ခြုံငုံသုံးသပ်ချက် (Overview)

နျူရိုအင်းဒိုခရိုင်း (Neuroendocrine) ကျိတ်ဟုလည်း ခေါ်ဝေါ်သော ကာဆီနွိုက် (Carcinoid) အကျိတ်များသည် နျူရိုအင်းဒိုခရိုင်း ဆဲလ်များမှတစ်ဆင့် အလွန်နှေးကွေးစွာ ကြီးထွားလာသော ကင်ဆာအမျိုးအစား ဖြစ်ပါသည်။ နျူရိုအင်းဒိုခရိုင်း ဆဲလ်များကို ခန္ဓာကိုယ်အနှံ့အပြားတွင် တွေ့ရှိရပါသည်။ ကာဆီနွိုက် အကျိတ်များသည် အစာခြေလမ်းကြောင်း တစ်လျှောက်တွင် အဖြစ်များပြီး အထူးသဖြင့် အစာအိမ်၊ အူအတက်၊ အူသိမ်၊ အူမကြီး သို့မဟုတ် စအိုတို့တွင် စတင်တတ်ပြီး အဆုတ်တွင်လည်း ဖြစ်ပွားတတ်ပါသည်။ ရောဂါ၏ ကနဦးအဆင့်တွင် မည်သည့်လက္ခဏာမျှ မပြသသော်လည်း အဆိုပါ အကျိတ်များသည် ခန္ဓာကိုယ်အတွင်း ဟော်မုန်းများ ထုတ်လွှတ်နိုင်စွမ်းရှိသဖြင့် ဝမ်းလျှောခြင်း သို့မဟုတ် အရေပြားနီမြန်းခြင်း စသည့် လက္ခဏာများကို ဖြစ်စေပါသည်။ ခွဲစိတ်ကုသခြင်းနှင့် ဆေးဝါးများဖြင့် ကုသခြင်းတို့မှာ ၎င်းရောဂါအတွက် နည်းလမ်းများ ဖြစ်ကြပါသည်။

ရောဂါလက္ခဏာများ (Symptoms)

ကာဆီနွိုက် အကျိတ်များသည် ပုံမှန်အားဖြင့် လက္ခဏာများမှတစ်ဆင့် ရှာဖွေတွေ့ရှိရန် ခက်ခဲပါသည်။ သို့သော် လက္ခဏာများ ပေါ်ပေါက်လာပါက အကျိတ်မှ ထုတ်လွှတ်သော ဟော်မုန်းအမျိုးအစားနှင့် အကျိတ်ဖြစ်ပွားရာ နေရာအပေါ်တွင် မူတည်ပါသည်။

အဆုတ်တွင်ဖြစ်သော ကာဆီနွိုက်အကျိတ် လက္ခဏာများ

  • ရင်ဘတ်အောင့်ခြင်း
  • အသက်ရှူကျပ်ခြင်း၊ အသက်ရှူလျှင် တရွှေရွှေမြည်ခြင်း
  • ဝမ်းလျှောခြင်း
  • မျက်နှာနှင့် လည်ပင်းရှိ အရေပြားများ နီမြန်းခြင်း
  • ကိုယ်အလေးချိန် တက်လာခြင်း
  • အရေပြားပေါ်တွင် ခရမ်းရောင် သို့မဟုတ် ပန်းရောင် အမှတ်အသားများ ပေါ်လာခြင်း

အစာခြေလမ်းကြောင်းတွင်ဖြစ်သော ကာဆီနွိုက်အကျိတ် လက္ခဏာများ

  • ဗိုက်အောင့်ခြင်း
  • ဝမ်းလျှောခြင်း
  • ပျို့အန်ခြင်းနှင့် အူလမ်းကြောင်းပိတ်ဆို့မှုကြောင့် ဝမ်းမသွားနိုင်ခြင်း
  • စအိုမှ သွေးထွက်ခြင်း
  • စအိုတွင် နာကျင်ခြင်း
  • မျက်နှာနီမြန်းခြင်း

စိုးရိမ်ဖွယ်ရာ လက္ခဏာများ ဆက်တိုက်ခံစားနေရပါက ဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးရန် အကြံပြုလိုပါသည်။

ဖြစ်ပွားရသောအကြောင်းရင်းများ (Causes)

ကာဆီနွိုက် အကျိတ်များ ဖြစ်ပွားရသည့် အကြောင်းရင်းကို ရှင်းလင်းစွာ မသိရသေးပါ။ ယေဘုယျအားဖြင့် ကင်ဆာရောဂါများသည် ဆဲလ်များ၏ ဒီအန်အေ (DNA) အတွင်း မျိုးရိုးဗီဇပြောင်းလဲမှုများကြောင့် ဖြစ်ပွားပါသည်။ အဆိုပါ ပြောင်းလဲမှုများသည် ပုံမှန်ဆဲလ်များ သေဆုံးရမည့်အချိန်တွင် ဆဲလ်များအား ဆက်လက်ကြီးထွားစေပြီး ပွားများစေပါသည်။ ထိုသို့ ဆဲလ်များ စုပုံလာရာမှ အကျိတ်တစ်ခု ဖြစ်လာပါသည်။ ကင်ဆာဆဲလ်များသည် ပတ်ဝန်းကျင်ရှိ ကျန်းမာသော တစ်ရှူးများကို တိုက်ခိုက်ပြီး ခန္ဓာကိုယ်၏ အခြားအစိတ်အပိုင်းများသို့ ပျံ့နှံ့သွားတတ်ပါသည်။

ကာဆီနွိုက် အကျိတ်များသည် အင်္ဂါအစိတ်အပိုင်းများစွာတွင် တွေ့ရသော နျူရိုအင်းဒိုခရိုင်း ဆဲလ်များမှ ဖြစ်ပေါ်လာခြင်းဖြစ်ပြီး ၎င်းဆဲလ်များသည် ဟော်မုန်းထုတ်လုပ်ရန်နှင့် အစာခြေရည်များ ထုတ်လွှတ်မှုကို ထိန်းချုပ်ရန် တာဝန်ရှိပါသည်။

ဖြစ်နိုင်ခြေပိုများစေသည့် အချက်များ (Risk factors)

  • အသက်အရွယ်: သက်ကြီးရွယ်အိုများသည် ကာဆီနွိုက် အကျိတ်များ ဖြစ်ပွားရန် အခွင့်အလမ်း ပိုများပါသည်။
  • ကျား/မ: အမျိုးသမီးများတွင် ဤရောဂါဖြစ်ပွားနိုင်ခြေ ပိုမိုမြင့်မားပါသည်။
  • မိသားစုရာဇဝင်: မိသားစုအတွင်း မျိုးရိုးဗီဇဆိုင်ရာ အင်းဒိုခရိုင်းကျိတ်ရောဂါ (MEN 1) ရှိခြင်းက ကာဆီနွိုက် အကျိတ်ဖြစ်နိုင်ခြေကို မြင့်တက်စေပါသည်။ ဤရောဂါရှိသူများသည် အင်းဒိုခရိုင်း ဂလင်းများတွင် အကျိတ်များစွာ ဖြစ်ပေါ်တတ်သည့် အလားအလာရှိပါသည်။

ရောဂါရှာဖွေခြင်း (Diagnosis)

  • သွေးစစ်ဆေးခြင်း: ကာဆီနွိုက် အကျိတ်များမှ ထုတ်လွှတ်သော ဟော်မုန်းပမာဏ မြင့်မားနေခြင်း ရှိ၊ မရှိကို စစ်ဆေးနိုင်ပါသည်။
  • ဆီးစစ်ဆေးခြင်း: ခန္ဓာကိုယ်မှ အကျိတ်ထုတ်လွှတ်သော ဟော်မုန်းများကို ချေဖျက်သည့်အခါ ထွက်ပေါ်လာသည့် ဓာတုပစ္စည်းများ ဆီးထဲတွင် မြင့်မားစွာ ပါဝင်နေခြင်း ရှိ၊ မရှိကို သိရှိနိုင်ပါသည်။
  • ပုံရိပ်ဖော် စစ်ဆေးခြင်း: ဆရာဝန်များအနေဖြင့် အကျိတ်တည်ရှိရာ နေရာကို တိကျစွာ သိရှိနိုင်ရန် အောက်ပါစစ်ဆေးမှုများကို ပြုလုပ်နိုင်ပါသည်။
    • စီတီစကန် (CT scan) ရိုက်ခြင်း
    • သံလိုက်ဓာတ်မှန် (MRI) ရိုက်ခြင်း
    • ပက်စကန် (PET scan) ရိုက်ခြင်း
    • အိပ်စရေး (X-ray) ရိုက်ခြင်း
    • နျူကလီးယားဆေးပညာဆိုင်ရာ စကန်ဖတ်ခြင်း (Nuclear medicine scans)
  • မှန်ပြောင်းကြည့်ခြင်း သို့မဟုတ် ကင်မရာဖြင့် စစ်ဆေးခြင်း: ခန္ဓာကိုယ်အတွင်းပိုင်း နေရာများကို စစ်ဆေးရန် အသုံးပြုပါသည်။
    • အစာအိမ်နှင့် အူလမ်းကြောင်း မှန်ပြောင်းကြည့်ခြင်း (Endoscopy): ထိပ်တွင် ကင်မရာပါသော သေးငယ်သည့် ပိုက်ပျော့ကို အာခေါင်မှတစ်ဆင့် ထည့်သွင်းကာ အစာခြေလမ်းကြောင်း အတွင်းပိုင်းကို ကြည့်ရှုခြင်း ဖြစ်ပါသည်။
    • အသက်ရှူလမ်းကြောင်း မှန်ပြောင်းကြည့်ခြင်း (Bronchoscopy): အဆုတ်အတွင်း အကျိတ်များ ရှိ၊ မရှိ သိရှိရန် မှန်ပြောင်းထည့်၍ စစ်ဆေးခြင်း ဖြစ်ပါသည်။
    • အူမကြီး မှန်ပြောင်းကြည့်ခြင်း (Colonoscopy): စအိုပိုင်းဆိုင်ရာ ကာဆီနွိုက် အကျိတ်များကို စစ်ဆေးရန် ဖြစ်ပါသည်။
    • ဆေးတောင့်ပုံစံ ကင်မရာဖြင့် စစ်ဆေးခြင်း (Capsule endoscopy): ဆေးတောင့်အရွယ်အစားရှိသော ကင်မရာအသေးစားလေးကို မျိုချ၍ စစ်ဆေးခြင်း ဖြစ်ပါသည်။ အူသိမ်ပိုင်းကို စစ်ဆေးရန် လိုအပ်သည့်အခါ ဤနည်းလမ်းကို အသုံးပြုပါသည်။
  • အသားစယူ စစ်ဆေးခြင်း (Biopsy): ရောဂါကို အတည်ပြုနိုင်ရန် အကျိတ်မှ အသားစကို ထုတ်ယူ၍ ဓာတ်ခွဲခန်းတွင် စစ်ဆေးခြင်း ဖြစ်ပါသည်။ အကျိတ်တည်ရှိရာ နေရာအပေါ် မူတည်၍ သင့်တော်သော အသားစယူနည်းကို ရွေးချယ်ပါမည်။
    • အပ်ဖြင့် အသားစယူခြင်း (Needle biopsy): အကျိတ်အတွင်းမှ ဆဲလ်များကို အပ်ဖြင့် စုပ်ယူခြင်း ဖြစ်ပါသည်။ သို့မဟုတ်ပါက ခွဲစိတ်သည့် နည်းလမ်းဖြင့်လည်း အသားစ ထုတ်ယူနိုင်ပါသည်။ ဓာတ်ခွဲခန်း စစ်ဆေးမှုမှတစ်ဆင့် ဆဲလ်အမျိုးအစားနှင့် ရောဂါပြင်းထန်မှုကို အကဲဖြတ်ပါမည်။

ကုသခြင်း (Treatment)

ကုသမှု နည်းလမ်းများသည် အကျိတ်တည်ရှိရာနေရာ (ကင်ဆာ ပျံ့နှံ့မှု ရှိ၊ မရှိ)၊ အကျိတ်မှ ထုတ်လွှတ်သော ဟော်မုန်းအမျိုးအစားနှင့် လူနာ၏ ကျန်းမာရေး အခြေအနေအပေါ် မူတည်ပါသည်။

  • ခွဲစိတ်ကုသခြင်း: ရောဂါကို စောစီးစွာ သိရှိပါက အကျိတ်ကို အမြစ်ပြတ် ဖယ်ရှားနိုင်ရန် ခွဲစိတ်မှု ပြုလုပ်ပါမည်။ ရောဂါအဆင့် ရင့်နေပါက အကျိတ်အားလုံးကို ဖယ်ရှားရန် မဖြစ်နိုင်တော့ခြင်းမျိုး ရှိနိုင်ပါသည်။
  • ဆေးဝါးများဖြင့် ကုသခြင်း: အကျိတ်မှ ထုတ်လွှတ်သော ဟော်မုန်းများကို ဟန့်တားပေးခြင်းဖြင့် ရောဂါလက္ခဏာများကို သက်သာစေပြီး အကျိတ်ကြီးထွားနှုန်းကို နှေးကွေးစေပါသည်။ အသုံးပြုလေ့ရှိသော ဆေးဝါးများမှာ Octreotide၊ Lanreotide နှင့် Telotristat တို့ ဖြစ်ကြပါသည်။
  • ကီမိုဆေးသွင်း ကုသခြင်း (Chemotherapy): ကင်ဆာကျိတ်အတွင်းရှိ ဆဲလ်များကို သေစေရန် ဖြစ်ပါသည်။ ကီမိုဆေးဝါးများကို အကြောဆေး သို့မဟုတ် သောက်ဆေးပုံစံဖြင့် ပေးနိုင်ပါသည်။ အကျိတ်တစ်ခုလုံးကို ခွဲစိတ်၍ မရနိုင်သော အဆင့်မြင့် ကာဆီနွိုက် အကျိတ်များအတွက် ဤနည်းလမ်းကို အသုံးပြုနိုင်ပါသည်။
  • ပစ်မှတ်ထား ကုသခြင်း (Targeted therapy): များသောအားဖြင့် ရောဂါရင့်နေသော အကျိတ်များအတွက် ကီမိုဆေးသွင်းခြင်းနှင့် တွဲဖက် အသုံးပြုပါသည်။ ကင်ဆာဆဲလ်များအတွင်းရှိ ပုံမှန်မဟုတ်သော အစိတ်အပိုင်းများကို တိုက်ခိုက်ခြင်းဖြင့် ကင်ဆာဆဲလ်များကို သေစေပါသည်။
  • ပပ်တိုက် ရီဆက်တာ ရေဒီယိုနျူကလိုက် ကုသမှု (PRRT): ကင်ဆာဆဲလ်များကို ဖျက်ဆီးမည့် ဆေးနှင့် ရေဒီယိုသတ္တိကြွ ပစ္စည်းကို ပေါင်းစပ်ကုသခြင်း ဖြစ်ပါသည်။ ဆေးကို ခန္ဓာကိုယ်အတွင်း ထိုးသွင်းပြီးနောက် ၎င်းသည် ကင်ဆာဆဲလ်များရှိရာသို့ သွားရောက်ကာ ရောင်ခြည်ဖြင့် ဖျက်ဆီးပစ်ပါသည်။
  • အသည်းသို့ ပျံ့နှံ့သွားသော ကင်ဆာအတွက် ကုသမှု: အသည်း၏ အစိတ်အပိုင်းအချို့ကို ခွဲစိတ်ဖယ်ရှားခြင်း၊ အသည်းသို့ သွေးစီးဆင်းမှုကို ပိတ်ဆို့ခြင်း (Hepatic artery embolization) နှင့် အပူ သို့မဟုတ် အအေးလှိုင်းများ အသုံးပြု၍ ကင်ဆာဆဲလ်များကို ဖျက်ဆီးခြင်း စသည့် နည်းလမ်းများကို အသုံးပြုနိုင်ပါသည်။

Doctors who treat this condition