သားဥအိမ်လွန်ကဲစွာလှုံဆော်မှုဖြစ်စဉ်
အကျဉ်းချုပ်
သားဥအိမ် လွန်ကဲစွာ လှုံ့ဆော်မှု ဖြစ်စဉ် (OHSS) သည် သားဥ ဖွံ့ဖြိုးမှုကို လှုံ့ဆော်ရန်အတွက် ဟော်မုန်းဆေးဝါးများ အသုံးပြု၍ သန္ဓေအောင်ရန် ကုသမှု ခံယူနေသော အမျိုးသမီးများကို အဓိကအားဖြင့် သက်ရောက်ပါသည်။ ၎င်းသည် ပါးစပ်ဖြင့်သောက်ရသော ကလိုမီဖင်း (clomiphene) ကဲ့သို့သော ဆေးဝါးများဖြင့်လည်း ဖြစ်ပွားနိုင်ပြီး၊ အပျော့စား မသက်မသာဖြစ်မှုနှင့် ဝမ်းဗိုက်လေပွခြင်းမှအစ ပြင်းထန်သော နောက်ဆက်တွဲ ပြဿနာများအထိ လက္ခဏာများ ပြသနိုင်ပါသည်။ OHSS ၏ ပြင်းထန်မှုကို အပျော့စား၊ အလယ်အလတ်၊ သို့မဟုတ် ပြင်းထန်ဟူ၍ အမျိုးအစား ခွဲခြားထားပြီး၊ ပြင်းထန်သော ဖြစ်စဉ်များသည် ရှားပါးသော်လည်း အသက်အန္တရာယ်ကိုပင် ခြိမ်းခြောက်နိုင်ပါသည်။
အပျော့စား OHSS သည် ခေတ္တခဏ မသက်မသာဖြစ်မှုနှင့် ဝမ်းဗိုက်လေပွခြင်းကို ဖြစ်စေပြီး များသောအားဖြင့် သူ့အလိုလို ပြန်လည်သက်သာသွားလေ့ရှိပါသည်။ ပိုမိုပြင်းထန်သော ဖြစ်စဉ်များ သည် သားဥအိမ်များ ရောင်ရမ်းခြင်း၊ ဝမ်းဗိုက် နာကျင်ခြင်း၊ ပျို့အန်ခြင်း၊ အသက်ရှူရ ခက်ခဲခြင်း စသည့် လက္ခဏာများ ဖြစ်ပေါ်နိုင်သည်။ ပြင်းထန်သော OHSS သည် သွေးခဲများ ဖြစ်ပေါ်ခြင်းနှင့် ဝမ်းဗိုက်အတွင်း အရည်များ စုပုံလာခြင်း အပါအဝင် ပြင်းထန်သည့် နောက်ဆက်တွဲ ပြဿနာများကို ဖြစ်ပေါ်စေနိုင်ပါသည်။
ကုသမှုသည် OHSS ၏ ပြင်းထန်မှုအပေါ် မူတည်ပြီး၊ အပျော့စား ဖြစ်စဉ်များအတွက် လက္ခဏာသက်သာအောင် စောင့်ရှောက်ခြင်းမှအစ ပြင်းထန်သော ဖြစ်စဉ်များအတွက် ဆေးရုံတက် ကုသရသည်အထိ ကွာခြားပါသည်။ ကုသရေးဆိုင်ရာ ကြားဝင်ဆောင်ရွက်မှုများတွင် အရည်ထုတ်ယူခြင်း၊ သွေးကြောထဲသို့ ရေဓာတ်ဖြည့်တင်းပေးခြင်းနှင့် လက္ခဏာများကို ကုသခြင်းများ ပါဝင်နိုင်သည်။ OHSS ကို ချက်ချင်း သိရှိနိုင်ရန်နှင့် သင့်လျော်သော ကုသမှုကို စတင်နိုင်ရန်အတွက် သန္ဓေအောင်ရန် ကုသမှုများ ခံယူနေစဉ်အတွင်း ကျန်းမာရေး စောင့်ရှောက်မှု ပေးသူများမှ အနီးကပ် စောင့်ကြည့်ကုသမှု ပေးရန်မှာ အရေးကြီးပါသည်။
လက္ခဏာများ
သားဥကြွေခြင်းကို လှုံ့ဆော်ရန်အတွက် ထိုးဆေးများကို အသုံးပြုသည့်အခါ၊ သားဥအိမ် လွန်ကဲစွာ လှုံ့ဆော်မှု ဖြစ်စဉ်၏ လက္ခဏာများသည် ပုံမှန်အားဖြင့် တစ်ပတ်မှ နှစ်ပတ်ခန့် အကြာတွင် စတင် ပေါ်ပေါက်လာလေ့ရှိပါသည်။ ဤလက္ခဏာများ၏ ပြင်းထန်မှုသည် အပျော့စားမှ ပြင်းထန်သည်အထိ ကွာခြားနိုင်ပြီး၊ ၎င်းတို့၏ ပြောင်းလဲမှုသည် အချိန်ကြာလာသည်နှင့်အမျှ ပိုမိုဆိုးရွားလာခြင်း သို့မဟုတ် ပိုမိုကောင်းမွန်လာခြင်းတို့ဖြင့် ကွဲပြားနိုင်ပါသည်။
အပျော့စားနှင့် အလယ်အလတ် သားဥအိမ်လွန်ကဲစွာလှုံဆော်မှုဖြစ်စဉ်
အပျော့စားနှင့် အလယ်အလတ် သားဥအိမ်လွန်ကဲစွာ လှုံဆော်မှုဖြစ်စဥ်တွင် အောက်ပါလက္ခဏာများဖြစ်ပေါ်လေ့ရှိပါသည်
- သားဥအိမ်တည်နေရာတွင် နာကျင်မှု
- ဝမ်းဗိုက်တွင် အပျော့စားမှ အလယ်အလတ် နာကျင်မှု
- လေပွသလို ခံစားရပြီး ဝမ်းဗိုက် တင်းမာနေခြင်း။
- ဝမ်းဗိုက် အရွယ်အစား သိသိသာသာ ကြီးလာခြင်း။
- ဝမ်းလျှောခြင်း
- ပျို့အန်ခြင်း
- အန်ခြင်း
သားဥထွက်စေရန် ထိုးဆေးသုံးစွဲသော အမျိုးသမီးအချို့တွင် အပျော့စား OHSS အမျိုးအစားကို ခံစားရတတ်ပါသည်။ ပုံမှန်အားဖြင့်၊ ၎င်းသည် တစ်ပတ်ခန့်အတွင်း သက်သာပျောက်ကင်းသွားလေ့ရှိပါသည်။ သို့သော် ကိုယ်ဝန်ဆောင်လာပါက OHSS လက္ခဏာများသည် ပိုမိုပြင်းထန်လာပြီး ရက်အနည်းငယ်မှ ရက်သတ္တပတ် အနည်းငယ်အထိ ကြာရှည်နိုင်ပါသည်။
ပြင်းထန် သားဥအိမ်လွန်ကဲစွာလှုံဆော်မှုဖြစ်စဉ်
အကယ်၍ သင်သည် ပြင်းထန်သော OHSS ကို ခံစားရပါက၊ အောက်ပါ လက္ခဏာများ ရှိနိုင်သည်-
- ဆီးထွက် နည်းပါးခြင်း
- အသက်ရှူရခက်ခဲခြင်း
- သွေးခဲများ ဖြစ်ပေါ်ခြင်း
- ဝမ်းဗိုက်တွင် ပြင်းထန်စွာ နာကျင်ခြင်း
- ပြင်းထန်ပြီး ဆက်တိုက် ပျို့အန်ခြင်း
- ကိုယ်အလေးချိန် လွန်ကဲစွာ တိုးလာခြင်း- တစ်ရက်တည်းတွင် ၂.၂ ပေါင် (၁ ကီလိုဂရမ်) ထက်ပို၍ တိုးလာခြင်း
- ဝမ်းဗိုက်ကြီးလာခြင်း သို့မဟုတ် တင်းကျပ်နေခြင်း
- ကျောက်ကပ်ပျက်စီးခြင်း
အကယ်၍ သင်သည် သန္ဓေအောင်ရန် ကုသမှုများ ခံယူနေစဉ်အတွင်း သားဥအိမ် လွန်ကဲစွာ လှုံ့ဆော်မှု ဖြစ်စဉ်၏ မည်သည့် လက္ခဏာကိုမဆို သတိပြုမိပါက၊ သင့်ဖြစ်စဉ်သည် အပျော့စား ဖြစ်နေသည်ဟု ထင်ရသော်လည်း သင့်ကျန်းမာရေး စောင့်ရှောက်မှု ပေးသူအား အသိပေးရန် အရေးကြီးပါသည်။ သင့်ကျန်းမာရေး စောင့်ရှောက်မှု ပေးသူသည် ရုတ်တရက် ကိုယ်အလေးချိန် တက်လာခြင်း သို့မဟုတ် လက္ခဏာများ ပိုမိုဆိုးရွားလာခြင်း ရှိမရှိကို စောင့်ကြည့်လိုမည် ဖြစ်ပါသည်။ ထို့အပြင်၊ သန္ဓေအောင်ရန် ကုသမှု ခံယူနေစဉ်အတွင်း အသက်ရှူရခက်ခဲခြင်း သို့မဟုတ် ခြေထောက်နာကျင်ခြင်းများကို ခံစားရပါက၊ ၎င်းတို့သည် ချက်ချင်းဂရုစိုက်ရန် လိုအပ်သည့် အရေးပေါ် ဆေးဘက်ဆိုင်ရာ အခြေအနေများ ဖြစ်နိုင်သောကြောင့် သင့်ကျန်းမာရေး စောင့်ရှောက်မှု ပေးသူအား ချက်ချင်း ဆက်သွယ်ပါ။
အကြောင်းအရင်းများ
သားဥအိမ် လွန်ကဲစွာ လှုံဆော်မှု ဖြစ်စဉ် (OHSS) ဖြစ်ပွားရခြင်း၏ အတိအကျ အကြောင်းရင်းကို အပြည့်အစုံ လေ့လာတွေ့ရှိမှုမရှိသေးသော်လည်း၊ ၎င်းသည် ခန္ဓာကိုယ်အတွင်း ဂိုနာဒိုထရိုပင် (human chorionic gonadotropin – HCG) ဟော်မုန်း မြင့်မားစွာ ဝင်ရောက်လာခြင်းနှင့် ဆက်စပ်နေပါသည်။ ဂိုနာဒိုထရိုပင် (HCG) ဟော်မုန်း သည် ပုံမှန်အားဖြင့် ကိုယ်ဝန်ဆောင်စဉ်အတွင်း ထုတ်လုပ်သည့် ဟော်မုန်းတစ်မျိုး ဖြစ်ပါသည်။OHSS တွင်၊ သားဥအိမ်ရှိ သွေးကြောများသည် ဂိုနာဒိုထရိုပင် (HCG) ဟော်မုန်း ကို ပုံမှန်သော တုံ့ပြန်မှု ရှိသောကြောင့် အရည်များ ယိုစိမ့်ထွက်ခြင်းကို ဖြစ်စေပါသည်။ ဤအရည်များ စုပုံလာမှုကြောင့် သားဥအိမ်များ ရောင်ရမ်းလာပြီး၊ တစ်ခါတစ်ရံတွင် သိသာထင်ရှားသော အရည်ပမာဏသည် ဝမ်းဗိုက်အတွင်းသို့ စုပုံသွားတတ်သည်။
သန္ဓေအောင်ရန် ကုသမှုများတွင်၊ HCG သည် ရင့်ကျက်သော သားဥအိမ်အိတ် (follicle) မှ သားဥကို ထွက်လာစေရန် လှုံ့ဆော်ပေးသည့် “အစပျိုးဆေး (trigger)” အဖြစ် မကြာခဏ ပေးလေ့ရှိပြီး၊ OHSS သည် HCG ဟော်မုန်း ထိုးဆေးရရှိပြီးနောက် တစ်ပတ်အတွင်း ပုံမှန်အားဖြင့် ဖြစ်ပေါ်လာပါသည်။ ကုသမှု ခံယူနေချိန်အတွင်း ကိုယ်ဝန်ဆောင်လာပါက ခန္ဓာကိုယ်မှ ကိုယ်ဝန်ကြောင့် ကိုယ်ပိုင် HCG ဟော်မုန်း ကို စတင်ထုတ်လုပ်လာသည့်အတွက် OHSS သည် ပိုမိုဆိုးရွားလာနိုင်သည်။ ပါးစပ်ဖြင့် သောက်သုံးရသော ကလိုမီဖင်း (clomiphene) နှင့် နှိုင်းယှဉ်ပါက၊ ထိုးသွင်းရသည့် မျိုးအောင်ဆေးဝါးများသည် OHSS ဖြစ်ပေါ်နိုင်ခြေ ပိုမိုမြင့်မားပါသည်။ အချို့သော ရှားပါးကိစ္စရပ်များတွင် OHSS သည် သန္ဓေအောင်ရန် ကုသမှုများနှင့် မသက်ဆိုင်ဘဲ သူ့အလိုလိုလည်း ဖြစ်ပွားနိုင်ပါသည်။
သားဥအိမ် လွန်ကဲစွာ လှုံဆော်မှု ဖြစ်စဉ် ပိုမိုဖြစ်လွယ်စေသောအချက်များ
မည်သည့် ဖြစ်နိုင်ခြေ မြင့်မားစေသည့် အကြောင်းရင်းမှ မရှိသော အမျိုးသမီးများသည်ပင် OHSS ကို တစ်ခါတစ်ရံ ခံစားရနိုင်ပါသည်။ သို့သော် အောက်ပါအချက်များသည် OHSS ဖြစ်ပွားနိုင်ခြေကို မြင့်တက်စေသည်ဟု သိရှိရပါသည်-
- OHSS ဖြစ်ဖူးသည့် ရာဇဝင်ရှိခြင်း
- အသက် ၃၅ နှစ်အောက်ဖြစ်ခြင်း
- သားဥအိတ်ငယ် (Follicles) များ အများအပြားရှိခြင်း
- ကိုယ်အလေးချိန် ပုံမှန်အောက် နည်းနေခြင်း
- HCG အစပျိုးဆေး (trigger shot) မထိုးမီ အီစထရာဒိုင်အောလ် (Estradiol – Estrogen) ပမာဏ မြင့်မားနေခြင်း သို့မဟုတ် ရုတ်တရက် မြင့်တက်လာခြင်း
မျိုးပွားခြင်းဆိုင်ရာ အခြေအနေတစ်ခုဖြစ်သော မမျိုးဥအိမ်များတွင် အိတ်များစွာရှိသည့် ရောဂါလက္ခဏာစု (Polycystic Ovarian Syndrome – PCOS) သည် ရာသီစက်ဝန်း မမှန်ခြင်း၊ အမွေးအမျှင် လွန်ကဲစွာ ပေါက်ခြင်းနှင့် အာထရာဆောင်းရိုက်ရာတွင် သားဥအိမ် ပုံမှန်မဟုတ်ဘဲ မြင်ရခြင်းတို့ဖြင့် လက္ခဏာ သိသာထင်ရှားပါသည်။
ရောဂါရှာဖွေခြင်း
သားဥအိမ်လွန်ကဲစွာလှုံဆော်မှုဖြစ်စဉ် (OHSS) ဖြစ်ပွားမှု ရှိ၊ မရှိကို အောက်ပါနည်းလမ်းများဖြင့် စစ်ဆေးအတည်ပြုနိုင်ပါသည်
- ကိုယ်ခန္ဓာအား စမ်းသပ်စစ်ဆေးခြင်း (Physical examination): ဆရာဝန်သည် သင့်ကိုယ်အလေးချိန် တိုးလာခြင်း ရှိ၊ မရှိ၊ ခါးအတိုင်းအတာ ပိုလာခြင်း ရှိ၊ မရှိ နှင့် ဝမ်းဗိုက်အတွင်း မအီမသာဖြစ်ခြင်းများ ရှိ၊ မရှိတို့ကို စမ်းသပ်စစ်ဆေးပါလိမ့်မည်။
- သွေးစစ်ဆေးခြင်း (A blood test): ဆရာဝန်သည် သွေးတွင်းပုံမှန်မဟုတ်သော အခြေအနေများကို စစ်ဆေးခြင်းဖြင့် OHSS ဝေဒနာကြောင့် ကျောက်ကပ်လုပ်ဆောင်ချက်အပေါ် သက်ရောက်မှု ရှိ၊ မရှိကို သီးသန့်သွေးစစ်ဆေးမှုများမှတစ်ဆင့် ဆုံးဖြတ်နိုင်ပါသည်။
- အာထရာဆောင်းရိုက်ခြင်း (An ultrasound): သင့် သားဥအိမ်သည် ပုံမှန်ထက် ပိုမိုကြီးထွားနေပြီး၊ မျိုးဥများဖြစ်ထွန်းရမည့်နေရာတွင် အရည်များပြည့်နေသော အရည်အိတ်ကြီးများ (Cysts) ဖြစ်ပေါ်နေပါက အာထရာဆောင်းစစ်ဆေးမှုဖြင့် OHSS ဖြစ်ပွားမှုကို သိရှိနိုင်ပါသည်။ သင်သည် မျိုးပွားနိုင်စွမ်းမြှင့်တင်သည့် ဆေးဝါးများ (Fertility medication) သောက်သုံးနေစဉ်အတွင်း ဆရာဝန်သည် သင့်သားဥအိမ်အခြေအနေကို အကဲဖြတ်ရန် မိန်းမကိုယ်မှတစ်ဆင့် အာထရာဆောင်း (Vaginal ultrasound) ကို အခါအားလျော်စွာ ရိုက်ကူးစစ်ဆေးပါလိမ့်မည်။
ကုသခြင်း
သားဥအိမ်လွန်ကဲစွာလှုံဆော်မှုဖြစ်စဉ် (OHSS) သည် ပုံမှန်အားဖြင့် တစ်ပတ် သို့မဟုတ် နှစ်ပတ်အတွင်း သူ့အလိုလို ပြန်လည်သက်သာသွားလေ့ရှိသော်လည်း ကိုယ်ဝန်ဆောင်ထားရသူများတွင်မူ ထိုထက်ပို၍ အချိန်ကြာမြင့်နိုင်ပါသည်။ ကုသမှု၏ အဓိကရည်ရွယ်ချက်မှာ လူနာအား သက်သောင့်သက်သာရှိစေရန်၊ မျိုးဥအိမ်၏ လုပ်ဆောင်မှုများကို ထိန်းညှိရန်နှင့် နောက်ဆက်တွဲ ပြဿနာများကို ကာကွယ်ရန် ဖြစ်ပါသည်။
ရောဂါလက္ခဏာ အပျော့စားနှင့် အလယ်အလတ် OHSS ဝေဒနာရှင်များအတွက် ကုသမှုများမှာ –
- အရည်ဓာတ် ပိုမိုဖြည့်တင်းပေးခြင်း။
- ကိုယ်ခန္ဓာအား ပုံမှန်စမ်းသပ်စစ်ဆေးခြင်းနှင့် အာထရာဆောင်း ရိုက်ကူးခြင်း။
- ကိုယ်အလေးချိန်နှင့် ခါးအတိုင်းအတာ ပြောင်းလဲမှုများကို သိရှိနိုင်ရန် နေ့စဉ် တိုင်းတာစစ်ဆေးခြင်း။
- နေ့စဉ် ဆီးထွက်ရှိမှုပမာဏကို မှတ်တမ်းတင်ခြင်း။
- ရေဓာတ်ခမ်းခြောက်မှု၊ သတ္တုဓာတ် (Electrolyte) မမျှတမှုနှင့် အခြားသော ဝေဒနာများ ရှိ၊ မရှိ သိရှိနိုင်ရန် သွေးစစ်ဆေးခြင်း။
- ဝမ်းဗိုက်အတွင်း ပိုလျှံနေသော အရည်များကို အပ်အသုံးပြု၍ စုပ်ထုတ်ခြင်း။
- သွေးခဲခြင်းကို ကာကွယ်သည့် ဆေးဝါးများ (Anticoagulants) အသုံးပြုခြင်း။
ပြင်းထန်သော OHSS ဝေဒနာခံစားရပါက အနီးကပ်စောင့်ကြည့်စစ်ဆေးရန်နှင့် ထိရောက်သော ကုသမှုများ (ဥပမာ – အကြောသွင်းဆေးရည်များ သွင်းခြင်း) ပြုလုပ်နိုင်ရန် ဆေးရုံတက်ရောက် ကုသရန် လိုအပ်နိုင်ပါသည်။ ဆရာဝန်သည် ဝေဒနာသက်သာစေရန် Cabergoline ဆေးကို ညွှန်ကြားနိုင်သည့်အပြင် သားဥအိမ်၏ လုပ်ဆောင်မှုကို ဟန့်တားရန်အတွက် gonadotropin-releasing hormone (Gn-RH) antagonists သို့မဟုတ် Letrozole (Femara) ကဲ့သို့သော ဆေးဝါးများကိုလည်း အသုံးပြုနိုင်ပါသည်။
အလွန်ပြင်းထန်သည့် အခြေအနေများတွင် မျိုးဥအိမ်ရှိ အရည်အိတ် ပေါက်ထွက်ခြင်းကို ကုသရန် ခွဲစိတ်ကုသမှု လိုအပ်နိုင်သလို၊ အသည်း သို့မဟုတ် အဆုတ်ဆိုင်ရာ နောက်ဆက်တွဲ ပြဿနာများကို ကုသရန် အထူးကြပ်မတ်ကုသမှုခံယူရန် လိုအပ်နိုင်ပါသည်။ ထို့အပြင် ခြေထောက်တွင် သွေးခဲခြင်း အန္တရာယ်ကို လျှော့ချရန်အတွက် သွေးကျဲဆေးများကိုလည်း ပေးအပ်နိုင်ပါသည်။
