အကျဉ်းချုပ်

သားဥအိမ်ကင်ဆာသည် အမျိုးသမီး မျိုးပွားအင်္ဂါအဖွဲ့အစည်း၏ အစိတ်အပိုင်းတစ်ခုဖြစ်သော သားဥအိမ်များတွင် ဖြစ်ပွားသည့် ကင်ဆာအမျိုးအစားဖြစ်ပါသည်။ သားဥအိမ်များသည် မျိုးဥများကို ထုတ်လုပ်ပေးရုံသာမက အီစထရိုဂျင် (Estrogen) နှင့် ပရိုဂျက်စတီရုန်း (Progesterone) ကဲ့သို့သော ဟော်မုန်းများကိုလည်း ထုတ်လုပ်ပေးပါသည်။ သားဥအိမ်အတွင်းရှိ ဆဲလ်များ ပုံမှန်မဟုတ်ဘဲ ကြီးထွားလာခြင်းမှတစ်ဆင့် မျိုးဗီဇပြောင်းလဲကာ သားဥအိမ်ကင်ဆာအကျိတ်ဆဲလ်များအဖြစ်သို့ ကူးပြောင်းသွားနိုင်ပါသည်။

သားဥအိမ်ကင်ဆာအများစုကို ကင်ဆာအကျိတ်အား ခွဲစိတ်ဖယ်ရှားခြင်းနှင့် ကင်ဆာဆေးသွင်းကုသခြင်း (Chemotherapy) တို့ဖြင့် ကုသလေ့ရှိပါသည်။

သားဥအိမ်ကင်ဆာ အမျိုးအစားများ

သားဥအိမ်ကင်ဆာ အမျိုးအစားများကို ၎င်းတို့ စတင်ဖြစ်ပေါ်ရာ ဆဲလ်အမျိုးအစားအပေါ် မူတည်၍ ခွဲခြားသတ်မှတ်ပါသည်။ ကုသမှုပုံစံများသည်လည်း မည်သည့် သားဥအိမ်ကင်ဆာ အမျိုးအစားဖြစ်သည်ဆိုသည့် အချက်အပေါ် မူတည်ပါသည်။

သားဥအိမ်ကင်ဆာ အမျိုးအစားများမှာ အောက်ပါအတိုင်း ဖြစ်ပါသည် –

  • သားဥအိမ်အပေါ်ယံလွှာ ကင်ဆာအကျိတ် (Epithelial ovarian tumors): ဤသည်မှာ သားဥအိမ်ကင်ဆာ အမျိုးအစားများထဲတွင် အဖြစ်အများဆုံး ဖြစ်ပါသည်။ ဤဆဲလ်အမျိုးအစားသည် သားဥအိမ်၏ အပြင်ဘက် မျက်နှာပြင်လွှာတွင် စတင်ဖြစ်ပေါ်လေ့ရှိသည်။ ၎င်းတို့သည် ကင်ဆာမဟုတ်သော အကျိတ် (Benign) သို့မဟုတ် ကင်ဆာအကျိတ် (Malignant) များလည်း ဖြစ်နိုင်ပါသည်။
  • မျိုးဥဆဲလ်မှဖြစ်သော ကင်ဆာအကျိတ် (Ovarian germ cell tumor): မျိုးဥ (Eggs) များအတွင်းတွင် စတင်ဖြစ်ပေါ်ပြီး ဤကင်ဆာအမျိုးအစားသည် ငယ်ရွယ်သော အမျိုးသမီးများတွင် ဖြစ်ပွားနိုင်ပါသည်။ အများစုမှာ ကင်ဆာမဟုတ်သော အကျိတ်များ ဖြစ်တတ်သော်လည်း အချို့သော အကျိတ်များကို ကုသမှုမခံယူဘဲ ထားရှိပါက အသက်အန္တရာယ် ရှိနိုင်ပါသည်။
  • ဟော်မုန်းထုတ်ဆဲလ်မှဖြစ်သော ကင်ဆာအကျိတ် (Ovarian stromal tumor): ဤသည်မှာ ရှားပါးသော သားဥအိမ်အကျိတ် အမျိုးအစားဖြစ်ပြီး ပုံမှန်မဟုတ်ဘဲ မိန်းမကိုယ်မှ သွေးဆင်းခြင်း လက္ခဏာနှင့်အတူ တွေ့ရှိရလေ့ရှိသည်။ ဤအမျိုးအစားကို များသောအားဖြင့် ရောဂါအစောပိုင်း အဆင့်များတွင်ပင် ရှာဖွေတွေ့ရှိနိုင်ပါသည်။

လက္ခဏာများ

သားဥအိမ်ကင်ဆာသည် ရောဂါအစောပိုင်းအဆင့်တွင် သိသာထင်ရှားသော လက္ခဏာရပ်များ ပြသလေ့မရှိဘဲ ရောဂါကျွမ်းလာသည့်အခါမှသာ သတိပြုမိတတ်ကြသည်။ သားဥအိမ်အကျိတ်များ၏ လက္ခဏာရပ်များမှာ အောက်ပါအတိုင်း ဖြစ်ပါသည် –

  • ဝမ်းဗိုက်နာကျင်ခြင်း၊ လေပွခြင်း သို့မဟုတ် ဆီးစပ်တစ်ဝိုက်တွင် မအီမသာဖြစ်ခြင်း။
  • ဗိုက်ထဲတွင် အလုံးအကျိတ်စမ်းမိခြင်း သို့မဟုတ် ဝမ်းဗိုက်အရွယ်အစား သိသိသာသာ ပြောင်းလဲလာခြင်း။
  • ပုံမှန်မဟုတ်ဘဲ မိန်းမကိုယ်မှ သွေးဆင်းခြင်း။
  • အစားအသောက်ပျက်ခြင်း။
  • အကြောင်းရင်းမရှိဘဲ ကိုယ်အလေးချိန် ကျဆင်းသွားခြင်း။
  • ဝမ်းသွားသည့် အလေ့အထ ပြောင်းလဲခြင်း (ဥပမာ – ဝမ်းချုပ်ခြင်း သို့မဟုတ် ဝမ်းလျှောခြင်း)။
  • ဆီးခဏခဏ သွားခြင်း။

အကယ်၍ အထက်ဖော်ပြပါ လက္ခဏာတစ်ရပ်ရပ်ကို သတိပြုမိပါက သားဖွားနှင့် မီးယပ်အထူးကု ဆရာဝန် (Gynecologist) နှင့် တိုင်ပင်ဆွေးနွေးပါ။

အကြောင်းအရင်းများ

သားဥအိမ်ကင်ဆာ ဖြစ်ပွားရသည့် တိကျသော အကြောင်းရင်းကို ယနေ့ထက်တိုင် မသိရသေးသော်လည်း ကင်ဆာအကျိတ် ဖြစ်ပွားနိုင်ခြေကို မြင့်တက်စေသည့် အချက်များ (Risk factors) စွာ ရှိပါသည်။ ယေဘုယျအားဖြင့် ကင်ဆာသည် ဆဲလ်များ၏ ဒီအန်အေ (DNA) မျိုးဗီဇ ပြောင်းလဲမှု ဖြစ်ပေါ်သည့်အခါတွင် စတင်တတ်ပါသည်။ ဤကဲ့သို့ မျိုးဗီဇပြောင်းလဲမှုကြောင့် ဆဲလ်များသည် ပုံမှန်ထက် ပိုမိုမြန်ဆန်စွာ ကြီးထွားလာခြင်းနှင့် ပွားများလာခြင်းတို့ကို ဖြစ်စေပြီး ကျန်းမာသော ဆဲလ်များထက် ပိုမို အသက်ရှည်ကြသည်။ နောက်ပိုင်းတွင် ထိုဆဲလ်များသည် အကျိတ် (Tumor) အဖြစ်သို့ ပြောင်းလဲသွားပြီး အနီးနားရှိ တစ်ရှူးများကို ကျူးကျော်ဝင်ရောက်ခြင်း သို့မဟုတ် ခန္ဓာကိုယ်၏ အခြားအစိတ်အပိုင်းများသို့ ပျံ့နှံ့သွားခြင်းတို့ ဖြစ်ပေါ်နိုင်ပါသည်။

သားဥအိမ်ကင်ဆာ ပိုမိုဖြစ်လွယ်စေသောအချက်များ

သားဥအိမ်ကင်ဆာ ဖြစ်ပွားနိုင်ခြေကို ပိုမိုများပြားစေသည့် အချက်များတွင် အောက်ပါတို့ ပါဝင်ပါသည်

  • အသက်အရွယ်: အသက်အရွယ်ကြီးရင့်လာခြင်းသည် သားဥအိမ်ကင်ဆာ ဖြစ်ပွားနိုင်ခြေကို ပိုမိုမြင့်မားစေပါသည်။
  • မိသားစုရာဇဝင်: မိမိနှင့် တိုက်ရိုက်တော်စပ်သော ဆွေမျိုးရင်းချာများ (ဥပမာ – မိခင်၊ ညီအစ်မ သို့မဟုတ် သမီး) တွင် သားဥအိမ်ကင်ဆာ ဖြစ်ဖူးသော ရာဇဝင်ရှိခြင်း။
  • မျိုးဗီဇ: မိဘများထံမှ အမွေဆက်ခံရရှိသော BRCA1 နှင့် BRCA2 ကဲ့သို့သော မျိုးဗီဇများ ရှိနေခြင်းသည် သားဥအိမ်ကင်ဆာသာမက ရင်သားကင်ဆာ ဖြစ်နိုင်ခြေကိုလည်း မြင့်တက်စေပါသည်။
  • အဝလွန်ခြင်း: ကိုယ်အလေးချိန် လွန်ကဲသူများ သို့မဟုတ် အဝလွန်သူများသည် သားဥအိမ်ကင်ဆာ ဖြစ်ပွားနိုင်ခြေ ပိုမိုများပြားပါသည်။
  • ရာသီလာသည့် အသက်အရွယ်: ရာသီသွေး စောစီးစွာပေါ်ခြင်း သို့မဟုတ် သွေးဆုံးချိန် နောက်ကျခြင်းတို့သည် သားဥအိမ်ကင်ဆာ ဖြစ်နိုင်ခြေကို မြင့်တက်စေနိုင်ပါသည်။
  • ကိုယ်ဝန်မဆောင်ဖူးခြင်း: တစ်ကြိမ်တစ်ခါမျှ ကိုယ်ဝန်မဆောင်ဖူးသူများသည် သားဥအိမ်ကင်ဆာ ဖြစ်ပွားနိုင်ခြေ ပိုမိုမြင့်မားပါသည်။

ရောဂါရှာဖွေခြင်း

သားဥအိမ်ကင်ဆာ ရှိ၊ မရှိ စစ်ဆေးအတည်ပြုရန်အတွက် အောက်ပါလုပ်ဆောင်ချက်များကို ပြုလုပ်ရန် အကြံပြုနိုင်ပါသည် –

  • တင်ပါးဆုံပိုင်းဆိုင်ရာ စမ်းသပ်စစ်ဆေးခြင်း (Pelvic examination): မျိုးပွားအင်္ဂါများကို စမ်းသပ်စစ်ဆေးခြင်း ဖြစ်ပါသည်။ ဆရာဝန်သည် လက်ညှိုးနှင့် လက်ခလယ်ကို မိန်းမကိုယ်အတွင်းသို့ ထည့်သွင်းပြီး အခြားလက်တစ်ဖက်ဖြင့် ဝမ်းဗိုက်ပေါ်မှ ဖိ၍ သားအိမ်နှင့် သားဥအိမ်များကို စမ်းသပ်ပါလိမ့်မည်။ ထို့ပြင် မိန်းမကိုယ်နှင့် သားအိမ်ခေါင်းတွင် ပုံမှန်မဟုတ်သော အခြေအနေများ ရှိ၊ မရှိ ကြည့်ရှုရန်အတွက် Speculum ဟုခေါ်သော ကိရိယာကို အသုံးပြု၍ စစ်ဆေးပါလိမ့်မည်။
  • ပုံရိပ်ဖော် ရောဂါရှာဖွေခြင်း (Diagnostic Imaging Procedure): အာထရာဆောင်း (Ultrasound)၊ ကွန်ပျူတာဓာတ်မှန် (CT Scan)၊ သံလိုက်ဓာတ်မှန် (MRI) နှင့် PET Scan တို့ ပါဝင်ပါသည်။ ဤစစ်ဆေးမှုများသည် ကင်ဆာမည်မျှအထိ ပြန့်နှံ့နေသည်ကို သိရှိနိုင်ရန်နှင့် သားဥအိမ်၏ အရွယ်အစား၊ ပုံသဏ္ဌာန်နှင့် တည်ဆောက်ပုံတို့ကို သိရှိနိုင်ရန် ပြုလုပ်ခြင်း ဖြစ်ပါသည်။
  • သွေးစစ်ခြင်း (Blood test): ကိုယ်ခန္ဓာ အစိတ်အပိုင်းများ၏ လုပ်ဆောင်ချက်များကို သိရှိနိုင်ရန်အတွက် အထူးကုဆရာဝန်သည် သွေးစစ်ဆေးမှု အမျိုးမျိုးကို ပြုလုပ်စစ်ဆေးပါလိမ့်မည်။

ရောဂါအဆင့် သတ်မှတ်ခြင်း (Staging)

အထူးကုဆရာဝန်သည် သားဥအိမ်ကင်ဆာ ဖြစ်ပွားနေကြောင်း အတည်ပြုပြီးနောက် နောက်တစ်ဆင့်အနေဖြင့် ကင်ဆာမည်မျှအထိ ပျံ့နှံ့နေသည် (ရောဂါအဆင့်) ကို သိရှိရန် လုပ်ဆောင်ပါမည်။ ကင်ဆာအဆင့်များကို ရောမဂဏန်း I မှ IV အထိ သတ်မှတ်ဖော်ပြပါသည်။ အနိမ့်ဆုံးအဆင့် (အဆင့် I) သည် ကင်ဆာသည် သားဥအိမ်များတွင်သာ ရှိနေသေးကြောင်း ညွှန်ပြပြီး၊ အမြင့်ဆုံးအဆင့် (အဆင့် IV) မှာမူ ကင်ဆာသည် ခန္ဓာကိုယ်၏ အခြားအစိတ်အပိုင်းများသို့ ပျံ့နှံ့သွားပြီ (Metastasis) ဖြစ်ကြောင်း ညွှန်ပြပါသည်။

ကုသခြင်း

ကုသမှုနည်းလမ်းကို ရွေးချယ်ရာတွင် ကင်ဆာအမျိုးအစားနှင့် ရောဂါအဆင့်တို့အပြင် လူနာ၏ ယေဘုယျ ကျန်းမာရေးအခြေအနေနှင့် လူနာကိုယ်တိုင်၏ ဆန္ဒတို့အပေါ် မူတည်၍ ဆုံးဖြတ်ပါသည်။ ကုသမှုဆိုင်ရာ ရွေးချယ်စရာများကို အထူးကုဆရာဝန်နှင့် သေချာစွာ တိုင်ပင်ဆွေးနွေးရပါမည်။

သားဥအိမ်ကင်ဆာ ကုသမှုကို ပုံမှန်အားဖြင့် သားဥအိမ်များကို ခွဲစိတ်ဖယ်ရှားခြင်းဖြင့် ဆောင်ရွက်လေ့ရှိပါသည်။ သို့သော်လည်း အကယ်၍ ကင်ဆာသည် ခန္ဓာကိုယ်၏ အခြားအစိတ်အပိုင်းများသို့ ပြန့်နှံ့သွားပြီဖြစ်ပါက နောက်ထပ် ကုသမှုနည်းလမ်းများကို ထပ်မံလုပ်ဆောင်ရန် လိုအပ်မည် ဖြစ်ပါသည်။

ခွဲစိတ်ကုသခြင်း (Surgery)

  • မျိုးပွားနိုင်စွမ်းကို ထိန်းသိမ်းပေးသော ခွဲစိတ်မှု (Fertility sparing surgical staging): ရောဂါအစောပိုင်းအဆင့်တွင် ရှိနေပြီး ကင်ဆာဆဲလ်အမျိုးအစားအပေါ် မူတည်၍ ကလေးပြန်လည်ရရှိနိုင်စွမ်းကို ထိန်းသိမ်းပေးနိုင်သော ခွဲစိတ်မှုမျိုး ပြုလုပ်နိုင်ပါသည်။
  • အဆင့်စုံ ပြည့်စုံသော ခွဲစိတ်မှု (Complete surgical staging): ဤခွဲစိတ်မှုတွင် သားအိမ်ထုတ်ခြင်း (Hysterectomy)၊ သားဥအိမ်နှင့် သားအိမ်ပြွန်နှစ်ဖက်လုံးကို ထုတ်ခြင်း (Bilateral salpingo-oophorectomy)၊ ပြန်ရည်ကျိတ်များကို စစ်ဆေးဖယ်ရှားခြင်း (Lymph node dissection) နှင့် အူမြှေးလွှာကို ဖယ်ရှားခြင်း (Omentectomy) တို့ ပါဝင်ပါသည်။

ကင်ဆာဆေးသွင်းကုသခြင်း (Chemotherapy)

  • ကင်ဆာဆေးသွင်းကုသခြင်း (Chemotherapy): ကင်ဆာဆဲလ်များကို သတ်ရန် ဓာတုပစ္စည်းများ ပါဝင်သော ဆေးဝါးများကို ပါးစပ်မှသောက်ခြင်း သို့မဟုတ် သွေးပြန်ကြောအတွင်း ထိုးသွင်းခြင်းဖြင့် ကုသခြင်း ဖြစ်ပါသည်။ ပုံမှန်အားဖြင့် ခွဲစိတ်မှုအပြီး ကျန်ရှိနေနိုင်သော ကင်ဆာဆဲလ်များကို သတ်ရန် အသုံးပြုလေ့ရှိသော်လည်း ခွဲစိတ်မှုမတိုင်မီ ကင်ဆာပျံ့နှံ့မှုကို လျှော့ချရန်အတွက်လည်း အသုံးပြုနိုင်ပါသည်။
  • ပစ်မှတ်ထား ကုထုံး (Targeted drug therapy): ရောဂါရင့်နေသော ကင်ဆာအဆင့်များတွင် အသုံးပြုပါသည်။ ဤကုထုံးကို ဓာတ်ရောင်ခြည်ကုထုံးနှင့် တွဲဖက်၍လည်း လုပ်ဆောင်နိုင်ပါသည်။
  • ကိုယ်ခံအားစနစ်သုံး ကုထုံး (Immunotherapy): ကင်ဆာအကျိတ်ဆဲလ်များက ခန္ဓာကိုယ်၏ ခုခံအားစနစ်မှ ပုန်းကွယ်နေသည့် ဖြစ်စဉ်ကို နှောင့်ယှက်တားဆီးပေးခြင်းဖြင့် ခန္ဓာကိုယ်၏ ကိုယ်ခံအားစနစ်ကို အသုံးပြု၍ ကင်ဆာကို တိုက်ဖျက်စေသည့် နည်းလမ်းဖြစ်ပါသည်။
  • ဟော်မုန်းကုထုံး (Hormone therapy): အီစထရိုဂျင် (Estrogen) ဟော်မုန်းကို တားဆီးပေးသော ဆေးဝါးများကို အသုံးပြုခြင်း ဖြစ်ပါသည်။ ဤကုထုံးကို အချို့သော သားဥအိမ်ကင်ဆာ ဆဲလ်အမျိုးအစားများအတွက် အသုံးပြုနိုင်ပါသည်။

Doctors who treat this condition