မိန်းမကိုယ်မှိုစွဲခြင်း
ခြုံငုံသုံးသပ်ချက်
မိန်းမကိုယ်မှိုစွဲခြင်းဆိုသည်မှာ မိန်းမကိုယ်ဝတ်ဆံနှင့် ပတ်ဝန်းကျင်တစ်ရှူးများကို ထိခိုက်စေသော မှိုပိုးကူးစက်မှုဖြစ်ပြီး ယားယံခြင်း၊ အရည်ဆင်းခြင်းနှင့် ပြင်းထန်စွာယားယံခြင်းတို့ကို ဖြစ်စေပါသည်။
အမျိုးသမီး လေးဦးတွင် သုံးဦးခန့်သည် ၎င်းတို့၏ ဘဝတစ်သက်တာတွင် မိန်းမကိုယ်မှိုစွဲခြင်း (သို့မဟုတ်) မိန်းမကိုယ် ကန်ဒီဒါပိုးကူးစက်ခြင်း (Vaginal Candidiasis) ကို အနည်းဆုံးတစ်ကြိမ် ခံစားရလေ့ရှိပါသည်။ အမျိုးသမီးအများစုတွင် ဤဝေဒနာကို နှစ်ကြိမ်နှင့်အထက် ခံစားရတတ်ပါသည်။
မိန်းမကိုယ်မှိုစွဲခြင်းကို လိင်မှတစ်ဆင့်ကူးစက်သောရောဂါဟု မသတ်မှတ်ပါ။ သို့သော် ပုံမှန်လိင်ဆက်ဆံမှု စတင်ပြုလုပ်ချိန်တွင် မှိုစွဲနိုင်ခြေ ပိုများပါသည်။ ထို့ပြင် ပါးစပ်နှင့် လိင်အင်္ဂါ ထိတွေ့ဆက်ဆံခြင်းသည်လည်း ပိုးကူးစက်မှုကို ဖြစ်စေနိုင်ကြောင်း အထောက်အထားအချို့ ရှိပါသည်။
မိန်းမကိုယ်မှိုစွဲခြင်းကို ဆေးဝါးများဖြင့် အောင်မြင်စွာ ကုသနိုင်ပါသည်။ တစ်နှစ်အတွင်း လေးကြိမ်နှင့်အထက် ထပ်ခါတလဲလဲ မှိုစွဲခြင်းဖြစ်ပါက ပိုမိုကြာရှည်သော ကုသမှုသင်တန်းနှင့် ရောဂါထိန်းသိမ်းမှု အစီအစဉ်များ လိုအပ်နိုင်ပါသည်။
ရောဂါလက္ခဏာများ
မကိုယ်မှိုစွဲခြင်း၏ လက္ခဏာများသည် အပျော့စားမှ အသင့်အတင့်အထိ ရှိနိုင်ပြီး အောက်ပါတို့ ပါဝင်ပါသည်။
- မိန်းမကိုယ်အတွင်း အင်ပြင်များထွက်ခြင်း၊ နာကျင်ခြင်းနှင့် ကိုက်ခဲခြင်း
- မိန်းမကိုယ်နှင့် မိန်းမကိုယ်အပြင်ပိုင်း ယားယံခြင်းနှင့် စပ်ဖျဉ်းဖျဉ်းဖြစ်ခြင်း
- မိန်းမကိုယ်အပြင်ပိုင်း နီရဲလာပြီး ရောင်ရမ်းလာခြင်း
- မိန်းမကိုယ်မှ ရေကဲ့သို့ ကျဲသော အရည်များဆင်းခြင်း
- အထူးသဖြင့် ဆီးသွားစဉ် သို့မဟုတ် လိင်ဆက်ဆံစဉ်တွင် ပူစပ်ပူလောင် ခံစားရခြင်း
- နို့ခဲကဲ့သို့ ပျစ်ချွဲဖြူဖွေးပြီး အနံ့မရှိသော အရည်များဆင်းခြင်း
နောက်ဆက်တွဲ ပြဿနာများ
အောက်ပါအခြေအနေများသည် မှိုစွဲခြင်း၏ နောက်ဆက်တွဲဆိုးကျိုးများကို ပြသခြင်း သို့မဟုတ် ဖြစ်ပွားစေနိုင်ခြင်းတို့ ဖြစ်ပါသည်။
- ပြင်းထန်သော နီရဲခြင်း၊ ရောင်ရမ်းခြင်းနှင့် အရေပြားပွန်းပဲ့ခြင်း သို့မဟုတ် အနာများဖြစ်သည်အထိ ပြင်းထန်စွာ ယားယံခြင်း
- တစ်နှစ်အတွင်း လေးကြိမ်နှင့်အထက် မှိုစွဲခြင်းကို ခံစားရခြင်း
- ရှားပါးသော မှိုအမျိုးအစားကြောင့် ပိုးဝင်ခြင်း
- ကိုယ်ဝန်ဆောင်နေချိန်ဖြစ်ခြင်း
- ဆီးချိုရောဂါကို ကောင်းမွန်စွာ မထိန်းချုပ်နိုင်ခြင်း
- ဆေးဝါးများကြောင့်ဖြစ်စေ (သို့မဟုတ်) HIV ပိုးကြောင့်ဖြစ်စေ ကိုယ်ခံအားစနစ် အလွန်အားနည်းနေခြင်း
မိန်းမကိုယ်မှိုစွဲခြင်း၏ လက္ခဏာများကို ခံစားရပါက ဆရာဝန် သို့မဟုတ် သားဖွားမီးယပ်အထူးကုနှင့် တိုင်ပင်ဆွေးနွေးပါ။
ဖြစ်ပွားရသည့် အကြောင်းရင်းများ
မိန်းမကိုယ်မှိုစွဲခြင်း အများစုကို Candida Albicans ဟုခေါ်သော မှိုပိုးကြောင့် ဖြစ်ပွားစေပါသည်။
မိန်းမကိုယ်အတွင်း၌ Candida အပါအဝင် ဘက်တီးရီးယားနှင့် မှိုများမှာ သဘာဝအတိုင်း မျှတစွာ တည်ရှိနေပါသည်။ Lactobacillus ဟုခေါ်သော ဘက်တီးရီးယားများသည် မှိုများ အလွန်အကျွံ မပေါက်ဖွားစေရန် ထိန်းချုပ်ပေးပါသည်။
သို့သော် ထိုမျှခြေ ပျက်စီးသွားသောအခါ Candida မှိုများ အလွန်အကျွံ ပေါက်ဖွားလာခြင်း (သို့မဟုတ်) မိန်းမကိုယ်ရှိ ဆဲလ်တစ်ရှူး အလွှာများအတွင်းသို့ မှိုပိုးများ ထိုးဖောက်ဝင်ရောက်ခြင်းတို့ကြောင့် ရောဂါလက္ခဏာများ ဖြစ်ပေါ်လာရပါသည်။
မှိုပိုးများ အလွန်အကျွံ ပေါက်ဖွားစေသည့် အကြောင်းရင်းများမှာ –
- မိန်းမကိုယ်အတွင်းရှိ သဘာဝပိုးမွှားများကို ပျက်စီးစေသည့် ပဋိဇီဝဆေးများ သောက်သုံးခြင်း
- ကိုယ်ဝန်ဆောင်ခြင်း
- ဆီးချိုရောဂါကို မထိန်းချုပ်နိုင်ခြင်း
- ကိုယ်ခံအားစနစ် အားနည်းခြင်း
- သောက်ဆေးအမျိုးအစား ကိုယ်ဝန်တားဆေးများကဲ့သို့ အီစထရိုဂျင် ဟော်မုန်းပမာဏကို မြင့်တက်စေသော ဟော်မုန်းကုထုံးများ ခံယူခြင်း
Candida Albicans သည် မှိုစွဲခြင်းကို ဖြစ်စေသော အဖြစ်အများဆုံး မှိုပိုးဖြစ်ပါသည်။ အခြားသော Candida မှိုအမျိုးအစားများကြောင့်လည်း မှိုစွဲနိုင်သော်လည်း ၎င်းတို့မှာ ကုသရခက်ခဲပြီး ပိုမိုပြင်းထန်သော ဆေးဝါးများ လိုအပ်လေ့ရှိပါသည်။
ရောဂါရှာဖွေခြင်း
မိန်းမကိုယ်မှိုစွဲခြင်း ရှိမရှိ အတည်ပြုနိုင်ရန် ဆရာဝန်သည် မေးမြန်းမှုများပြုလုပ်ခြင်းနှင့် အောက်ပါစစ်ဆေးမှုများကို ဆောင်ရွက်ပါမည်။
- ကျန်းမာရေးရာဇဝင်ကို မေးမြန်းခြင်း။ ယခင်က ဖြစ်ပွားခဲ့ဖူးသော မိန်းမကိုယ်ပိုးဝင်မှုများ သို့မဟုတ် လိင်မှတစ်ဆင့် ကူးစက်တတ်သောရောဂါများ ရှိမရှိ အချက်အလက်များကို မေးမြန်းစုဆောင်းပါမည်။
- ကိုယ်ကာယဆိုင်ရာ စစ်ဆေးခြင်း။ မျိုးပွားအင်္ဂါ အပြင်ပိုင်းကို စစ်ဆေးခြင်းများ ပြုလုပ်ပါမည်။ သားအိမ်နှင့် သားဥအိမ်တို့၏ အခြေအနေကို သိရှိနိုင်ရန် လက်ညှိုးနှင့် လက်ခလယ်တို့ကို မိန်းမကိုယ်အတွင်းသို့ ထည့်သွင်းစစ်ဆေးစဉ် အခြားလက်တစ်ဖက်ဖြင့် ဝမ်းဗိုက်ပေါ်မှ ဖိ၍ စမ်းသပ်ပါမည်။ ထို့ပြင် သားအိမ်ခေါင်းနှင့် မိန်းမကိုယ်အတွင်းပိုင်းရှိ ပုံမှန်မဟုတ်သော အခြေအနေများကို ကြည့်ရှုစစ်ဆေးရန် Speculum ဟုခေါ်သော ကိရိယာကို ထည့်သွင်းစစ်ဆေးပါမည်။
- မိန်းမကိုယ်မှ ထွက်သောအရည်များကို စစ်ဆေးခြင်း။ မှိုစွဲခြင်းကို ဖြစ်စေသော မှိုပိုးအမျိုးအစားကို တိကျစွာ သိရှိနိုင်ရန် မိန်းမကိုယ်မှထွက်သော အရည်အသားစကို ဓာတ်ခွဲခန်းသို့ ပေးပို့စစ်ဆေးနိုင်ပါသည်။ မှိုပိုးအမျိုးအစားကို သိရှိပါက ထပ်ခါတလဲလဲဖြစ်ပွားသော မှိုစွဲခြင်းအတွက် ပိုမိုထိရောက်သော ကုသမှုကို ဆရာဝန်က ညွှန်ကြားပေးနိုင်မည် ဖြစ်ပါသည်။
ကုသမှု
မိန်းမကိုယ်မှိုစွဲခြင်းအတွက် ကုသမှုမှာ ရောဂါ၏ ပြင်းထန်မှုနှင့် ဖြစ်ပွားသည့် အကြိမ်အရေအတွက်ပေါ်တွင် မူတည်ပါသည်။
ရောဂါလက္ခဏာ အပျော့စားမှ အသင့်အတင့်ရှိပြီး တစ်ခါတစ်ရံမှသာ ဖြစ်ပွားတတ်သူများအတွက် ဆရာဝန်က အောက်ပါတို့ကို လမ်းညွှန်နိုင်ပါသည်။
- ကာလတို မိန်းမကိုယ်ကုထုံး။ မှိုသတ်ဆေးကို သုံးရက်မှ ခုနစ်ရက်အထိ အသုံးပြုခြင်းဖြင့် မှိုစွဲခြင်းကို ပျောက်ကင်းစေနိုင်ပါသည်။ Miconazole နှင့် Terconazole ကဲ့သို့သော မှိုသတ်ဆေးများကို ခရင်မ်၊ လိမ်းဆေး၊ သောက်ဆေးနှင့် မိန်းမကိုယ်ထည့်ဆေး တောင့်များအဖြစ် ရရှိနိုင်ပါသည်။ ဤဆေးအချို့ကို ဆရာဝန်ညွှန်ကြားချက်မလိုဘဲ ဝယ်ယူနိုင်သော်လည်း အချို့မှာ ဆရာဝန်ညွှန်ကြားချက် လိုအပ်ပါသည်။
- တစ်ကြိမ်သောက်ဆေး။ Fluconazole ဆေးကို တစ်ကြိမ်တည်းသောက်ရန် ဆရာဝန်က ညွှန်ကြားနိုင်ပါသည်။ ကိုယ်ဝန်ဆောင်နေချိန်တွင် သောက်ဆေးများကို အသုံးမပြုသင့်ပါ။ ရောဂါလက္ခဏာ ပြင်းထန်ပါက သုံးရက်ခြားပြီး နှစ်ကြိမ်သောက်ရန် လိုအပ်နိုင်ပါသည်။
ကုသမှုခံယူပြီးနောက် ရောဂါလက္ခဏာများ မပျောက်ကင်းပါက သို့မဟုတ် နှစ်လအတွင်း ရောဂါပြန်ဖြစ်ပါက ဆရာဝန်နှင့် ပြန်လည်ပြသပါ။
ရောဂါလက္ခဏာ ပြင်းထန်သူများ သို့မဟုတ် ခဏခဏ မှိုစွဲတတ်သူများအတွက် ဆရာဝန်က အောက်ပါတို့ကို အကြံပြုနိုင်ပါသည်။
- ကာလရှည် မိန်းမကိုယ်ကုထုံး။ ဆရာဝန်သည် မှိုသတ်ဆေးကို နှစ်ပတ်အထိ နေ့စဉ်အသုံးပြုရန် ညွှန်ကြားနိုင်ပြီး ထိုသို့အသုံးပြုပြီးနောက် ခြောက်လတိုင်အောင် တစ်ပတ်လျှင် တစ်ကြိမ် ဆက်လက်အသုံးပြုရန် အကြံပြုနိုင်ပါသည်။
- အကြိမ်ပေါင်းများစွာ သောက်ရသောဆေး။ မိန်းမကိုယ်ကုထုံးအစား မှိုသတ်ဆေးကို နှစ်ကြိမ် သို့မဟုတ် သုံးကြိမ်ခန့် သောက်ရန် ဆရာဝန်က အကြံပြုနိုင်ပါသည်။ သို့သော် ကိုယ်ဝန်ဆောင်အမျိုးသမီးများအတွက် ဤကုသမှုကို အကြံမပြုပါ။
- ဆေးယဉ်ပါးမှိုများအတွက် ကုထုံး။ မိန်းမကိုယ်အတွင်း ထည့်သွင်းရသော Boric Acid ဆေးတောင့်ကို ဆရာဝန်က အသုံးပြုရန် အကြံပြုနိုင်ပါသည်။ ဤဆေးကို သမရိုးကျမှိုသတ်ဆေးများနှင့် ယဉ်ပါးနေသော Candida မှိုပိုးများကို ကုသရန်အတွက်သာ အသုံးပြုပြီး ပါးစပ်မှ သောက်မိပါက အသက်အန္တရာယ် ရှိနိုင်ပါသည်။
