ဆီးအိမ်လွန်ကဲစွာလှုပ်ရှားခြင်းရောဂါ
အကျဉ်းချုပ်
ဆီးအိမ် လွန်ကဲစွာ လှုပ်ရှားခြင်း (Overactive bladder) ကို ဆေးပညာအရ OAB ဟု သိကြပြီး၊ မကြာခဏဆိုသလိုနှင့် ရုတ်တရက် ဆီးသွားချင်စိတ် ပြင်းပြလာခြင်းကို ဖြစ်ပေါ်စေကာ ထိန်းချုပ်ရန် ခက်ခဲတတ်သည်။ ဤအခြေအနေသည် သင့်အား နေ့ရောညပါ မကြာခဏ ဆီးသွားရန် လိုအပ်သည်ဟု ခံစားရစေနိုင်ပြီး၊ တစ်ခါတစ်ရံတွင် ဆီးထိန်းချုပ်မှု မရှိဘဲ ဆီးများ မတော်တဆ စိမ့်ထွက်သွားခြင်း (urgency incontinence) ကို ဖြစ်ပေါ်စေသည်။
ဆီးအိမ် လွန်ကဲစွာ လှုပ်ရှားခြင်းနှင့်အတူ နေထိုင်ရခြင်းသည် စိန်ခေါ်မှုများ ရှိနိုင်ပြီး၊ ရှက်ရွံ့ခြင်း၊ လူမှုရေးမှ ရှောင်သွေခြင်း သို့မဟုတ် သင့်အလုပ်နှင့် လူမှုရေးဘဝတွင် ကန့်သတ်ချက်များ ဖြစ်ပေါ်စေနိုင်သည်။ အားတက်စရာ သတင်းကောင်းမှာ စစ်ဆေးမှုပြုလုပ်ခြင်းဖြင့် သင့်ဆီးအိမ် လွန်ကဲစွာ လှုပ်ရှားခြင်း၏ လက္ခဏာများအတွက် တိကျသော အကြောင်းရင်းများကို ဖော်ထုတ်နိုင်မည်ဖြစ်သည်။
ဆီးအိမ် လွန်ကဲစွာ လှုပ်ရှားခြင်း လက္ခဏာများကို ရိုးရှင်းသော အပြုအမူဆိုင်ရာ နည်းဗျူဟာများဖြင့် စီမံခန့်ခွဲနိုင်သည်။ ယင်းတို့တွင် အစားအသောက် ပြောင်းလဲမှုများ ပြုလုပ်ခြင်း၊ ဆီးသွားရန် အချိန်ဇယားအတိုင်း လုပ်ဆောင်ခြင်း (timed voiding) နှင့် တင်ပါးဆုံ ကြမ်းပြင် ကြွက်သားများ (pelvic floor muscles) ကို အသုံးပြု၍ ဆီးအိမ်ထိန်းချုပ်မှု နည်းစနစ်များကို လေ့ကျင့်ခြင်းတို့ ပါဝင်နိုင်သည်။
လက္ခဏာများ
ဆီးအိမ် လွန်ကဲစွာ လှုပ်ရှားခြင်းရောဂါကို အောက်ပါ လက္ခဏာစုများဖြင့် သတ်မှတ်ဖော်ပြနိုင်သည်
- ဆီးသွားလိုစိတ်ပြင်းပြခြင်း (Urinary urgency): ၎င်းသည် ရုတ်တရက် ထိန်းချုပ်မရနိုင်သော ဆီးသွားချင်စိတ် ပြင်းပြလာခြင်းကို ဆိုလိုပြီး၊ ထို ခံစားမှု ဖြစ်ပေါ်လာသည်နှင့်တစ်ပြိုင်နက် အိမ်သာသို့ အလျင်အမြန် ပြေးရလေ့ရှိသည်။
- မကြာခဏဆီးသွားခြင်း (Frequent urination): ပုံမှန် အိမ်သာတက်ခြင်းထက် ပို၍ မကြာခဏ ဆီးသွားရန် လိုအပ်ခြင်း။
- ဆီးမထိန်းနိုင်ခြင်း (Urge incontinence): ရုတ်တရက် ထိန်းချုပ်မရနိုင်သော ဆီးသွားချင်စိတ် ပြင်းပြလာပြီး တစ်ခါတစ်ရံတွင် ဆီးများ မတော်တဆ စိမ့်ထွက်ခြင်းကို ဖြစ်ပေါ်စေသည်။
- ညဘက် ဆီးသွားခြင်း (Nocturia): ညဘက်တွင် အနည်းဆုံး နှစ်ကြိမ် သို့မဟုတ် ထို့ထက်ပို၍ ဆီးသွားရန် နိုးထရခြင်းကို ရည်ညွှန်းသည်။
ဆီးအိမ် လွန်ကဲစွာ လှုပ်ရှားခြင်းသည် သက်ကြီးရွယ်အိုများတွင် ပိုမို အဖြစ်များသော်လည်း၊ ၎င်းကို အသက်အရွယ်ကြီးရင့်လာမှု၏ သဘာဝအလျောက် အစိတ်အပိုင်းတစ်ခုအဖြစ် မသတ်မှတ်သင့်ပါ။ ဤလက္ခဏာများအား ကျန်းမာရေးစောင့်ရှောက်မှု ပေးသူနှင့် ဆွေးနွေးရန် မလွယ်ကူသော်လည်း၊ ၎င်းတို့သည် သင့်အား စိတ်အနှောင့်အယှက် ဖြစ်စေပါက သို့မဟုတ် သင့်ဘဝကို အနှောင့်အယှက် ဖြစ်စေပါက ဆေးကုသမှု ခံယူသင့်ပါသည်။ သက်သာရာရစေပြီး သင့်ကျန်းမာရေးကို မြှင့်တင်ပေးနိုင်သော အမျိုးမျိုးသော ကုသမှုများ ရရှိနိုင်ပါသည်။
အကြောင်းအရင်းများ
ဆီးအိမ် လွန်ကဲစွာ လှုပ်ရှားခြင်းရောဂါ (Overactive bladder) သည် ဆီးအိမ်နံရံအတွင်းရှိ ဆီးညှစ်ကြွက်သား (detrusor muscle) အဖွဲ့အစည်းကို ထိခိုက်စေသည့် အမျိုးမျိုးသော အခြေအနေများနှင့် ထိခိုက်ဒဏ်ရာများကြောင့် ဖြစ်ပေါ်လာနိုင်သည်။ ဤအထောက်အကူပြု အကြောင်းရင်းများတွင် အောက်ပါတို့ ပါဝင်သည်-
- အာရုံကြော ထိခိုက်မှု (Nerve damage): ဦးနှောက်နှင့် ဆီးအိမ်ကြားရှိ အချက်ပြမှုများ ချို့ယွင်းမှုသည် မသင့်လျော်သည့် အချိန်များတွင် ဆီးသွားချင်စိတ် ပြင်းပြလာခြင်းကို ဖြစ်ပေါ်စေနိုင်ပြီး၊ ၎င်းသည် အာရုံကြော ထိခိုက်မှု ဖြစ်စေသည့် ရောဂါများ သို့မဟုတ် ထိခိုက်ဒဏ်ရာများကြောင့် ဖြစ်နိုင်သည်။ ၎င်းတို့တွင် တင်ပါးဆုံ သို့မဟုတ် ကျောရိုး ခွဲစိတ်မှုများ၊ အရိုးနုပြား လျှောထွက်ခြင်း (herniated discs)၊ ဓာတ်ရောင်ခြည် ကုထုံး (radiation therapy)၊ ပါကင်ဆန် ရောဂါ (Parkinson’s disease)၊ Multiple Sclerosis ရောဂါ သို့မဟုတ် လေဖြတ်ခြင်း (stroke) တို့ ပါဝင်သည်။
- ဝမ်းဗိုက် ထိခိုက်ဒဏ်ရာ (Abdominal trauma): ကိုယ်ဝန်ဆောင်ခြင်းနှင့် ကလေးမွေးဖွားခြင်း အပါအဝင် ထိခိုက်ဒဏ်ရာ ရရှိသည့် အရာများသည် ဝမ်းဗိုက်အောက်ပိုင်းရှိ အင်္ဂါများကို ထောက်ပံ့ပေးသော တင်ပါးဆုံ ကြွက်သားများ (pelvic muscles) ကို ဆွဲဆန့်စေပြီး အားနည်းစေနိုင်သည်။ ရလဒ်အနေဖြင့် အားနည်းသွားသော တင်ပါးဆုံ ကြွက်သားများသည် ဆီးအိမ်ကို ပုံမှန် အနေအထားမှ ရွေ့လျားသွားစေနိုင်သည်။
- ဆေးဝါးများ (Substances and medications): အရက်၊ ကဖိန်းဓာတ်နှင့် အချို့သောဆေးဝါးများ စားသုံးခြင်းသည် ဆီးအိမ် အချက်ပြမှုများကို ထိန်းညှိပေးသည့် အာရုံကြောများကို ထုံကျင်စေနိုင်ပြီး ဆီးအိမ်မှ ဆီးများကို မတော်တဆ ထွက်ကျစေနိုင်သည်။ ဆီးရွှင်ဆေးများနှင့် ကဖိန်းဓာတ်သည် ဆီးအိမ်ကို လျင်မြန်စွာ ပြည့်စေပြီး ဆီးယိုစိမ့်မှု ဖြစ်နိုင်ခြေကို တိုးမြင့်စေသည်။
- ပိုးဝင်ခြင်း (Infections): ဆီးလမ်းကြောင်း ပိုးဝင်ခြင်း (UTIs) ကဲ့သို့သော ပိုးဝင်မှုများကြောင့် ဆီးအိမ်တွင် ပုံမှန်မဟုတ်သောလှုံဆော်မှုမျာဖြစ်ကာ ဆီးအိမ်အာရုံကြောများကို လွန်ကဲစွာ လှုံ့ဆော်နိုင်ပြီး ဆီးအိမ်၏ အလိုအလျောက် ကျုံ့ခြင်းကို ဖြစ်စေသည်။
- ကိုယ်အလေးချိန် လွန်ကဲခြင်း (Excess weight): ကိုယ်အလေးချိန် လွန်ကဲခြင်းသည် ဆီးအိမ်ပေါ်တွင် ဖိအား ပိုမိုသက်ရောက်စေပြီး ဆီးမထိန်းနိုင်ခြင်း (urge incontinence) ကို ဖြစ်ပေါ်စေနိုင်သည်။
- သွေးဆုံးပြီးနောက် အီစထရိုဂျင် ချို့တဲ့ခြင်း (Estrogen deficiency post-menopause): သွေးဆုံးချိန်တွင် ခံစားရသော ဟော်မုန်းအပြောင်းအလဲများသည် ဆီးမထိန်းနိုင်ခြင်းကို ဖြစ်ပေါ်စေနိုင်သည်။ မိန်းမကိုယ်အတွက် သီးသန့် အီစထရိုဂျင် ကုထုံး (Vaginal-only estrogen therapy) သည် ဤဟော်မုန်း မညီမျှမှုကို ဖြေရှင်းရန် အလားအလာရှိသော ကုထုံးတစ်ခုအဖြစ် သတ်မှတ်ထားသည်။
ဆီးအိမ်လွန်ကဲစွာလှုပ်ရှားခြင်းရောဂါ ပိုမိုဖြစ်လွယ်စေသောအချက်များ
ဆီးအိမ် လွန်ကဲစွာ လှုပ်ရှားခြင်းသည် အသက် ၆၅ နှစ်နှင့်အထက် လူပုဂ္ဂိုလ်များတွင် အဖြစ်များပြီး၊ အမျိုးသမီးများသည် အသက် ၄၅ နှစ်ဝန်းကျင်ကဲ့သို့ ပိုမိုငယ်ရွယ်သည့် အရွယ်တွင် စောစီးစွာ ခံစားရနိုင်ခြေ ရှိသည်။ ဆီးအိမ် လွန်ကဲစွာ လှုပ်ရှားခြင်းကို ဖြစ်ပေါ်စေနိုင်သည့် အခြားသော ဖြစ်ပွားနိုင်ခြေ အကြောင်းရင်းများတွင် အောက်ပါတို့ ပါဝင်သည်-
- အချို့သော ဆေးဘက်ဆိုင်ရာ အခြေအနေများ (Certain medical conditions): ဆီးကျိတ်ကြီးခြင်း (enlarged prostate) နှင့် ဆီးချိုရောဂါ (diabetes) အပါအဝင် ရောဂါများသည် ဆီးအိမ် လုပ်ငန်းဆောင်တာဆိုင်ရာ ပြဿနာများကို ဖြစ်ပေါ်စေနိုင်သည်။
- သိမြင်မှု ကျဆင်းခြင်း (Cognitive decline): လေဖြတ်ထားသူများ သို့မဟုတ် အယ်လ်ဇိုင်းမားရောဂါ (Alzheimer’s disease) ခံစားနေရသူများကဲ့သို့ သိမြင်မှု စွမ်းဆောင်ရည် ကျဆင်းနေသော ပုဂ္ဂိုလ်များသည် ဆီးအိမ် လွန်ကဲစွာ လှုပ်ရှားခြင်း ဖြစ်ပွားရန် ပိုမို လွယ်ကူသည်။
- ဝမ်းထိန်းချုပ်မှု ပြဿနာများ (Bowel Control Issues): ဆီးအိမ် လွန်ကဲစွာ လှုပ်ရှားသူ အချို့သည် ဝမ်းထိန်းချုပ်မှုဆိုင်ရာ ပြဿနာများကိုလည်း ခံစားရနိုင်သည်။
ရောဂါရှာဖွေခြင်း
သင့်အနေဖြင့် ပုံမှန်မဟုတ်ဘဲ ဆီးခဏခဏသွားလိုစိတ် ဖြစ်ပေါ်နေပါက ကျန်းမာရေးစောင့်ရှောက်မှုပေးသူ (ဆရာဝန်) သည် ကူးစက်ပိုးဝင်ခြင်း သို့မဟုတ် ဆီးထဲတွင် သွေးပါခြင်း ရှိ၊ မရှိကို သေချာစွာ စစ်ဆေးပါလိမ့်မည်။ ထို့အပြင် ဆီးသွားသည့်အခါ ဆီးအိမ်အတွင်းရှိ ဆီးများအားလုံး ကုန်စင်အောင် စွန့်ထုတ်နိုင်ခြင်း ရှိ၊ မရှိကိုလည်း စစ်ဆေးမည် ဖြစ်ပါသည်။ ဆရာဝန်သည် စစ်ဆေးချက်ရလဒ်များကို သင်နှင့်တိုင်ပင်ဆွေးနွေးပြီး သင့်လျော်သော ကုသမှုအစီအစဉ်ကို အကြံပြုပါလိမ့်မည်။ ဆီးအိမ်လှုပ်ရှားမှုလွန်ကဲခြင်းကို ရောဂါရှာဖွေရန်အတွက် အောက်ပါစစ်ဆေးမှုများကို ပြုလုပ်နိုင်ပါသည်-
- ဆီးဓာတ်ခွဲစစ်ဆေးခြင်း (Urinalysis): ဆီး၏ ရုပ်ပိုင်းဆိုင်ရာ၊ ဓာတုဗေဒဆိုင်ရာနှင့် အဏုကြည့်မှန်ပြောင်းဖြင့် စစ်ဆေးသည့် ဝိသေသလက္ခဏာများကို အကဲဖြတ်ခြင်း ဖြစ်ပါသည်။ ၎င်းသည် ဆီးထဲတွင် သွေးနီဥ၊ သွေးဖြူဥ သို့မဟုတ် ဘက်တီးရီးယားများ ရှိ၊ မရှိကို သိရှိနိုင်စေပြီး အဆိုပါအချက်များသည် ဆီးအိမ်လှုပ်ရှားမှုလွန်ကဲခြင်းကို ဖြစ်စေသော ပိုးဝင်ခြင်းလက္ခဏာများ ဖြစ်နိုင်ပါသည်။
- ဆီးလမ်းကြောင်းဆိုင်ရာ စွမ်းဆောင်ရည် စစ်ဆေးခြင်း (Urodynamic testing): ဤစစ်ဆေးမှုသည် ဆီးသွားပြီးနောက် ဆီးအိမ်ထဲတွင် ကျန်ရှိနေသော ဆီးပမာဏ၊ ဆီးထွက်နှုန်း၊ ဆီးသွားသည့် အရှိန်နှင့် ဆီးအိမ်အတွင်း ဆီးဖြည့်တင်းနေစဉ်အတွင်း ရှိနေသော ဖိအား စသည့်အချက်များကို တိုင်းတာခြင်း ဖြစ်ပါသည်။
- အာထရာဆောင်းရိုက်ခြင်း (Ultrasound): ခန္ဓာကိုယ်အတွင်းသို့ ထိုးဖောက်ဝင်ရောက်ရန်မလိုသော (Noninvasive) ပုံရိပ်ဖော်နည်းလမ်းတစ်ခုဖြစ်ပြီး ဆီးအိမ်၏ တည်ဆောက်ပုံနှင့် လုပ်ဆောင်ချက်များကို အသေးစိတ် မြင်တွေ့နိုင်စေပါသည်။
- ကွန်ပျူတာဓာတ်မှန်ရိုက်ခြင်း (CT scan): ခန္ဓာကိုယ်အတွင်း ထိုးဖောက်ရန်မလိုဘဲ ဆီးအိမ်၏ သုံးဖက်မြင်(3D)ပုံရိပ်များကို ဖော်ထုတ်ပေးခြင်းဖြင့် ရောဂါရှာဖွေမှုကို အထောက်အကူပြုစေပါသည်။
- ဆီးအိမ်အတွင်း မှန်ပြောင်းကြည့်ခြင်း (Cystoscopy): ဤနည်းလမ်းတွင် ဆရာဝန်သည် Cystoscope ဟုခေါ်သော အထူးပြုလုပ်ထားသည့် ကိရိယာကို အသုံးပြု၍ ဆီးပြွန်မှတစ်ဆင့် ဆီးအိမ်အတွင်းပိုင်းကို စစ်ဆေးခြင်း ဖြစ်ပါသည်။ ပုံမှန်အားဖြင့် မအီမသာဖြစ်မှုကို လျှော့ချရန် ထုံဆေးဂျယ်လ် (Numbing gel) ကို အသုံးပြုလေ့ရှိပြီး၊ အချို့သော အခြေအနေများတွင် လူနာအား နာကျင်မှုမရှိစေရန်နှင့် ငြိမ်သက်စွာရှိနေစေရန် မေ့ဆေးအသုံးပြု၍ စစ်ဆေးနိုင်ပါသည်။
ကုသခြင်း
ဆီးအိမ်လှုပ်ရှားမှုလွန်ကဲခြင်း၏ လက္ခဏာများကို ကုသရာတွင် ကုသမှုဗျူဟာ အမျိုးမျိုးကို ပေါင်းစပ်အသုံးပြုရန် လိုအပ်လေ့ရှိပါသည်။ ဤနည်းလမ်းများသည် ဆီးသွားလိုစိတ် အလွန်အမင်းပြင်းထန်ခြင်း၊ ဆီးခဏခဏသွားခြင်းနှင့် ဆီးမထိန်းနိုင်ခြင်းတို့ကို လျှော့ချပေးခြင်းဖြင့် လူနာ၏ လူမှုဘဝအရည်အသွေးကို မြှင့်တင်ပေးနိုင်ပါသည်။ ကုသမှုရွေးချယ်စရာများမှာ အောက်ပါအတိုင်း ဖြစ်ပါသည် –
အမူအကျင့်ဆိုင်ရာ ကုသမှုများ (Behavioral Therapies)
အမူအကျင့်ပိုင်းဆိုင်ရာ ပြုပြင်ပြောင်းလဲမှုများသည် ဘေးထွက်ဆိုးကျိုးမရှိသဖြင့် ပထမဦးစားပေး ကုသမှုများအဖြစ် သတ်မှတ်ထားပါသည်။ ၎င်းတို့တွင် အောက်ပါတို့ ပါဝင်ပါသည် –
- တင်ပါးဆုံကွင်း ကြွက်သားလေ့ကျင့်ခန်း (Kegel exercises): တင်ပါးဆုံကွင်းကြွက်သားများနှင့် ဆီးထိန်းကြွက်သားများကို သန်မာအောင် လေ့ကျင့်ပေးခြင်းဖြင့် ဆီးအိမ်အလိုအလျောက် ကျုံ့ခြင်းကို ထိန်းချုပ်နိုင်ပါသည်။ ထိရောက်မှုရှိစေရန် ပုံမှန်ပြုလုပ်ရန် အရေးကြီးပါသည်။
- Biofeedback နည်းလမ်း: အာရုံခံကိရိယာများ အသုံးပြု၍ မိမိခန္ဓာကိုယ်၏ တုံ့ပြန်မှုများကို သိရှိစေခြင်းဖြင့် ဆီးသွားလိုစိတ်ကို ပိုမိုကောင်းမွန်စွာ ထိန်းချုပ်နိုင်ရန် (ဥပမာ – တင်ပါးဆုံကြွက်သားများကို အားစိုက်ခြင်း) လေ့ကျင့်ပေးသော နည်းလမ်းဖြစ်ပါသည်။
- ကျန်းမာသော ကိုယ်အလေးချိန် ထိန်းသိမ်းခြင်း: ကိုယ်အလေးချိန် လျှော့ချခြင်းသည် ဆီးအိမ်အပေါ် သက်ရောက်သော ဖိအားကို လျော့ကျစေပြီး ရောဂါလက္ခဏာများကို သက်သာစေပါသည်။
- ဆီးသွားချိန် သတ်မှတ်ခြင်း: (၂) နာရီမှ (၄) နာရီခြားတစ်ခါ စသည်ဖြင့် ဆီးသွားရမည့်အချိန်ကို ပုံမှန်သတ်မှတ်ထားခြင်းဖြင့် ဆီးသွားလိုစိတ် အလွန်အမင်း ပြင်းထန်လာသည်အထိ စောင့်ဆိုင်းရမှုကို ရှောင်ရှားနိုင်ပါသည်။
- ဆီးပိုက်ဖြင့် ဆီးစွန့်ထုတ်ခြင်း (Intermittent catheterization): ဆီးအိမ်အတွင်းရှိ ဆီးများကို ကုန်စင်အောင် မစွန့်ထုတ်နိုင်ပါက ဆီးပိုက်ကို အသုံးပြု၍ အခါအားလျော်စွာ စွန့်ထုတ်ပေးနိုင်ပါသည်။ ဤနည်းလမ်းသည် သင့်အတွက် သင့်လျော်ခြင်း ရှိ၊ မရှိကို ဆရာဝန်နှင့် တိုင်ပင်ရပါမည်။
- ဆီးစုပ်ဂွမ်းပြားများ အသုံးပြုခြင်း: ဆီးစုပ်ဂွမ်းပြား (သို့မဟုတ်) အတွင်းခံများကို ဝတ်ဆင်ခြင်းဖြင့် အမှတ်မထင် ဆီးထွက်ခြင်းကြောင့် ဖြစ်ပေါ်လာနိုင်သော စိတ်အနှောင့်အယှက်ဖြစ်စရာများကို ကာကွယ်နိုင်ပါသည်။
- ဆီးအိမ်အား လေ့ကျင့်ပေးခြင်း (Bladder training): ဆီးသွားလိုစိတ် ဖြစ်ပေါ်လာသည့်အခါ ချက်ချင်းမသွားဘဲ အချိန်အနည်းငယ် အောင့်ထားခြင်းဖြင့် ဆီးသွားရမည့် အချိန်ကြားကာလကို တဖြည်းဖြည်းချင်း တိုးမြှင့်ပေးသော နည်းလမ်းဖြစ်ပါသည်။ အကယ်၍ တင်ပါးဆုံကွင်း ကြွက်သားများကို ထိရောက်စွာ ကျုံ့နိုင်၊ ညှစ်နိုင်စွမ်းရှိပါက ဤနည်းလမ်းသည် အကျိုးသက်ရောက်မှု ရှိစေမည်ဖြစ်ပါသည်။
ဆေးဝါးဖြင့် ကုသခြင်း (Medications)
ဆီးအိမ်ကြွက်သားများကို ပြေလျော့စေသော ဆေးဝါးများကို ဆရာဝန်မှ ညွှန်ကြားနိုင်ပါသည်။ ၎င်းတို့တွင် Tolterodine, Oxybutynin (သောက်ဆေး၊ ကပ်ခွာ သို့မဟုတ် ဂျယ်လ်)၊ Trospium, Solifenacin, Fesoterodine နှင့် Mirabegron တို့ ပါဝင်ပါသည်။ ဘေးထွက်ဆိုးကျိုးအနေဖြင့် မျက်စိခြောက်ခြင်း၊ အာခေါင်ခြောက်ခြင်းနှင့် ဝမ်းချုပ်ခြင်းတို့ ဖြစ်ပေါ်နိုင်ပါသည်။
ဆီးအိမ်အတွင်း ဆေးထိုးကုသခြင်း (Bladder injections)
ဆီးမထိန်းနိုင်ခြင်း ဝေဒနာ ပြင်းထန်ပါက ဆီးအိမ်ကြွက်သားများကို ပြေလျော့စေရန် Botox ဆေးထိုးခြင်းကို ပြုလုပ်နိုင်ပါသည်။ ဤနည်းလမ်းသည် ယာယီသာဖြစ်သဖြင့် နောက်ထပ် ထပ်မံထိုးရန် လိုအပ်တတ်ပါသည်။ ဘေးထွက်ဆိုးကျိုးအနေဖြင့် ဆီးလမ်းကြောင်း ပိုးဝင်ခြင်းနှင့် ဆီးသွားရခက်ခြင်းတို့ ဖြစ်နိုင်ပါသည်။
အာရုံကြော လှုံ့ဆော်ခြင်း (Nerve stimulation)
ဆီးအိမ်သို့ ပေးပို့သော အာရုံကြောလှိုင်းများကို ထိန်းညှိပေးသည့် နည်းလမ်းများမှာ –
- ခါးအောက်ပိုင်း အာရုံကြော လှုံ့ဆော်ခြင်း (Sacral nerve stimulation): နှလုံးခုန်နှုန်း ထိန်းစက် (Pacemaker) နှင့် ပုံစံတူဖြစ်ပြီး သေးငယ်သော ဝါယာကြိုးလေးတစ်ချောင်းကို ခါးအောက်ပိုင်းရှိ Sacral အာရုံကြောများအနီးတွင် ထားရှိကာ ဆီးအိမ်သို့ လျှပ်စစ်လှိုင်းများ ပေးပို့ခြင်း ဖြစ်ပါသည်။ စမ်းသပ်စစ်ဆေးမှု ထိရောက်မှုရှိပါက ခန္ဓာကိုယ်အတွင်း အမြဲတမ်းတပ်ဆင်ရမည့် လျှပ်စစ်လှိုင်းထုတ်စက် (Pulse generator) ကို ခွဲစိတ်ထည့်သွင်းနိုင်ပါသည်။
- အရေပြားမှတစ်ဆင့် Tibial အာရုံကြောကို လှုံ့ဆော်ခြင်း (PTNS): ဤနည်းလမ်းတွင် ခြေကျင်းဝတ်အနီးရှိ Tibial အာရုံကြောကို အပ်စိုက်၍ လှုံ့ဆော်ပေးခြင်း ဖြစ်ပါသည်။ အဆိုပါအာရုံကြောသည် ဆီးအိမ်အား ထိန်းချုပ်သည့် အာရုံကြောများနှင့် ဆက်နွယ်နေပါသည်။ ဤကုသမှုကို (၁၂) ပတ်တိုင်တိုင် အပတ်စဉ် တစ်ကြိမ်နှုန်းဖြင့် ပြုလုပ်ရမည်ဖြစ်ပြီး၊ ထို့နောက်တွင်မူ (၃) ပတ်မှ (၄) ပတ်လျှင် တစ်ကြိမ်နှုန်းဖြင့် ပုံမှန်ထိန်းသိမ်းမှုဆိုင်ရာ ကုသမှုများကို ဆက်လက်ဆောင်ရွက်ရပါမည်။
ခွဲစိတ်ကုသခြင်း (Surgery)
အခြားကုသမှုများဖြင့် မသက်သာသော ပြင်းထန်သည့် အခြေအနေများတွင်သာ ခွဲစိတ်မှုကို ပြုလုပ်ပါသည်။ အဆိုပါ ခွဲစိတ်မှုများသည် ဆီးအိမ်၏ ဆန့်နိုင်စွမ်းအားကို မြှင့်တင်ရန်နှင့် ဆီးအိမ်အတွင်း ဖိအားကို လျှော့ချရန် ရည်ရွယ်ခြင်းဖြစ်သော်လည်း ဆီးအိမ်နာကျင်မှု ဝေဒနာကိုမူ ပျောက်ကင်းစေမည်မဟုတ်ပါ။ ၎င်းတို့မှာ –
- ဆီးအိမ်ဆန့်နိုင်စွမ်းအား မြှင့်တင်ရန် ခွဲစိတ်ခြင်း (Surgery to increase bladder capacity): ဆီးမထိန်းနိုင်ခြင်း ဝေဒနာ အလွန်ပြင်းထန်သော အခြေအနေများတွင် ဆီးအိမ်၏ အစိတ်အပိုင်းတစ်ခုကို ဖယ်ရှား၍ အူလမ်းကြောင်းမှ တစ်ရှူးအချို့ဖြင့် အစားထိုးလဲလှယ်နိုင်ပါသည်။ ဤခွဲစိတ်မှုပြုလုပ်ပြီးနောက်တွင် ဆီးအိမ်အတွင်းရှိ ဆီးများကို ကုန်စင်အောင် စွန့်ထုတ်နိုင်ရန်အတွက် ဆီးပိုက်ကို အသုံးပြု၍ အခါအားလျော်စွာ ဆီးထုတ်ခြင်း (Intermittent catheterization) ပြုလုပ်ရန် လိုအပ်နိုင်ပါသည်။
- ဆီးအိမ်ဖယ်ထုတ်ခြင်း (Bladder removal): အခြားကုသမှုများဖြင့် မအောင်မြင်သည့်အခါ နောက်ဆုံးနည်းလမ်းအနေဖြင့် ဆီးအိမ်တစ်ခုလုံးကို ဖယ်ထုတ်နိုင်ပါသည်။ ထိုအခါ ဆီးအိမ်အသစ် (Neobladder) တစ်ခုကို ပြန်လည်ဖန်တီးခြင်း သို့မဟုတ် ဆီးအိတ်ဖြင့် ဆီးစုဆောင်းရန်အတွက် ဝမ်းဗိုက်တွင် အပေါက် (Stoma) ပြုလုပ်ခြင်းတို့ကို ဆောင်ရွက်ရပါမည်။
သင့်ကျန်းမာရေးစောင့်ရှောက်မှုပေးသူ (ဆရာဝန်) သည် သင့်တွင်ခံစားနေရသော သီးခြားလက္ခဏာများနှင့် လိုအပ်ချက်များအပေါ် မူတည်၍ သင့်အတွက် အသင့်လျော်ဆုံးသော ကုသမှုအစီအစဉ်ကို ဖော်ထုတ်နိုင်ရန် သင်နှင့်အတူ ပူးပေါင်းဆောင်ရွက်သွားမည် ဖြစ်ပါသည်။
