မိန်းမကိုယ် အပြင်ဘက်ပိုင်း ကင်ဆာ

အနှစ်ချုပ်

မိံန်းမကိုယ်အပြင်ဘက်ပိုင်း (Vulva) ဆိုသည်မှာ မိန်းမကိုယ်နှုတ်ခမ်းသားများ၊ မိန်းမကိုယ်အစေ့၊ ဆီးထွက်ပေါက်နှင့် မိန်းမကိုယ်ဝတို့ကို ဝန်းရံထားသည့် အပြင်ဘက် အရေပြားအလွှာ ဖြစ်ပါသည်။ ဤနေရာတွင် ဖြစ်ပွားတတ်သော ကင်ဆာအမျိုးအစားမှာ ဖြစ်ခဲသော်လည်း ၎င်းကို မိန်းမကိုယ်အပြင်ဘက်ပိုင်း ကင်ဆာ (Vulvar cancer) ဟု သိကြပါသည်။

မိန်းမကိုယ်အပြင်ဘက်တွင် ယားယံသော အဖုအကျိတ် သို့မဟုတ် အနာ ဖြစ်ခြင်းသည် ဤကင်ဆာ၏ အဖြစ်များသော အစောပိုင်းလက္ခဏာဖြစ်ပြီး မည်သည့်အသက်အရွယ်တွင်မဆို ဖြစ်ပွားနိုင်သော်လည်း အရွယ်ရောက်ပြီး အမျိုးသမီးများတွင် အများဆုံးတွေ့ရတတ်ပါသည်။ ကုသရာတွင် မိန်းမကိုယ်အပြင်ဘက်ပိုင်း တစ်ခုလုံး သို့မဟုတ် တစ်စိတ်တစ်ပိုင်းကို ဖယ်ရှားရန် ခွဲစိတ်မှု ပြုလုပ်ရနိုင်ပါသည်။ အကယ်၍ စောစီးစွာ သိရှိပါက ကြီးမားသော ခွဲစိတ်မှုများ ပြုလုပ်ရန် မလိုအပ်နိုင်ပါ။

ရောဂါလက္ခဏာများ

မိန်းမကိုယ်အပြင်ဘက်ပိုင်း ကင်ဆာ၏ လက္ခဏာများမှာ အောက်ပါအတိုင်း ဖြစ်ပါသည်

  • ထိလျှင် နာကျင်ခြင်း သို့မဟုတ် အောင့်ခြင်း
  • မိန်းမကိုယ်အပြင်ဘက်ပိုင်းတွင် ပူစပ်ပူလောင် ဖြစ်ခြင်း
  • စွဲမြဲစွာ ယားယံနေခြင်း
  • မိန်းမကိုယ်အပြင်ဘက် အရေပြား ထူလာခြင်း သို့မဟုတ် အရောင်ပြောင်းလဲခြင်း
  • အနာဖြစ်ခြင်း သို့မဟုတ် ကြွက်နို့ကဲ့သို့ အဖုအကျိတ် ဖြစ်ခြင်း
  • ရာသီသွေး မဟုတ်ဘဲ သွေးဆင်းခြင်း
  • လိင်ဆက်ဆံစဉ် သို့မဟုတ် ဆီးသွားစဉ် ဆီးခုံပိုင်း နာကျင်ခြင်း

အကယ်၍ အထက်ပါ လက္ခဏာများကို သတိပြုမိပါက သားဖွားမီးယပ် အထူးကုဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးပါ။

ဖြစ်ပွားရသည့် အကြောင်းရင်းများ

မိန်းမကိုယ်အပြင်ဘက်ပိုင်း ကင်ဆာ ဖြစ်ပွားရသည့် အကြောင်းရင်းကို ရှင်းလင်းစွာ မသိရသေးပါ။ ယေဘုယျအားဖြင့် ဆဲလ်များ၏ DNA ဗီဇပြောင်းလဲမှု ဖြစ်ပေါ်သည့်အခါ ကင်ဆာ စတင်ဖြစ်ပွားပါသည်။ ဤဗီဇပြောင်းလဲမှုကြောင့် ဆဲလ်များသည် ပုံမှန်ထက် လျင်မြန်စွာ ပွားများလာပြီး ကျန်းမာသော ဆဲလ်များထက် ပိုမို အသက်ရှည်ကာ အကျိတ်များ ဖြစ်ပေါ်လာစေပါသည်။ ထိုအကျိတ်များသည် အနီးနားရှိ တစ်သျှူးများကို တိုက်စားနိုင်သလို ခန္ဓာကိုယ်၏ အခြားအစိတ်အပိုင်းများသို့လည်း ပျံ့နှံ့သွားနိုင်ပါသည်။

အမျိုးအစားများ

ကုသမှု ပုံစံသည် မည်သည့်ဆဲလ်အမျိုးအစားမှ ကင်ဆာစတင်သနည်း ဆိုသည့်အပေါ်တွင် မူတည်ပါသည်။ အဖြစ်များသော အမျိုးအစားများမှာ –

  • Squamous cell carcinoma: ဤအမျိုးအစားသည် အဖြစ်အများဆုံး ဖြစ်ပါသည်။ မိန်းမကိုယ်အပြင်ဘက် မျက်နှာပြင်ရှိ ပါးလွှာပြီး ပြားသော ဆဲလ်အလွှာမှ စတင် ဖြစ်ပွားပါသည်။
  • Melanoma: အရေပြားရှိ အရောင်ခြယ်ဆဲလ်များမှ ဖြစ်ပေါ်လာသော အရေပြားကင်ဆာ အမျိုးအစား ဖြစ်ပါသည်။ ဤအမျိုးအစားသည် ခန္ဓာကိုယ်၏ အခြားအစိတ်အပိုင်းများသို့ ပျံ့နှံ့နိုင်ခြေ အလွန်များပါသည်။

ဖြစ်နိုင်ခြေ ပိုများစေသော အချက်များ

အောက်ပါအချက်များသည် မိန်းမကိုယ်အပြင်ဘက်ပိုင်း ကင်ဆာ ဖြစ်နိုင်ခြေကို ပိုမိုမြင့်မားစေနိုင်သည် –

  • အသက်ကြီးခြင်း: အသက်အရွယ် ကြီးရင့်လာသည်နှင့်အမျှ (ပျမ်းမျှ အသက် ခြောက်ဆယ့်ငါး နှစ်ဝန်းကျင်) ဤကင်ဆာ ဖြစ်နိုင်ခြေ ပိုများလာပါသည်။ သို့သော်လည်း မည်သည့်အသက်အရွယ်တွင်မဆို ဖြစ်ပွားနိုင်ပါသည်။
  • HPV ဗိုင်းရပ်စ် ကူးစက်ခံရခြင်း: HPV ဗိုင်းရပ်စ်သည် မိန်းမကိုယ်အပြင်ဘက်ပိုင်း ကင်ဆာနှင့် သားအိမ်ခေါင်းကင်ဆာ ကဲ့သို့သော ကင်ဆာများ ဖြစ်နိုင်ခြေကို မြင့်မားစေပါသည်။ ၎င်းသည် လိင်မှတစ်ဆင့် ကူးစက်တတ်သော ရောဂါဖြစ်ပြီး ငယ်ရွယ်သူများနှင့် လိင်ဆက်ဆံဖော်ရှိသူများတွင် ဖြစ်ပွားနိုင်ပါသည်။ ဤပိုးသည် အလိုအလျောက် ပျောက်ကွယ်သွားနိုင်သလို နောက်ပိုင်းတွင် ကင်ဆာဖြစ်စေနိုင်သည့် ဆဲလ်ဗီဇပြောင်းလဲမှုများကိုလည်း ဖြစ်ပေါ်စေနိုင်ပါသည်။
  • ဆေးလိပ်သောက်ခြင်း: ဤကင်ဆာ ဖြစ်နိုင်ခြေကို ပိုမို မြင့်မားစေနိုင်ပါသည်။
  • ကိုယ်ခံအားစနစ် အားနည်းခြင်း: HIV ပိုးရှိသူများ သို့မဟုတ် ကိုယ်အင်္ဂါ အစားထိုး ကုသမှုကြောင့် ကိုယ်ခံအား ကျဆင်းစေသော ဆေးဝါးများ သောက်သုံးနေရသူများတွင် ဖြစ်နိုင်ခြေ ပိုများပါသည်။
  • မိန်းမကိုယ်အပြင်ဘက်ပိုင်း၌ ကင်ဆာအကြို အခြေအနေများ ရှိဖူးခြင်း: ၎င်းမှတစ်ဆင့် ကင်ဆာအဆင့်သို့ ကူးပြောင်းသွားနိုင်ပါသည်။ ဆရာဝန်သည် ထိုနေရာကို ဖယ်ရှားရန်နှင့် ပုံမှန်စစ်ဆေးမှုများ ပြုလုပ်ရန် အကြံပြုပါလိမ့်မည်။
  • မိန်းမကိုယ် အရေပြားရောဂါ ရှိခြင်း: Lichen sclerosus ဟုခေါ်သော မိန်းမကိုယ် အရေပြား ယားယံပြီး ပါးလွှာသွားသည့် ရောဂါရှိသူများတွင် ဤကင်ဆာ ဖြစ်နိုင်ခြေ ပိုများပါသည်။
  • လိင်ဆက်ဆံဖော် များပြားခြင်း။

ကင်ဆာရောဂါဟုတ်မဟုတ် စစ်ဆေးအတည်ပြုခြင်း

မိန်းမကိုယ်အပြင်ပိုင်းကင်ဆာ (Vulvar cancer) ကို ရှာဖွေအတည်ပြုရန် အောက်ပါ လုပ်ဆောင် ချက်များကို ပြုလုပ်နိုင်ပါသည်။

  • မိန်းမကိုယ်အပြင်ပိုင်းကို စစ်ဆေးခြင်း။ ဆရာဝန်သည် ပုံမှန်မဟုတ်သော အခြေအနေများရှိမရှိ သိရှိနိုင်ရန် မိန်းမကိုယ်အပြင်ပိုင်းကို ကိုယ်ကာယဆိုင်ရာ စစ်ဆေးမှုများ ပြုလုပ်ပါမည်။
  • အထူးပြုလုပ်ထားသော မှန်ဘီလူးဖြင့် စစ်ဆေးခြင်း။ မိန်းမကိုယ်အပြင်ပိုင်းကို အနီးကပ်အသေးစိတ် ကြည့်ရှုစစ်ဆေးရန်နှင့် ပုံမှန်မဟုတ်သော အစိတ်အပိုင်းများကို ရှာဖွေရန် Colposcopy ဟုခေါ်သော မှန်ဘီလူးကိရိယာကို အသုံးပြု၍ စစ်ဆေးပါမည်။
  • အသားစယူ၍ စစ်ဆေးခြင်း။ ထုံဆေးအသုံးပြု၍ မိန်းမကိုယ်အပြင်ပိုင်းရှိ အသားစအနည်းငယ်ကို ဖယ်ထုတ်ကာ မိုက်ခရိုစကုပ်ဖြင့် အသေးစိတ်ကြည့်ရှုစစ်ဆေးရန် ဓာတ်ခွဲခန်းသို့ ပေးပို့ပါမည်။

ကင်ဆာပျံ့နှံ့မှုအခြေအနေကို ဆုံးဖြတ်ခြင်း

ကင်ဆာရှိကြောင်း အတည်ပြုပြီးနောက် ဆရာဝန်သည် ရောဂါအဆင့်ကို အောက်ပါအတိုင်း သတ်မှတ်ပါမည်။

  • တင်ပါးဆုံကွင်းအတွင်း ကင်ဆာပျံ့နှံ့မှုရှိမရှိ စစ်ဆေးခြင်း။ ကင်ဆာပျံ့နှံ့ခြင်းရှိမရှိ ပိုမိုကျယ်ပြန့်စွာ အကဲဖြတ်နိုင်ရန် တင်ပါးဆုံကွင်းအတွင်းပိုင်းကို စစ်ဆေးမှုများ ပြုလုပ်နိုင်ပါသည်။
  • ပုံရိပ်ဖော်စစ်ဆေးမှုများ။ ကင်ဆာသည် ခန္ဓာကိုယ်၏ အခြားအစိတ်အပိုင်းများ (ဥပမာ ရင်ဘတ် သို့မဟုတ် ဝမ်းဗိုက်) သို့ ပျံ့နှံ့ခြင်းရှိမရှိနှင့် နောက်ထပ်လိုအပ်သော စစ်ဆေးမှုများအတွက် အိတ်စရေး (X-ray)၊ ကွန်ပျူတာဓာတ်မှန် (CT)၊ သံလိုက်ဓာတ်မှန် (MRI) နှင့် ပက်စကင် (PET) တို့ကို ပြုလုပ်ရန် ဆရာဝန်က အကြံပြုနိုင်ပါသည်။

မိန်းမကိုယ်အပြင်ပိုင်းကင်ဆာကို အဆင့် သုည မှ လေး အထိ သတ်မှတ်နိုင်ပါသည်။ အနိမ့်ဆုံးအဆင့်သည် ကင်ဆာမှာ မိန်းမကိုယ်အပြင်ပိုင်း၌သာ ရှိသေးသည်ဟု ဆိုလိုပြီး အဆင့် လေး သို့ ရောက်ရှိပါက ကင်ဆာသည် အဆင့်မြင့်နေပြီး အနီးနားရှိ တစ်ရှူးများ သို့မဟုတ် ခန္ဓာကိုယ်၏ အခြားအစိတ်အပိုင်းများသို့ ပျံ့နှံ့သွားပြီဖြစ်ကြောင်း ဆိုလိုပါသည်။

ကုသမှု

မိန်းမကိုယ်အပြင်ပိုင်းကင်ဆာ ကုသမှုသည် ကင်ဆာအမျိုးအစား၊ ရောဂါအဆင့်နှင့် ဖြစ်ပွားသည့်နေရာအပေါ် မူတည်ပါသည်။ လူနာ၏ ယေဘုယျကျန်းမာရေးအခြေအနေနှင့် ကုသမှုရွေးချယ်စရာများကိုလည်း ထည့်သွင်းစဉ်းစားမည်ဖြစ်ပါသည်။

ခွဲစိတ်ကုသခြင်း

မိန်းမကိုယ်အပြင်ပိုင်းကင်ဆာအတွက် အောက်ပါခွဲစိတ်မှုနည်းလမ်းများကို ပြုလုပ်နိုင်ပါသည်။

  • ကင်ဆာကျိတ်ကို ဖယ်ထုတ်ခြင်း။ ကင်ဆာဆဲလ်အားလုံးကို ဖယ်ရှားပြီးဖြစ်ကြောင်း သေချာစေရန် ကင်ဆာဖြစ်နေသော အစိတ်အပိုင်းနှင့် ၎င်း၏ပတ်ဝန်းကျင်ရှိ ကျန်းမာသော တစ်ရှူးအနည်းငယ်ကိုပါ ဖယ်ရှားခြင်း ဖြစ်ပါသည်။
  • မိန်းမကိုယ်အပြင်ပိုင်းကို ဖြတ်ထုတ်ခြင်း။ မိန်းမကိုယ်အပြင်ပိုင်း၏ အချို့သောအစိတ်အပိုင်းကိုသာ ဖြတ်ထုတ်ခြင်း သို့မဟုတ် ကင်ဆာအမျိုးအစားကြီးမားပါက မိန်းမကိုယ်အပြင်ပိုင်းတစ်ခုလုံးနှင့် ၎င်း၏အောက်ခြေရှိ တစ်ရှူးများကိုပါ အကုန်အစင်ဖြတ်ထုတ်ခြင်းတို့ ပြုလုပ်နိုင်ပါသည်။ ကင်ဆာကျိတ် အလွန်ကြီးမားပါက ခွဲစိတ်၍ ဖယ်ရှားရလွယ်ကူစေရန် ကင်ဆာကျိတ်အရွယ်အစားကို လျှော့ချသည့်အနေဖြင့် ဓာတ်ရောင်ခြည်ကုထုံး သို့မဟုတ် ဆေးသွင်းကုထုံးတို့နှင့် တွဲဖက်လုပ်ဆောင်နိုင်ပါသည်။
  • ရှေ့ပြေး ပြန်ရည်ကျိတ်ကို အသားစယူစစ်ဆေးခြင်း။ ကင်ဆာပျံ့နှံ့ရန် အလားအလာအရှိဆုံးသော ပြန်ရည်ကျိတ်များကို ရှာဖွေဖယ်ရှားပြီး စစ်ဆေးခြင်းဖြစ်ပါသည်။ ထိုကျိတ်များတွင် ကင်ဆာမတွေ့ရှိပါက ပြန်ရည်ကျိတ်များသို့ ကင်ဆာမပျံ့နှံ့သေးကြောင်း ညွှန်ပြပါသည်။
  • ပြန်ရည်ကျိတ်များစွာကို ဖယ်ရှားခြင်း။ ကင်ဆာသည် ပြန်ရည်ကျိတ်များအတွင်းသို့ ပျံ့နှံ့နေပြီဆိုပါက ခန္ဓာကိုယ်၏ အလှမ်းဝေးသောနေရာရှိ ပြန်ရည်ကျိတ်များသို့ ထပ်မံမပျံ့နှံ့စေရန် ပြန်ရည်ကျိတ်အမြောက်အမြားကို ဖယ်ရှားနိုင်ပါသည်။

ဓာတ်ရောင်ခြည်ဖြင့် ကုသခြင်း

ကင်ဆာဆဲလ်များကို ဖျက်ဆီးရန် စွမ်းအင်မြင့်မားသော အိတ်စရေးနှင့် ပရိုတွန်ရောင်ခြည်တန်းများကို အသုံးပြုပါသည်။ ခန္ဓာကိုယ်ကို ဝန်းရံထားသော စက်ပစ္စည်းမှတစ်ဆင့် အရေပြားပေါ်ရှိ သတ်မှတ်ထားသော နေရာများသို့ ရောင်ခြည်ပေး၍ ကုသခြင်း ဖြစ်ပါသည်။ ဓာတ်ရောင်ခြည်ကုထုံးကို ခွဲစိတ်ဖယ်ရှားရလွယ်ကူစေရန် ကင်ဆာကျိတ်အရွယ်အစား လျှော့ချရာတွင် အသုံးပြုနိုင်ပါသည်။ ထို့အပြင် ကင်ဆာဆဲလ်များကို ဓာတ်ရောင်ခြည်ဖြင့် ပိုမိုလွယ်ကူစွာ တိုက်ဖျက်နိုင်ရန် ဆေးသွင်းကုထုံးနှင့် တွဲဖက်၍လည်း အသုံးပြုနိုင်ပါသည်။ ဓာတ်ရောင်ခြည်ကုထုံးကို ကင်ဆာရှိနေသော ပြန်ရည်ကျိတ်များကို ကုသရန် သို့မဟုတ် ခွဲစိတ်ပြီးနောက် ကျန်ရှိနေနိုင်သော ကင်ဆာဆဲလ်များကို သတ်ရန်အတွက်လည်း အသုံးပြုနိုင်ပြီး အများအားဖြင့် ဆေးသွင်းကုထုံးနှင့် တွဲဖက်လုပ်ဆောင်လေ့ရှိပါသည်။

ဆေးသွင်းကုသခြင်း

ဆေးသွင်းကုထုံးသည် ကင်ဆာဆဲလ်များကို သေစေနိုင်သော ဓာတုပစ္စည်းများပါဝင်သည့် ဆေးဝါးများကို သောက်ဆေး သို့မဟုတ် သွေးပြန်ကြောအတွင်း ထိုးဆေးအဖြစ် အသုံးပြုခြင်း ဖြစ်ပါသည်။ ၎င်းကို မိန်းမကိုယ်အပြင်ပိုင်းကင်ဆာ အဆင့်မြင့်နေချိန်တွင် အသုံးပြုနိုင်ပါသည်။ ကင်ဆာကျိတ်အရွယ်အစားကို လျှော့ချရန်နှင့် ခွဲစိတ်ရလွယ်ကူစေရန် သို့မဟုတ် ပြန်ရည်ကျိတ်များသို့ ပျံ့နှံ့သွားသော ကင်ဆာကို ကုသရန်အတွက် ဓာတ်ရောင်ခြည်ကုထုံးနှင့် တွဲဖက်အသုံးပြုနိုင်ပါသည်။

ပစ်မှတ်ထား ကုထုံး

ဤကုထုံးသည် ကင်ဆာဆဲလ်များ၏ ပုံမှန်မဟုတ်သော သီးခြားလက္ခဏာများကို အဓိကထား၍ ၎င်းတို့ သေဆုံးသွားသည်အထိ ပိတ်ဆို့တားဆီးသည့် နည်းလမ်းဖြစ်ပါသည်။ ၎င်းသည် အဆင့်မြင့်မိန်းမကိုယ်အပြင်ပိုင်းကင်ဆာအတွက် ကုသမှုရွေးချယ်စရာတစ်ခု ဖြစ်နိုင်ပါသည်။

ကိုယ်ခံအားစနစ်သုံး ကုထုံး

ကင်ဆာကို တိုက်ဖျက်ရန် ခန္ဓာကိုယ်၏ ကိုယ်ပိုင်ခုခံအားစနစ်ကို အသုံးပြုခြင်း ဖြစ်ပါသည်။ ကင်ဆာဆဲလ်များသည် ခန္ဓာကိုယ်၏ ရောဂါတိုက်ဖျက်ပေးသော ကိုယ်ခံအားစနစ်မှ ၎င်းတို့ကို မမြင်နိုင်အောင် ဖုံးကွယ်ထားနိုင်သည့် ပရိုတင်းများကို ထုတ်လုပ်လေ့ရှိသောကြောင့် ခန္ဓာကိုယ်က ကင်ဆာဆဲလ်များကို ပြန်လည်မတိုက်ခိုက်နိုင်ခြင်း ဖြစ်ပါသည်။ ဤကုထုံးသည် ထိုဖြစ်စဉ်ကို ပြန်လည်တုံ့ပြန်တိုက်ခိုက်ပေးပါသည်။ ၎င်းသည်လည်း အဆင့်မြင့်မိန်းမကိုယ်အပြင်ပိုင်းကင်ဆာအတွက် ကုသမှုရွေးချယ်စရာတစ်ခု ဖြစ်နိုင်ပါသည်။

Doctors who treat this condition