အကျဉ်းချုပ်အကြောင်းအရာ

ခြေစွယ်ငုတ်ခြင်းသည် ခြေသည်း၏ ထောင့်စွန်း သို့မဟုတ် ဘေးဖက်အနားသားမှာ ဘေးရှိ အသားနုထဲသို့ တိုးဝင်ပေါက်ရောက်ပြီး နာကျင်ခြင်း၊ အရေပြားရောင်ရမ်းခြင်း၊ ဖောင်းကြွခြင်းနှင့် တစ်ခါတစ်ရံတွင် ပိုးဝင်ခြင်းတို့ကို ဖြစ်စေသည့် အဖြစ်များသော အခြေအနေတစ်ခု ဖြစ်ပါသည်။ များသောအားဖြင့် ခြေစွယ်ငုတ်ခြင်းမှာ ခြေမတွင် အဖြစ်များလေ့ရှိပါသည်။

ခြေစွယ်ငုတ်ခြင်း၏ လက္ခဏာများတွင် နာကျင်ခြင်း၊ အရေပြားနီမြန်းရောင်ရမ်းခြင်း၊ ဖောင်းကြွခြင်းနှင့် ထိခိုက်နေသော ခြေသည်းတစ်ဝိုက်တွင် ပိုးဝင်နိုင်ခြေရှိခြင်းတို့ ပါဝင်ပါသည်။ အခြေအနေအတော်များများတွင် မိမိဘာသာ ဂရုတစိုက် ပြုစုစောင့်ရှောက်ရုံဖြင့် ထိရောက်စွာ ကုသနိုင်ပါသည်။ သို့သော်လည်း နာကျင်မှုမှာ ပြင်းထန်လာပါက သို့မဟုတ် ရောင်ရမ်းမှု ပျံ့နှံ့လာပါက မသက်မသာဖြစ်မှုကို လျှော့ချရန်နှင့် နောက်ဆက်တွဲ ပြဿနာများကို ကာကွယ်ရန် ဆရာဝန်ထံမှ အကူအညီရယူသင့်ပါသည်။ ဆီးချိုရောဂါရှိသူများ သို့မဟုတ် ခြေထောက်သို့ သွေးစီးဆင်းမှု မကောင်းသည့် အခြားရောဂါ ခံစားနေရသူများသည် ခြေစွယ်ငုတ်ခြင်းနှင့် ဆက်စပ်သော နောက်ဆက်တွဲ ဝေဒနာများ ခံစားရနိုင်ခြေ ပိုများသောကြောင့် အထူးသတိပြုရန် လိုအပ်ပါသည်။

ရောဂါလက္ခဏာများ

ခြေစွယ်ငုတ်ခြင်း၏ လက္ခဏာများတွင် အောက်ပါတို့ ပါဝင်ပါသည်။

  • အရေပြား ရောင်ရမ်းခြင်း
  • ပိုးဝင်ခြင်း
  • ဖောင်းကြွခြင်း
  • နာကျင်ခြင်း
  • ထိမိလျှင် နာကျင်ခြင်း
  • ရောင်ရမ်းခြင်း

အောက်ပါအခြေအနေများ ဖြစ်ပေါ်ပါက ဆရာဝန်နှင့် တိုင်ပင်ပါ။

  • ခြေမတွင် ပြင်းထန်စွာ မသက်မသာဖြစ်ခြင်း၊ ပြည်တည်ခြင်း သို့မဟုတ် ရောင်ရမ်းမှု ပျံ့နှံ့လာခြင်းကို သတိပြုမိလျှင်။
  • ဆီးချိုရောဂါ သို့မဟုတ် ခြေထောက်သို့ သွေးစီးဆင်းမှု နည်းပါးသည့် အခြားအခြေအနေများ ရှိနေပြီး ခြေထောက်တွင် အနာဖြစ်ခြင်း သို့မဟုတ် ပိုးဝင်ခြင်း ဖြစ်ပေါ်လာလျှင်။

အကြောင်းရင်းများ

ခြေစွယ်ငုတ်ခြင်းကို ဖြစ်စေသည့် အကြောင်းရင်းများမှာ-

  • ခြေသည်းကို အလွန်အမင်း တိုအောင်ညှပ်ခြင်း သို့မဟုတ် အဖြောင့်အတိုင်း မဟုတ်ဘဲ ညှပ်ခြင်း
  • ခြေသည်းကို ညှစ်ထားသည့် ဖိနပ်များ ဝတ်ဆင်ခြင်း
  • ခြေသည်းမှာ အလွန်အမင်း ကွေးနေခြင်း
  • ခြေသည်း ပိုးဝင်ခြင်း
  • ခြေသည်း ထိခိုက်ဒဏ်ရာရခြင်း
  • သီးခြား ကျန်းမာရေး အခြေအနေများ ရှိခြင်း

အန္တရာယ်ရှိသော အချက်များ

ခြေစွယ်ငုတ်ခြင်းနှင့် ဆက်စပ်သော အန္တရာယ်ရှိသည့် အချက်များမှာ-

  • ဆီးချိုရောဂါကဲ့သို့သော သွေးစီးဆင်းမှု လည်ပတ်ခြင်းကို အားနည်းစေသည့် အခြေအနေများ ရှိခြင်း
  • လူပျိုဖော် အပျိုဖော်ဝင်စ အရွယ်တွင် ခြေထောက်၌ ချွေးထွက်များလေ့ရှိပြီး ၎င်းက ခြေသည်းနှင့် အရေပြားကို နူးညံ့စေခြင်း
  • ခြေသည်းကို မိမိဘာသာ ဂရုစိုက်ရန် ခက်ခဲခြင်း
  • ခြေသည်းကို အလွန်တိုအောင် ညှပ်ခြင်း သို့မဟုတ် ထောင့်စွန်းများကို ဝိုင်းအောင်ညှပ်ခြင်းကဲ့သို့သော ခြေသည်းကို အသားထဲသို့ တိုးဝင်ပေါက်စေသည့် အလေ့အကျင့်များ ရှိခြင်း
  • ပြေးခြင်း သို့မဟုတ် ကန်ခြင်းကဲ့သို့သော ခြေချောင်းများကို ထိခိုက်ဒဏ်ရာ ရစေနိုင်သည့် လှုပ်ရှားမှုများ ပြုလုပ်ခြင်း
  • ခြေချောင်းများကို ညှစ်ထားသည့် ဖိနပ်များ စီးခြင်း

ရောဂါရှာဖွေခြင်း

သင့်ဆရာဝန်သည် သင့်လက္ခဏာများကို ဆန်းစစ်ခြင်းနှင့် ထိခိုက်နေသော ခြေသည်းနှင့် ပတ်ဝန်းကျင် အရေပြားကို စစ်ဆေးခြင်းအားဖြင့် ခြေစွယ်ငုတ်ခြင်းကို အလွယ်တကူ သိရှိနိုင်ပါသည်။

ကုသခြင်း

အိမ်တွင်း ကုသမှုများဖြင့် မသက်သာပါက သင့်ဆရာဝန်သည် အောက်ပါ ကုသမှုများကို အကြံပြုနိုင်ပါသည်။

  • ခြေသည်းကို ကြွပေးခြင်း။ ။ ခြေသည်း အနည်းငယ်သာ စူးနေသည့် အခြေအနေများတွင် ဆရာဝန်သည် စူးနေသော ခြေသည်း အနားသားကို အသာအယာ ကြွပြီး ၎င်းအောက်တွင် ဂွမ်း သို့မဟုတ် အပ်ချည်ကြိုး အပိုင်းအစလေးကို ထည့်ပေးပါလိမ့်မည်။ ၎င်းသည် ခြေသည်းကို အရေပြားနှင့် ကင်းကွာစေပြီး ရက်သတ္တပတ် နှစ်ပတ်မှ ဆယ့်နှစ်ပတ်အတွင်း အရေပြား အထက်သို့ ပေါက်လာစေရန် ကူညီပေးပါသည်။ နေ့စဉ် ခြေချောင်းကို ရေစိမ်ပေးရန်နှင့် ထည့်ထားသော ပစ္စည်းကို အိမ်တွင် ကိုယ်တိုင်လဲလှယ်ရန် လိုအပ်ပါသည်။ ထို့အပြင် ရေစိမ်ပြီးနောက် လိမ်းရန် ဆေးကိုလည်း ညွှန်ကြားနိုင်ပါသည်။ တစ်ခါတစ်ရံတွင် နေ့စဉ်လဲလှယ်ရန် မလိုသည့် ပစ္စည်းများကိုလည်း အသုံးပြုနိုင်ပါသည်။
  • ခြေသည်းအောက်တွင် ပြွန်ငယ်လေး ထည့်ပေးခြင်း။ ။ ဤနည်းလမ်းတွင် ဆရာဝန်သည် ခြေချောင်းကို ထုံဆေးပေးပြီး စူးနေသော ခြေသည်းအောက်တွင် သေးငယ်သော ပြွန်လေးကို ထည့်သွင်းပေးပါသည်။ ၎င်းပြွန်သည် ခြေသည်းမှာ အရေပြားအထက်သို့ ပေါက်လာသည်အထိ ရှိနေမည်ဖြစ်ပြီး ခြေစွယ်ငုတ်ခြင်းကြောင့် ဖြစ်သော နာကျင်မှုကို သက်သာစေပါသည်။
  • ခြေသည်းကို တိပ်ဖြင့် ကပ်ပေးခြင်း။ ။ ဤနည်းလမ်းသည် ဆရာဝန်မှ တိပ်ကို အသုံးပြု၍ စူးနေသော ခြေသည်းနှင့် အရေပြားကို ဝေးရာသို့ ဆွဲခွာထားခြင်း ဖြစ်ပါသည်။
  • ခြေသည်း၏ အစိတ်အပိုင်းအချို့ကို ဖယ်ရှားခြင်း။ ။ အရေပြားရောင်ရမ်းခြင်း၊ နာကျင်ခြင်းနှင့် ပြည်တည်ခြင်းတို့ ရှိနေသည့် ပိုမိုပြင်းထန်သော ခြေစွယ်ငုတ်ခြင်းများအတွက် ဆရာဝန်သည် ခြေချောင်းကို ထုံဆေးပေးပြီး စူးနေသော ခြေသည်းအပိုင်းကို ညှပ်ထုတ်ခြင်း သို့မဟုတ် ဖယ်ရှားခြင်းများ ပြုလုပ်နိုင်ပါသည်။ ခြေသည်း ပြန်ပေါက်ရန်အတွက် နှစ်လမှ လေးလအထိ ကြာမြင့်နိုင်ပါသည်။
  • ခြေသည်းနှင့် တစ်ရှူးများကို ဖယ်ရှားခြင်း။ ။ ထိုခြေချောင်းတွင်ပင် ပြဿနာမှာ ခဏခဏ ပြန်ဖြစ်နေပါက ဆရာဝန်သည် ခြေသည်း၏ အစိတ်အပိုင်းတစ်ခုနှင့်အတူ ၎င်းအောက်ရှိ တစ်ရှူးများကိုပါ ဖယ်ရှားရန် အကြံပြုနိုင်ပါသည်။ ဤလုပ်ငန်းစဉ်သည် ထိုနေရာမှ ခြေသည်း ပြန်မပေါက်အောင် ပြုလုပ်ခြင်း ဖြစ်ပါသည်။ ခြေချောင်းကို ထုံဆေးပေးပြီး ဓာတုပစ္စည်းများ သို့မဟုတ် လေဆာ ကုသမှုများဖြင့် လုပ်ဆောင်နိုင်ပါသည်။

ခြေသည်းဖယ်ရှားသည့် လုပ်ငန်းစဉ်ပြီးနောက် လိုအပ်ပါက အကိုက်အခဲပျောက်ဆေးများ သောက်နိုင်ပါသည်။ ရောင်ရမ်းမှု သက်သာသွားသည်အထိ နေ့စဉ် မိနစ်အနည်းငယ်ကြာ ရေဝတ်တိုက်ပေးရန် အကြံပြုလိုပါသည်။ ခြေချောင်းကို ဆယ့်နှစ်နာရီမှ နှစ်ဆယ့်လေးနာရီအထိ နားနားနေနေ ထားရှိရန်နှင့် မသက်မသာဖြစ်စေမည့် လှုပ်ရှားမှုများကို ရှောင်ကြဉ်ရန် လိုအပ်ပါသည်။ ဆရာဝန် ခွင့်ပြုချက်မရမချင်း ရေကူးခြင်း သို့မဟုတ် ရေနွေးကန်ထဲ စိမ်ခြင်းများကို ရှောင်ကြဉ်ရမည် ဖြစ်သော်လည်း ခွဲစိတ်ပြီး နောက်တစ်ရက်တွင် ရေချိုးခြင်းကို ပုံမှန်အားဖြင့် ခွင့်ပြုပါသည်။ အကယ်၍ ခြေချောင်းမှာ အနာမကျက်ပါက ဆရာဝန်နှင့် ဆက်သွယ်ရန် လိုအပ်ပါသည်။

ခွဲစိတ်မှု အောင်မြင်ပြီးသည့်တိုင်အောင် ဤပြဿနာမှာ ပြန်လည်ဖြစ်ပွားနိုင်ပါသည်။ သို့သော် ခွဲစိတ်မှုနည်းလမ်းများသည် ခွဲစိတ်မှု မဟုတ်သော နည်းလမ်းများနှင့် နှိုင်းယှဉ်လျှင် ပြန်ဖြစ်နိုင်ခြေကို ကာကွယ်ရန် ပိုမိုထိရောက်ပါသည်။

Doctors who treat this condition