack) ကြောင့် နှလုံးကြွက်သား ထိခိုက်ပျက်စီးသည့်အခါ သွေးထဲသို့ စိမ့်ထွက်လာတတ်သော အင်ဇိုင်း (Enzymes) သို့မဟုတ် ပရိုတင်းဓာတ်များကို စစ်ဆေးရန်ဖြစ်သည်။
  • ရင်ဘတ်အိတ်စရေး (Chest X-ray): နှလုံး၏ အရွယ်အစား၊ ပုံသဏ္ဌာန်နှင့် သွေးကြောများ၏ အခြေအနေကို ပုံရိပ်ဖော်ကြည့်ရှုခြင်း ဖြစ်သည်။
  • နှလုံးတယ်လီဗေးရှင်းရိုက်ခြင်း (Echocardiogram): အသံလှိုင်းကို အသုံးပြု၍ နှလုံး၏ အရွယ်အစားနှင့် တည်ဆောက်ပုံကို လှုပ်ရှားနေသော ပုံရိပ်များဖြင့် စစ်ဆေးခြင်း ဖြစ်သည်။
  • နှလုံးစီတီစကင် (Cardiac CT): အိတ်စရေးကို အသုံးပြု၍ နှလုံး၏ ကန့်လန့်ဖြတ် ပုံရိပ်များကို အသေးစိတ် ဖော်ထုတ်ခြင်း ဖြစ်သည်။
  • နှလုံးအမ်အာအိုင် (Cardiac MRI): သံလိုက်စက်ကွင်းနှင့် ရေဒီယိုလှိုင်းများကို အသုံးပြု၍ နှလုံးအတွင်း သွေးစီးဆင်းမှု ပုံရိပ်များကို အသေးစိတ် ကြည့်ရှုခြင်း ဖြစ်သည်။
  • နှလုံးသွေးကြောအတွင်း ပိုက်ထည့်စစ်ဆေးခြင်း (Angiogram): ပေါင်ခြံ သို့မဟုတ် လက်ကောက်ဝတ်မှတစ်ဆင့် နှလုံးအထိ ပိုက်ငယ်လေးထည့်ကာ ဆိုးဆေးသွင်း၍ နှလုံးသွေးကြော ပိတ်ဆို့မှု ရှိမရှိ စစ်ဆေးခြင်း ဖြစ်သည်။

ကုသခြင်း (Treatment)

နှလုံးအောက်ခန်း တုန်ခါခြင်းသည် ရုတ်တရက် နှလုံးရပ်၍ သေဆုံးခြင်းကို ကာကွယ်ရန် ချက်ချင်း ဆေးကုသမှု ခံယူရမည့် ပြင်းထန်သော အခြေအနေဖြစ်သည်။ အရေးပေါ်ကုသမှု၏ အဓိက ရည်ရွယ်ချက်မှာ သွေးလည်ပတ်မှုကို အမြန်ဆုံး ပြန်လည်ရရှိစေရန်နှင့် ဦးနှောက်အပါအဝင် အရေးကြီးသော အင်္ဂါအစိတ်အပိုင်းများ ပျက်စီးမှုကို ကာကွယ်ရန် ဖြစ်သည်။

အရေးပေါ် ကုသမှု အဆင့်ဆင့် –

၁။ အကူအညီတောင်းပါ: ဒေသတွင်း အရေးပေါ်ဖုန်းနံပါတ်သို့ ချက်ချင်း ဆက်သွယ်ပါ။

၂။ အသက်ကယ်ပြုစုခြင်း (CPR) စတင်ပါ: နှလုံးက သွေးကောင်းစွာ မညှစ်ထုတ်နိုင်ချိန်တွင် CPR သည် ခန္ဓာကိုယ်အတွင်း သွေးလှည့်ပတ်မှု ရှိနေစေရန် ကူညီပေးသည်။

  • လူနာ၏ ရင်ဘတ်အလယ်တည့်တည့်တွင် လက်ဖနောင့်ကို တင်ပါ။
  • တစ်မိနစ်လျှင် အကြိမ် ၁၀၀ မှ ၁၂၀ နှုန်းဖြင့် အားပြင်းပြင်းနှင့် မြန်မြန် ဖိပေးပါ။
  • တစ်ချက်ဖိပြီးတိုင်း ရင်ဘတ်ကို မူလအတိုင်း ပြန်ကြွတက်လာပါစေ။
  • နှလုံးစည်းချက်ပြန်ညှိစက် (AED) ရသည်အထိ သို့မဟုတ် အရေးပေါ်အဖွဲ့ ရောက်လာသည်အထိ ဆက်တိုက်လုပ်ဆောင်ပါ။ ၃။ နှလုံးစည်းချက်ပြန်ညှိစက် (AED) အသုံးပြုပါ: (အလိုအလျောက် ပြင်ပနှလုံးနှိုးစက် (AED) သည် နှလုံးခုန်နှုန်းကို ခွဲခြမ်းစိတ်ဖြာပြီး လိုအပ်ပါက လျှပ်စစ်ရှော့ခ်ဖြင့် ရုတ်တရက်နှလုံးရပ်ခြင်းကို ကုသ ရန်အသုံးပြုသည့် သယ်ဆောင်ရလွယ်ကူသော အသက်ကယ် ဆေးဘက်ဆိုင်ရာ ကိရိယာ တစ်ခု ဖြစ်သည်။ ၎င်းသည် အကူအညီမရောက်မချင်း ပုံမှန်နှလုံးခုန်နှုန်းကို ပြန်လည် ရရှိစေရန် ဘေးမှရပ်ကြည့်နေသူများ အလွယ်တကူအသုံးပြုနိုင်စေရန် အသံဖြင့် ညွှန်ကြား ချက်များ ပေးပါသည်။)
  • AED ရရှိသည်နှင့် လူနာ၏ ရင်ဘတ်တွင် ကပ်ပြီး စက်မှ ညွှန်ကြားချက်အတိုင်း လိုက်နာပါ။
  • AED သည် နှလုံးအောက်ခန်း တုန်ခါမှုကို သိရှိနိုင်ရန် ဒီဇိုင်းထုတ်ထားပြီး လိုအပ်မှသာ လျှပ်စစ်ရှော့ခ် ပေးမည်ဖြစ်သည်။

နောင်တွင် ထပ်မံမဖြစ်ပွားစေရန် ကုသမှုများ –

  • ဆေးဝါးများ: နှလုံးစည်းချက်ကို ထိန်းညှိရန်နှင့် နှလုံးအောက်ခန်း တုန်ခါနိုင်ခြေကို လျှော့ချရန် နှလုံးစည်းချက်မှန်စေသော ဆေးများ (Anti-arrhythmic) ကို ဆရာဝန်က ညွှန်ကြားနိုင်ပါသည်။
  • နှလုံးစည်းချက်ထိန်းစက် (ICD) ထည့်ခြင်း: ညှပ်ရိုးအောက် အရေပြားအောက်တွင် စက်ငယ်လေး ထည့်သွင်းထားခြင်း ဖြစ်သည်။ ၎င်းသည် နှလုံးစည်းချက်ကို အမြဲစောင့်ကြည့်နေပြီး တုန်ခါမှုဖြစ်ပါက လျှပ်စစ်ရှော့ခ်ပေး၍ စည်းချက်ပြန်ညှိပေးသည်။
  • ခွဲစိတ်ခြင်းနှင့် အခြားနည်းလမ်းများ:
    • Cardiac ablation: နှလုံးအတွင်း စည်းချက်မမှန်မှုကို ဖြစ်စေသော လျှပ်စစ်အချက်ပြမှုများကို ပိတ်ဆို့ရန် အပူ သို့မဟုတ် အအေးဓာတ်ဖြင့် အမာရွတ်ငယ်များ ပြုလုပ်ခြင်း ဖြစ်သည်။
    • နှလုံးသွေးကြောချဲ့ခြင်းနှင့် စတန့် (Stent) ထည့်ခြင်း: နှလုံးအောင့်ခြင်းကြောင့် ဖြစ်ပါက ပိတ်နေသော သွေးကြောကို ပြန်ချဲ့ပေးခြင်း ဖြစ်သည်။
    • နှလုံးသွေးကြော ကျော်ဖြတ်ခွဲစိတ်ခြင်း (Bypass surgery): ပိတ်နေသော သွေးကြောများကို ကျော်၍ သွေးလမ်းကြောင်းသစ် ဖန်တီးပေးခြင်း ဖြစ်သည်။

Doctors who treat this condition