အကျဉ်းချုပ်
အရိုးပွရောဂါဆိုသည်မှာ အရိုးများကို အားနည်းစေပြီး ကျိုးပဲ့လွယ်စေသည့် ရောဂါတစ်မျိုး ဖြစ်သည်။ အရိုးများ အားနည်းလာခြင်းကြောင့် လူနာများသည် ချော်လဲခြင်း သို့မဟုတ် အနည်းငယ်မျှသော ထိခိုက်မှုမျိုးတွင်ပင် အရိုးကျိုးနိုင်ခြေ အန္တရာယ်ရှိသည်။ အရိုးပွရောဂါသည် အရိုးထုထည် (Bone Mass) လျော့နည်းခြင်းနှင့် အရိုးကြံ့ခိုင်မှု မရှိခြင်းတို့ကြောင့် ဖြစ်ပွားရခြင်း ဖြစ်သည်။ လူ့ခန္ဓာကိုယ်ရှိ အရိုးများသည် တစ်ရှူးများဖြင့် ဖွဲ့စည်းထားပြီး ၎င်းတစ်ရှူးအဟောင်းများကို အသစ်များဖြင့် အစဉ်မပြတ် အစားထိုးလဲလှယ်ပေးနေပါသည်။ အရိုးဟောင်းများ ပြုန်းတီးသွားသည့်နှုန်းက အရိုးသစ်များ ပြန်လည်ဖြစ်ပေါ်သည့်နှုန်းထက် ပိုမိုမြန်ဆန်နေပါက ဤရောဂါ စတင်ဖြစ်ပွားလာပါသည်။
အရိုးပွရောဂါကို များသောအားဖြင့် တင်ပါးဆုံရိုး၊ လက်ကောက်ဝတ် သို့မဟုတ် ခါးရိုးဆစ်များတွင် ရုတ်တရက် အရိုးကျိုးခြင်း ဖြစ်ပွားသည့်အခါမှသာ စစ်ဆေးတွေ့ရှိရလေ့ရှိသည်။ အထူးသဖြင့် သွေးဆုံးပြီးစ အမျိုးသမီးကြီးများတွင် ဤရောဂါဖြစ်ပွားရန် အခွင့်အလမ်း ပိုမိုများပြားပါသည်။
လက္ခဏာများ
အရိုးပွရောဂါ၏ ကနဦးအဆင့်များတွင် ပုံမှန်အားဖြင့် မည်သည့်လက္ခဏာမျှ ပြသလေ့မရှိပါ။ အရိုးပွရောဂါကြောင့် အရိုးများ အားနည်းစပြုလာသည့်အခါတွင်မူ အောက်ပါလက္ခဏာရပ်များ ပေါ်ပေါက်လာနိုင်ပါသည် –
- ကျောရိုးဆစ် ကျိုးခြင်း သို့မဟုတ် နိမ့်ဝင်သွားခြင်းတို့ကြောင့် ဖြစ်ပေါ်လာသော ခါးနာ/ကျောနာခြင်း။
- အချိန်ကြာလာသည်နှင့်အမျှ အရပ်ပုသွားခြင်း။
- ကိုယ်နေဟန်ထား ကိုင်းညွတ်သွားခြင်း။
- အရိုးများ ဆတ်လာခြင်း သို့မဟုတ် အရိုးကျိုးလွယ်လာခြင်း။
ဆရာဝန်နှင့် မည်သည့်အချိန်တွင် တိုင်ပင်ဆွေးနွေးသင့်သနည်း
စောစီးစွာ သွေးဆုံးခဲ့သည့် အမျိုးသမီးများ သို့မဟုတ် ကော်တီကိုစတီးရွိုက် (Corticosteroids) ဆေးဝါးများကို လပေါင်းများစွာ စွဲသောက်နေရသူများအနေဖြင့် ဆရာဝန်နှင့် ပြသတိုင်ပင်သင့်ပါသည်။ ထို့အပြင် မိဘဖြစ်သူတွင် တင်ပါးဆုံရိုးကျိုးသည့် ရာဇဝင်ရှိပါကလည်း မိမိတွင် အရိုးပွရောဂါ ဖြစ်ပွားနိုင်ခြေ ပိုမိုမြင့်မားစေနိုင်ပါသည်။
အကြောင်းအရင်းများ
အရိုးများသည် သဘာဝအလျောက် အစဉ်မပြတ် အသစ်ပြန်လည် ဖြစ်ပေါ်နေသော တစ်ရှူးများ ဖြစ်ကြပါသည်။ အရိုးဟောင်းများ ပြုန်းတီးသွားပြီးနောက် အရိုးသစ်များ ပြန်လည် ထုတ်လုပ်ပေးပါသည်။ ငယ်ရွယ်စဉ်ကာလတွင် အရိုးဟောင်းများ ပြုန်းတီးမှုထက် အရိုးသစ်ဖြစ်ပေါ်မှုနှုန်းက ပိုမိုမြန်ဆန်ပါသည်။ ဤကဲ့သို့ အရိုးသစ်များ ထုတ်လုပ်သည့် ဖြစ်စဉ်ကြောင့် အရိုးထုထည် (Bone Mass) ကို တိုးတက်လာစေပါသည်။ အရိုးပွရောဂါ ဖြစ်ပွားနိုင်ခြေသည် လူနာများ ငယ်ရွယ်စဉ်ကာလတွင် ရရှိခဲ့သော အရိုးထုထည် ပမာဏအပေါ်တွင်လည်း တစ်စိတ်တစ်ပိုင်း မူတည်နေပါသည်။
အရိုးပွရောဂါကို ပိုမိုဖြစ်လွယ်စေသောအချက်များ
အရိုးပွရောဂါ ဖြစ်ပွားစေနိုင်သည့် အကြောင်းရင်းများစွာ ရှိပါသည်။ ၎င်းတို့တွင် အသက်အရွယ်၊ လူမျိုးစု၊ နေထိုင်မှုပုံစံ ရွေးချယ်မှုများ၊ ကျန်းမာရေး အခြေအနေများ နှင့် ဆေးဝါးကုသမှု ခံယူနေရခြင်းများ ပါဝင်ပါသည်။
မလွှဲမရှောင်သာသော ဖြစ်ပွားနိုင်ခြေ အန္တရာယ်များ (Unavoidable Risks)
အချို့သော ဖြစ်ပွားနိုင်ခြေအချက်များသည် မလွဲမရှောင်သာနိုင်သော အခြေအနေ ရှိနေပြီး ၎င်းတို့မှာ အောက်ပါအတိုင်း ဖြစ်ပါသည် –
- လိင်အမျိုးအစား – အမျိုးသားများထက် အမျိုးသမီးများတွင် အရိုးပွရောဂါ ဖြစ်ပွားနိုင်ခြေ ပိုမိုများပြားသည်။ အထူးသဖြင့် သွေးဆုံးပြီး အမျိုးသမီးများတွင် အီစထရိုဂျင် (Estrogen) ဟော်မုန်းပမာဏ လျော့နည်းသွားခြင်းသည် အရိုးပွရောဂါ ဖြစ်ပွားစေနိုင်သည့် အန္တရာယ်ရှိသော အချက်တစ်ခု ဖြစ်သည်။
- အသက်အရွယ် – အသက်ကြီးလာလေလေ၊ ဤရောဂါဖြစ်ပွားနိုင်ခြေ ပိုမိုမြင့်မားလေလေ ဖြစ်သည်။
- လူမျိုးစု – လူဖြူမျိုးနွယ်စုဝင်များနှင့် အာရှနွယ်ဖွား လူနာများသည် ဤရောဂါဖြစ်ပွားရန် အခွင့်အလမ်း အမြင့်မားဆုံး ဖြစ်သည်။
- မိသားစုရာဇဝင် – မိဘ သို့မဟုတ် ညီအစ်ကို မောင်နှမများတွင် အရိုးပွရောဂါ ရာဇဝင်ရှိပါက၊ အထူးသဖြင့် မိဘတစ်ဦးဦးတွင် တင်ပါးဆုံရိုးကျိုးသည့် ရာဇဝင်ရှိပါက သင်၏ ဖြစ်ပွားနိုင်ခြေမှာ ပိုမိုမြင့်မားပါသည်။
- ခန္ဓာကိုယ် အရွယ်အစား – ခန္ဓာကိုယ် တည်ဆောက်ပုံ သေးငယ်သူများသည် အသက်ကြီးလာချိန်တွင် အသုံးပြုရန် အရိုးထုထည် (Bone Mass) အကန့်အသတ်ရှိနိုင်သောကြောင့် အရိုးပွရောဂါ ဖြစ်ပွားနိုင်ခြေ ပိုများပါသည်။
- အခြားသော ကျန်းမာရေး အခြေအနေများ
- သိုင်းရွိုက် (Thyroid)၊ ပါရာသိုင်းရွိုက် သို့မဟုတ် အက်ဒရီနယ် ဂလင်းများ အလွန်အကျွံ အလုပ်လုပ်ခြင်း။
- ကိုယ်အလေးချိန် လျှော့ချသည့် ခွဲစိတ်မှု သို့မဟုတ် အင်္ဂါအစိတ်အပိုင်း အစားထိုးကုသမှု ခံယူထားခြင်း။
- ဆီးကျိတ်ကင်ဆာ သို့မဟုတ် ရင်သားကင်ဆာအတွက် ဟော်မုန်းကုသမှု ခံယူနေရခြင်း။
- ရာသီသွေး မမှန်သည့် ရာဇဝင်ရှိခြင်း။
- အူလမ်းကြောင်း ရောင်ရမ်းသည့်ရောဂါ (IBD) သို့မဟုတ် စီလီယက် (Celiac) ရောဂါကဲ့သို့ အစာခြေလမ်းကြောင်း ဆိုင်ရာ ပြဿနာများ။
- သွေးကင်ဆာ (Multiple Myeloma) သို့မဟုတ် အခြားသော သွေးရောဂါများ။
- ဆေးဝါးများ – အချို့သော ဆေးဝါးများ၏ ဘေးထွက်ဆိုးကျိုးများသည် အရိုးများကို ပျက်စီးစေနိုင်သည်။ စတီးရွိုက် (Steroids) ဆေးဝါးများနှင့် အက်တက်ရောဂါ (Seizures) အတွက် ဆေးဝါးများသည် အရိုးပွရောဂါ ဖြစ်ပွားစေသည့် အချက်များတွင် ပါဝင်သည်။
ထိန်းချုပ်နိုင်သည့် ဖြစ်ပွားနိုင်ခြေ အချက်များ (Risk factors that can be controlled)
- စားသောက်မှု အလေ့အထ – ကယ်လ်စီယမ် (Calcium) နှင့် ဗီတာမင် ဒီ (Vitamin D) လုံလောက်စွာ စားသုံးမှု မရှိခြင်းသည် အရိုးပွရောဂါကို ဖြစ်ပွားစေနိုင်ပါသည်။
- နေထိုင်မှုပုံစံ – ကိုယ်လက်လှုပ်ရှားမှု နည်းပါးသော လူနေမှုပုံစံရှိသူများသည် ဤရောဂါဖြစ်ပွားရန် အခွင့်အလမ်း ပိုမိုများပြားပါသည်။
- ဆေးလိပ်နှင့် အရက် – ဆေးလိပ်သောက်ခြင်းသည် အရိုးကျိုးနိုင်ခြေကို မြင့်မားစေပြီး တစ်နေ့လျှင် အရက် (၂) ခွက်နှင့်အထက် သောက်သုံးခြင်းသည် အရိုးပွရောဂါ ဖြစ်ပွားမှုကို အားပေးနိုင်ပါသည်။
ရောဂါရှာဖွေခြင်း
အရိုးပွရောဂါကို စမ်းသပ်စစ်ဆေးရာတွင် ဓာတ်ရောင်ခြည်ပမာဏ အနည်းငယ်သာ အသုံးပြုသည့် စွမ်းအားနိမ့် အိပ်စ်ရေး (X-ray) စက်ကို အသုံးပြု၍ အရိုးသိပ်သည်းဆ (Bone Density) ကို တိုင်းတာခြင်းဖြင့် ရောဂါရှာဖွေနိုင်ပါသည်။ ဤနည်းလမ်းသည် အရိုးအတွင်းရှိ သတ္တုဓာတ် (Minerals) ပမာဏ မည်မျှရှိသည်ကို တိုင်းတာပေးခြင်း ဖြစ်သည်။ စစ်ဆေးမှု ခံယူစဉ်အတွင်း လူနာသည် စစ်ဆေးမှုပြုလုပ်သည့် စားပွဲပေါ်တွင် လဲလျောင်းနေရမည်ဖြစ်ပြီး စက်သည် လူနာ၏ ခန္ဓာကိုယ်ပေါ်မှ ဖြတ်သန်း၍ တိုင်းတာသွားမည် ဖြစ်သည်။ ဤစစ်ဆေးမှုသည် နာကျင်မှုမရှိသော ရောဂါရှာဖွေမှု အမျိုးအစားဖြစ်ပြီး ပုံမှန်အားဖြင့် တင်ပါးဆုံရိုးနှင့် ကျောရိုးဆစ်ကဲ့သို့သော သတ်မှတ်ထားသည့် အရိုးအစိတ်အပိုင်းများကို စစ်ဆေးခြင်း ဖြစ်ပါသည်။
ကုသခြင်း
ကုသမှုဆိုင်ရာ အကြံပြုချက်များကို ယေဘုယျအားဖြင့် လူနာတစ်ဦး၏ နောက်လာမည့် (၁၀) နှစ်အတွင်း အရိုးကျိုးနိုင်ခြေ မည်မျှရှိသည်ဆိုသည့် အချက်ပေါ်တွင် အခြေခံ၍ ဆုံးဖြတ်ပါသည်။ ၎င်းကို အရိုးသိပ်သည်းဆ တိုင်းတာစစ်ဆေးမှု (Bone Density Test) ရလဒ်ဖြင့် အတည်ပြုနိုင်ပါသည်။ အကယ်၍ အရိုးကျိုးနိုင်ခြေ အဆင့်နည်းပါးပါက ကုသမှုတွင် ဖြစ်ပွားနိုင်ခြေ အချက်များကို ပြုပြင်ပြောင်းလဲခြင်း၊ အရိုးပြုန်းတီးမှုကို ကာကွယ်ခြင်းနှင့် ချော်လဲခြင်းများ မဖြစ်အောင် ဂရုစိုက်ခြင်းတို့သာ ပါဝင်နိုင်ပါသည်။ ဤအဆင့်တွင် ဆေးဝါးများ သောက်သုံးရန် မလိုအပ်နိုင်ပါ။ အရိုးကျိုးနိုင်ခြေ အလွန်မြင့်မားသည့် အခြေအနေရှိသော မည်သည့်လိင်အမျိုးအစားမဆို လူနာများအတွက်မူ ဘစ်ဖော့စ်ဖိုနိတ် (Bisphosphonates) နှင့် ဒီနိုဆူးမတ် (Denosumab) ကဲ့သို့သော ဆေးဝါးများကို ညွှန်ကြားပေးမည် ဖြစ်ပါသည်။ ဤဆေးဝါးများသည် အရိုးသိပ်သည်းဆ မြှင့်တင်ရန်နှင့် အရိုးကျိုးနိုင်ခြေကို လျှော့ချရန်အတွက် ရည်ရွယ်ထုတ်လုပ်ထားခြင်း ဖြစ်သည်။ ဆေးဝါးကုသမှုအပြင် လေ့ကျင့်ခန်းလုပ်ခြင်း၊ ဗီတာမင်နှင့် သတ္တုဓာတ်ဖြည့်စွက်စာများ မှီဝဲခြင်းတို့ကိုလည်း အကြံပြုတိုက်တွန်းပါသည်။
ဟော်မုန်းဖြင့် ကုသခြင်း (Hormone-related therapy): အီစထရိုဂျင် (Estrogen) ကဲ့သို့သော ဟော်မုန်းဖြင့် ကုသသည့်နည်းလမ်းသည် အရိုးသိပ်သည်းဆကို ထိန်းသိမ်းရာတွင် အထောက်အကူပြုနိုင်ပါသည်။ သို့ရာတွင် ၎င်းကုသမှုသည် ရင်သားကင်ဆာ ဖြစ်ပွားနိုင်ခြေကို မြင့်မားစေခြင်းနှင့် သွေးခဲခြင်းတို့ကို ဖြစ်ပေါ်စေနိုင်ပြီး ၎င်းမှတစ်ဆင့် လေဖြတ်ခြင်း (Stroke) ကို ဖြစ်ပွားစေနိုင်သည့် အန္တရာယ်ရှိပါသည်။ ထို့ကြောင့် အီစထရိုဂျင်ကို အရိုးကျန်းမာရေး ကြံ့ခိုင်စေရန်အတွက် အသက်အရွယ် ငယ်ရွယ်သော အမျိုးသမီးများတွင်သာ အသုံးပြုရန် အကြံပြုလေ့ရှိပါသည်။ သွေးဆုံးကိုင်ဝေဒနာ ခံစားနေရသော လူနာများကိုလည်း အီစထရိုဂျင်ဖြင့် ကုသမှု ပေးနိုင်ပါသည်။
အသက်ကြီးပိုင်း အမျိုးသားလူနာများတွင်မူ ခန္ဓာကိုယ်အတွင်းရှိ တက်စတိုစတီရုန်း (Testosterone) ဟော်မုန်းပမာဏ လျော့နည်းလာခြင်းကြောင့် အရိုးပွရောဂါ ဖြစ်ပွားနိုင်ပါသည်။ ထို့ကြောင့် ၎င်းရောဂါကို ကုသရန်အတွက် တက်စတိုစတီရုန်း အစားထိုးကုသမှု (Testosterone replacement therapy) ကို ညွှန်ကြားနိုင်ပါသည်။
အရိုးသစ်ဖြစ်ပေါ်စေသည့် ဆေးဝါးများ (Bone-building medications): အရိုးသစ်ဖြစ်ပေါ်စေသည့် ဆေးဝါးများသည်လည်း အခြားရွေးချယ်စရာ ကုသမှုနည်းလမ်းတစ်ခု ဖြစ်ပါသည်။
- တယ်ရီပါရာတိုက် (Teriparatide) – ၎င်းသည် ပါရာသိုင်းရွိုက်ဟော်မုန်းနှင့် ဆင်တူသော ဆေးဝါးတစ်မျိုးဖြစ်ပြီး အရိုးသစ်များ ဖြစ်ပေါ်လာစေရန် လှုံ့ဆော်ပေးပါသည်။ ဤဆေးကို ထိုးဆေးအဖြစ် အသုံးပြုရပြီး အများဆုံး (၂) နှစ်အထိသာ သောက်သုံး/ထိုးနှံရပါသည်။
- အာဘာလိုပါရာတိုက် (Abaloparatide) – ၎င်းသည်လည်း ပါရာသိုင်းရွိုက်ဟော်မုန်းနှင့် ဆင်တူသော ဆေးဝါးဖြစ်ပြီး (၂) နှစ်သက်တမ်းအထိသာ အသုံးပြုနိုင်ပါသည်။
- ရိုမိုဆိုဇူးမတ် (Romosozumab) – ၎င်းသည် အရိုးပွရောဂါကို ကုသရန်အတွက် နောက်ဆုံးပေါ် အရိုးသစ်ဖြစ်ပေါ်စေသည့် ဆေးဝါးဖြစ်သည်။ ဤဆေးကို ဆရာဝန်ကိုယ်တိုင် လစဉ်ထိုးဆေးအဖြစ် ထိုးနှံပေးရပြီး (၁) နှစ်သက်တမ်းအထိသာ အသုံးပြုနိုင်ပါသည်။
အဆိုပါ ဆေးဝါးများကို ပြင်းထန်သော အရိုးပွရောဂါ အခြေအနေတွင် ပုံမှန်ကုသမှု နည်းလမ်းများဖြင့် ထိရောက်မှု မရှိသည့်အခါမျိုး၌ အကြံပြုညွှန်ကြားလေ့ရှိပါသည်။ အရိုးသစ်ဖြစ်ပေါ်စေသည့် ဆေးဝါးများဖြင့် ကုသမှု အစီအစဉ် ပြီးဆုံးသွားပြီးနောက်တွင်မူ အသစ်ဖြစ်ပေါ်လာသော အရိုးများ ကြံ့ခိုင်မှုကို ဆက်လက်ထိန်းသိမ်းထားနိုင်ရန်အတွက် လူနာများသည် အခြားသော အရိုးပွရောဂါ ကုသဆေးများကို ဆက်လက်မှီဝဲရန် လိုအပ်လေ့ရှိပါသည်။
