အရိုးတွင်းအမြှေးရောင်ခြင်းရောဂါ
အကျဉ်းချုပ်
အရိုးတွင်းအမြှေးရောင်ခြင်း (Osteomyelitis) ဆိုသည်မှာ ဘက်တီးရီးယား (Bacteria) သို့မဟုတ် မှို (Fungi) များကြောင့် အရိုးတွင် ပိုးဝင်ခြင်း ဖြစ်သည်။ ဤကဲ့သို့ ပိုးဝင်မှုကြောင့် နာကျင်ခြင်း၊ အရိုးရောင်ရမ်းခြင်းကို ဖြစ်ပေါ်စေပြီး အရိုးကို ပျက်စီးစေသည့်အပြင် အရိုးပြုန်းတီးမှုအထိ ဖြစ်ပွားစေနိုင်ပါသည်။ ရောဂါပိုးသည် အရိုးပတ်လည်ရှိ တစ်ရှူးများမှတစ်ဆင့် သော်လည်းကောင်း၊ သွေးကြောထဲမှတစ်ဆင့် သော်လည်းကောင်း အရိုးအတွင်းသို့ ပြန့်နှံ့သွားနိုင်ပြီး ပွင့်ထွက်နေသော ဒဏ်ရာတစ်ခုရှိနေပါကလည်း အဏုဇီဝပိုးမွှားများ အရိုးအတွင်းသို့ ဝင်ရောက်ရန် ပိုမိုလွယ်ကူစေပါသည်။
အရိုးတွင်းအမြှေးရောင်ခြင်းသည် မည်သည့်အသက်အရွယ်နှင့် မည်သည့်လိင်တွင်မဆို ဖြစ်ပွားနိုင်သော်လည်း အသက် ၆၅ နှစ်အထက် လူကြီးများ၊ ဆီးချိုရောဂါ သို့မဟုတ် ကျောက်ကပ်ပျက်စီးခြင်းကဲ့သို့ ပြင်းထန်သော ကျန်းမာရေးပြဿနာရှိသူများနှင့် အသက် ၃ နှစ်အောက် ကလေးငယ်များတွင် ပိုမိုဖြစ်ပွားလေ့ရှိပါသည်။ အထူးသဖြင့် ဆီးချိုရောဂါကြောင့် ခြေထောက်တွင် အနာဖြစ်နေသူများသည် အရိုးပိုးဝင်နိုင်ခြေ ပိုမိုမြင့်မားပါသည်။
အရိုးတွင်းအမြှေးရောင်ခြင်း အမျိုးအစားများမှာ အောက်ပါအတိုင်း ဖြစ်ပါသည် –
- ရုတ်တရက်ဖြစ်ပွားခြင်း (Acute): ဤအမျိုးအစားသည် ရုတ်တရက် စတင်ဖြစ်ပွားလေ့ရှိပြီး လူနာသည် ရောဂါဖြစ်ပွားသည့်နေရာ၌ မနာကျင်မီ ရက်အနည်းငယ်အလိုတွင် ဖျားနာခြင်းကို ခံစားရနိုင်ပါသည်။
- နာတာရှည်ဖြစ်ပွားခြင်း (Chronic): ဤအမျိုးအစားသည် ဆေးဝါးကုသမှုအပေါ် တုံ့ပြန်မှုမရှိဘဲ ပြည်တောက်ခြင်းနှင့် အရိုးနာကျင်ခြင်းတို့ကို ထပ်ခါတလဲလဲ ဖြစ်ပေါ်စေနိုင်ပါသည်။ အချို့သော အခြေအနေများတွင် လပေါင်းများစွာ သို့မဟုတ် နှစ်ပေါင်းများစွာအထိ ရောဂါရှိနေသည်ကို မသိဘဲ ရှိနေတတ်ပါသည်။
- ကျောရိုးတွင်ဖြစ်ပွားခြင်း (Vertebral): ဤအမျိုးအစားသည် ကျောရိုးဆစ်များကို ထိခိုက်စေပြီး လှုပ်ရှားလိုက်ပါက ပိုမိုဆိုးရွားလာသော နာတာရှည်ခါးနာခြင်းကို ဖြစ်စေပါသည်။
ပုံမှန်ကုသမှုများဖြစ်သည့် အနားယူခြင်း၊ အပူပေးခြင်းနှင့် အကိုက်အခဲပျောက်ဆေးများ သောက်သုံးခြင်းတို့ဖြင့် သိသိသာသာ သက်သာမှုမရှိတတ်ပါ။ ဖျားနာခြင်းလက္ခဏာ ပြလေ့မရှိပါ။ ကျောရိုးပိုးဝင်ခြင်းသည် ဘိုးဘွားရိပ်သာများတွင် နေထိုင်သူများ၊ အကြောဆေးများကို လွဲမှားစွာအသုံးပြုသူများနှင့် ကျောက်ကပ်ဆေးနေရသူ (Dialysis) များတွင် ပိုမိုဖြစ်ပွားနိုင်ခြေရှိပါသည်။
ယခင်က အရိုးတွင်းအမြှေးရောင်ခြင်းကို ကုသ၍မရနိုင်သော ရောဂါဟု ယူဆခဲ့ကြသော်လည်း ယခုအခါတွင် ထိရောက်စွာ ကုသနိုင်ပြီ ဖြစ်ပါသည်။ အခြေအနေအများစုတွင် ပုပ်သွားသော အရိုးအပိုင်းအစများကို ခွဲစိတ်ဖယ်ရှားရန် လိုအပ်ပြီး ခွဲစိတ်မှုပြုလုပ်ပြီးနောက်တွင် ပြင်းထန်သော ပဋိဇီဝဆေးများကို အကြောဆေး (Intravenous antibiotics) အဖြစ် သွင်းရန် လိုအပ်လေ့ရှိပါသည်။
လက္ခဏာများ
အရိုးတွင်းအမြှေးရောင်ခြင်း၏ လက္ခဏာရပ်များသည် အမျိုးအစားနှင့် ဖြစ်ပွားရသည့် အကြောင်းရင်းပေါ် မူတည်၍ ကွဲပြားနိုင်ပါသည်။ နာတာရှည် အရိုးပိုးဝင်သည့် လူနာအချို့တွင် မည်သည့်လက္ခဏာမျှ မပြသခြင်း သို့မဟုတ် အခြားရောဂါများနှင့် ခွဲခြားရန် ခက်ခဲသော လက္ခဏာများ ပြသခြင်းမျိုး ရှိနိုင်ပါသည်။ အရိုးတွင်းအမြှေးရောင်ခြင်း၏ လက္ခဏာရပ်များမှာ အောက်ပါအတိုင်း ဖြစ်ပါသည် –
- ဖျားခြင်း။
- ပြည်ထွက်ခြင်း။
- ခါးနာခြင်း။
- ပိုးဝင်သည့်နေရာ၌ ရောင်ရမ်းခြင်းနှင့် နီမြန်းခြင်း။
- ပိုးဝင်သည့်နေရာ၌ နာကျင်ခြင်း။
- နုံးချည့်ခြင်း သို့မဟုတ် မအီမသာဖြစ်ခြင်း။
- ချမ်းတုန်ခြင်း သို့မဟုတ် ချွေးထွက်ခြင်း။
အကယ်၍ ဖျားနာခြင်းနှင့် အရိုးနာကျင်မှုဝေဒနာများ ပိုမိုဆိုးရွားလာပါက သော်လည်းကောင်း၊ ပိုးဝင်သည့် လက္ခဏာရပ်များ ပေါ်ပေါက်လာပါက သော်လည်းကောင်း ဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးသင့်ပါသည်။ ထို့အပြင် မိမိတွင်ရှိသော ကျန်းမာရေးအခြေအနေ တစ်ခုခုကြောင့်ဖြစ်စေ၊ မကြာသေးမီက ခွဲစိတ်မှု ပြုလုပ်ထားခြင်း သို့မဟုတ် ထိခိုက်ဒဏ်ရာရရှိထားခြင်းကြောင့်ဖြစ်စေ ပိုးဝင်နိုင်ခြေ အန္တရာယ်ရှိနေပါကလည်း တတ်ကျွမ်းနားလည်သူများနှင့် အမြန်ဆုံး ပြသတိုင်ပင်သင့်ပါသည်။
အကြောင်းအရင်းများ
ရောဂါပိုးမွှားများသည် ပတ်ဝန်းကျင်ရှိ တစ်ရှူးများ သို့မဟုတ် ပွင့်ထွက်နေသော ဒဏ်ရာများမှတစ်ဆင့် သွေးထဲသို့ ပျံ့နှံ့ရောက်ရှိကာ အရိုးအတွင်း အခြေချပြီး ပွားများလာသည့်အခါ အရိုးတွင်းအမြှေးရောင်ခြင်း ဖြစ်ပွားလာပါသည်။ အရိုးပိုးဝင်ခြင်း ဖြစ်စဉ်အများစု၏ အဓိကတရားခံမှာ စတက်ဖလိုကောကပ်စ် (Staphylococcus) ဘက်တီးရီးယား ဖြစ်ပြီး ၎င်းကို ကျန်းမာသန်စွမ်းသူများ၏ အရေပြားပေါ်တွင် သော်လည်းကောင်း၊ နှာခေါင်းအတွင်း၌ သော်လည်းကောင်း အများအားဖြင့် တွေ့ရှိရတတ်ပါသည်။
ဘက်တီးရီးယားများသည် အောက်ပါနည်းလမ်းများဖြင့် အရိုးအတွင်းသို့ ဝင်ရောက်နိုင်ပါသည် –
- သွေးကြောအတွင်းမှတစ်ဆင့် ပြန့်နှံ့ခြင်း (Bloodstream): ခန္ဓာကိုယ်၏ အခြားအစိတ်အပိုင်းများတွင် ဖြစ်ပွားနေသော ပိုးဝင်မှုများ (ဥပမာ – ဆီးလမ်းကြောင်း ပိုးဝင်ခြင်း သို့မဟုတ် အဆုတ်ရောင်ရောဂါ) မှ ဘက်တီးရီးယားများသည် သွေးကြောအတွင်းမှတစ်ဆင့် အရိုးရှိ အားနည်းသော နေရာတစ်ခုသို့ ပျံ့နှံ့သွားနိုင်ပါသည်။ ထို့အပြင် တံစဉ်းပုံသွေးအားနည်းရောဂါ (Sickle cell anemia) သို့မဟုတ် သွေးဆိပ်တက်ခြင်းကဲ့သို့သော ရောဂါများကြောင့်လည်း အရိုးပိုးဝင်ခြင်း ဖြစ်ပွားနိုင်ပါသည်။
- ထိခိုက်ဒဏ်ရာရရှိခြင်း (Trauma): ပြင်းထန်သော စူးဝင်ဒဏ်ရာများမှတစ်ဆင့် ဘက်တီးရီးယားများသည် ခန္ဓာကိုယ်အတွင်းပိုင်းအထိ နက်ရှိုင်းစွာ ထိုးဖောက်ဝင်ရောက်နိုင်ပါသည်။ အကယ်၍ ၎င်းဒဏ်ရာ ပိုးဝင်သွားပါက အနီးနားရှိ အရိုးသို့ ပိုးပြန့်သွားနိုင်ပါသည်။ လူနာတွင် ပြင်းထန်သော အရိုးကျိုးမှုဖြစ်ပွားပြီး အရိုးစသည် အရေပြားကို ဖောက်ထွက်လာပါကလည်း ဘက်တီးရီးယားများ ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်ရန် အခွင့်အလမ်းရှိပါသည်။ ထို့အပြင် အိပ်ရာနာ (Bedsores) များမှတစ်ဆင့်လည်း အရိုးပိုးဝင်ခြင်း ဖြစ်နိုင်ပါသည်။
- ခွဲစိတ်ကုသမှု ခံယူခြင်း (Surgery): အဆစ်အစားထိုးခြင်း သို့မဟုတ် ကျိုးသွားသောအရိုးကို ပြန်လည်ပြုပြင်ခြင်း ခွဲစိတ်မှုများ ပြုလုပ်စဉ်အတွင်း ခွဲစိတ်ခန်းသုံးပစ္စည်းများ သို့မဟုတ် နည်းစနစ်များတွင် ပိုးမသန့်စင်ပါက အရိုးတွင်းအမြှေးရောင်ခြင်း ဖြစ်ပွားနိုင်ပါသည်။ မကြာသေးမီက အရိုးကျိုးထားခြင်း သို့မဟုတ် အရိုးခွဲစိတ်မှု ခံယူထားခြင်းတို့သည်လည်း ဖြစ်ပွားရသည့် အကြောင်းရင်းတစ်ခု ဖြစ်နိုင်ပါသည်။
အရိုးတွင်းအမြှေးရောင်ခြင်းရောဂါကို ပိုမိုဖြစ်လွယ်စေသောအချက်များ
ပုံမှန်အားဖြင့် အရိုးများသည် ပိုးဝင်ခြင်းကို ခံနိုင်ရည်ရှိသော်လည်း အသက်အရွယ်ကြီးရင့်လာသည်နှင့်အမျှ ခုခံနိုင်စွမ်း လျော့နည်းလာတတ်ပါသည်။ အရိုးတွင်းအမြှေးရောင်ခြင်းကို ပိုမိုဖြစ်ပွားစေနိုင်သည့် အခြားသောအချက်များမှာ အောက်ပါအတိုင်း ဖြစ်ပါသည် –
- ထိခိုက်ဒဏ်ရာ သို့မဟုတ် အရိုးခွဲစိတ်မှု ခံယူခြင်း: ပြင်းထန်သော အရိုးကျိုးခြင်း သို့မဟုတ် နက်ရှိုင်းသော ဒဏ်ရာများမှတစ်ဆင့် ဘက်တီးရီးယားများသည် အရိုး သို့မဟုတ် ပတ်ဝန်းကျင်ရှိ တစ်ရှူးများအတွင်းသို့ ထိုးဖောက်ဝင်ရောက်နိုင်ပါသည်။ တိရစ္ဆာန်ကိုက်ခြင်း သို့မဟုတ် ဖိနပ်ကိုဖောက်၍ သံစူးခြင်းကဲ့သို့သော နက်ရှိုင်းသည့် စူးဝင်ဒဏ်ရာများမှတစ်ဆင့်လည်း ပိုးပြန့်နှံ့နိုင်ပါသည်။ ထို့အပြင် ပျက်စီးနေသော အဆစ်များကို အစားထိုးခြင်း သို့မဟုတ် ကျိုးနေသောအရိုးများကို ပြုပြင်ခြင်း ခွဲစိတ်မှုများသည် ဘက်တီးရီးယားများ ဝင်ရောက်ရန် လမ်းကြောင်းတစ်ခု ဖြစ်လာနိုင်ပြီး အထူးသဖြင့် အရိုးတွင်း ထည့်သွင်းပစ္စည်းများ (Orthopedic hardware implants) အသုံးပြုသည့်အခါ ပိုးဝင်နိုင်ခြေ ပိုမိုမြင့်မားစေပါသည်။
- အကြောဆေးသွင်းပိုက်များ သို့မဟုတ် ပိုက်ထည့်ခြင်း (Catheters): ရောဂါအမျိုးမျိုးကို ကုသရာတွင် ဆီးပိုက်ထည့်ခြင်း သို့မဟုတ် ကျောက်ကပ်ဆေးစက် အသုံးပြုခြင်းကဲ့သို့သော ဆေးဘက်ဆိုင်ရာပိုက်များသည် ပြင်ပပတ်ဝန်းကျင်နှင့် အတွင်းအင်္ဂါများကို ဆက်သွယ်ပေးရန် လိုအပ်ပါသည်။ သို့ရာတွင် ဤပိုက်များသည် ဘက်တီးရီးယားများ ခန္ဓာကိုယ်အတွင်းသို့ ဝင်ရောက်ရန် လမ်းကြောင်းတစ်ခု ဖြစ်လာနိုင်ပြီး ယေဘုယျအားဖြင့် ပိုးဝင်နိုင်ခြေနှင့် အရိုးတွင်းအမြှေးရောင်ခြင်း ဖြစ်ပွားနိုင်ခြေကို မြင့်တက်စေပါသည်။
- သွေးလှည့်ပတ်မှုဆိုင်ရာ ပြဿနာများ: သွေးကြောများ ပျက်စီးခြင်း သို့မဟုတ် ပိတ်ဆို့ခြင်း ဖြစ်ပေါ်သောအခါ ခန္ဓာကိုယ်သည် ပိုးမွှားများကို တိုက်ဖျက်ပေးမည့် ဆဲလ်များကို လုံလောက်စွာ မပို့ဆောင်နိုင်တော့သဖြင့် သာမန်ပိုးဝင်မှုလေးများမှတစ်ဆင့် ပြင်းထန်သော အခြေအနေသို့ ရောက်ရှိသွားနိုင်ပါသည်။ ၎င်းမှတစ်ဆင့် သာမန်ရှနာလေးမှာ နက်ရှိုင်းသောအနာ ဖြစ်သွားပြီး အတွင်းပိုင်းတစ်ရှူးများနှင့် အရိုးများကိုပါ ပိုးဝင်နိုင်ခြေရှိသော အန္တရာယ်ဖြစ်စေပါသည်။ ထိန်းချုပ်မရသော ဆီးချိုရောဂါ၊ ဆေးလိပ်သောက်ခြင်းကြောင့် ဖြစ်လေ့ရှိသော အစွန်အဖျား သွေးလွှတ်ကြောရောဂါ (နှင့် တံစဉ်းပုံသွေးအားနည်းရောဂါ တို့သည် သွေးလှည့်ပတ်မှုကို အဟန့်အတားဖြစ်စေသော အခြေအနေများ ဖြစ်ကြပါသည်။
- ကိုယ်ခံအားစနစ် အားနည်းခြင်း: မိမိ၏ ကျန်းမာရေးအခြေအနေ သို့မဟုတ် သောက်သုံးနေသော ဆေးဝါးများကြောင့် ကိုယ်ခံအားစနစ် အားနည်းနေသူများသည် အရိုးတွင်းအမြှေးရောင်ခြင်း ဖြစ်ပွားရန် အခွင့်အလမ်း ပိုများပါသည်။ ထိန်းချုပ်မရသော ဆီးချိုရောဂါရှိခြင်း သို့မဟုတ် ကင်ဆာကုသမှု ခံယူနေခြင်းတို့သည် ကိုယ်ခံအားစနစ်ကို ကျဆင်းစေနိုင်ပါသည်။
- မူးယစ်ဆေးဝါး အလွဲသုံးစွဲခြင်း: တရားမဝင် မူးယစ်အကြောဆေးကို သုံးစွဲသူများသည် ပိုးမသန့်စင်သော အပ်များကို အသုံးပြုခြင်းနှင့် ဆေးမထိုးမီ အရေပြားကို ပိုးသတ်စင်မှု အားနည်းခြင်းတို့ကြောင့် အရိုးတွင်းအမြှေးရောင်ခြင်း ဖြစ်ပွားနိုင်ခြေ အလွန်မြင့်မားပါသည်။
ရောဂါရှာဖွေခြင်း
ဆရာဝန်သည် ထိခိုက်နေသောအရိုး၏ ပတ်ပတ်လည်တွင် နာကျင်ခြင်း၊ ရောင်ရမ်းခြင်း (သို့မဟုတ်) ပူရှိန်းရှိန်းဖြစ်ခြင်း ရှိ၊ မရှိ သိရှိနိုင်ရန် ကိုယ်ခန္ဓာကို စမ်းသပ်စစ်ဆေးမှု ပြုလုပ်ပါမည်။ ခြေထောက်တွင် အနာရှိနေပါက ဆရာဝန်သည် အရိုးသို့ ပိုးဝင်ရောက်မှု ရှိ၊ မရှိ သိရှိနိုင်ရန် ထိပ်မချွန်သော စမ်းသပ်ကိရိယာ (Dull probe) ကို အသုံးပြု၍ စစ်ဆေးနိုင်ပါသည်။
အရိုးတွင်းအမြှေးရောင်ခြင်းကို တိကျစွာ ရောဂါရှာဖွေနိုင်ရန်နှင့် မည်သည့်ဘက်တီးရီးယား အမျိုးအစားကြောင့် ပိုးဝင်ခြင်းဖြစ်သည်ကို ဆုံးဖြတ်နိုင်ရန်အတွက် အောက်ပါ စစ်ဆေးမှုများနှင့် လုပ်ငန်းစဉ်များကို ပေါင်းစပ်ပြုလုပ်ရန် အကြံပြုနိုင်ပါသည် –
- ပုံရိပ်ဖော် စစ်ဆေးမှုများ (Imaging tests): အရိုးတွင်းအမြှေးရောင်ခြင်း ရှိ၊ မရှိ သိရှိနိုင်ရန် ဆရာဝန်သည် အောက်ပါ ပုံရိပ်ဖော်စစ်ဆေးမှုများကို ညွှန်ကြားပါလိမ့်မည် –
- ဓာတ်မှန်ရိုက်ခြင်း (X-rays): ဓာတ်မှန်ရိုက်ခြင်းဖြင့် အရိုးပျက်စီးမှုကို မြင်တွေ့နိုင်သော်လည်း ရောဂါပိုးဝင်ပြီး ရက်သတ္တပတ် အနည်းငယ်ကြာမှသာ ပျက်စီးမှုကို စတင်မြင်တွေ့နိုင်ခြင်း ဖြစ်ပါသည်။ အကယ်၍ ပိုးဝင်သည်မှာ မကြာသေးပါက ပိုမိုနက်ရှိုင်းသော ပုံရိပ်ဖော်စစ်ဆေးမှုများ လိုအပ်နိုင်ပါသည်။
- သံလိုက်ဓာတ်မှန် (MRI): ဤစစ်ဆေးမှုသည် အားကောင်းသော သံလိုက်စက်ကွင်းနှင့် ရေဒီယိုလှိုင်းများကို အသုံးပြု၍ အရိုးနှင့် ၎င်းပတ်ဝန်းကျင်ရှိ တစ်ရှူးပျော့များ၏ အသေးစိတ် ပုံရိပ်များကို ဖော်ထုတ်ပေးပါသည်။
- ကွန်ပျူတာဓာတ်မှန် (CT scan): CT scan သည် ထောင့်ပေါင်းစုံမှ ရိုက်ကူးထားသော အိပ်စ်ရေး ပုံရိပ်များကို ပေါင်းစပ်ကာ လူနာ၏ ကိုယ်တွင်းအင်္ဂါအစိတ်အပိုင်းများကို အပိုင်းလိုက် အသေးစိတ် ပုံဖော်ပေးပါသည်။ ပုံမှန်အားဖြင့် MRI ရိုက်ရန် အဆင်မပြေသည့် အခြေအနေမျိုးတွင်သာ CT scan ကို ပြုလုပ်လေ့ရှိပါသည်။
- အရိုးစကင်ဖတ်ခြင်း (Bone scan): ဤစစ်ဆေးမှုတွင် အရိုးအတွင်းရှိ ပိုးဝင်မှု သို့မဟုတ် အရိုးအက်ခြင်းများကို ရှာဖွေနိုင်ရန် ဘေးအန္တရာယ်မရှိသော ရေဒီယိုသတ္တိကြွ ပစ္စည်းအနည်းငယ်ကို အသုံးပြု၍ ပုံရိပ်ဖော်ခြင်း ဖြစ်ပါသည်။
- သွေးစစ်ခြင်း (Blood tests):ရောင်ရမ်းခြင်းနှင့် ပိုးဝင်ခြင်းဆိုင်ရာ အညွှန်းကိန်းများကို သိရှိနိုင်ရန် သွေးဆဲလ်အမျိုးအစား အပြည့်အစုံ စစ်ဆေးခြင်း (CBC) ကို ပြုလုပ်ပြီး သွေးကြောအတွင်း ဘက်တီးရီးယား ရှိ၊ မရှိကိုမူ သွေးအတွင်း ပိုးမွေးခြင်း (Blood culture) ဖြင့် စစ်ဆေးပါသည်။ သွေးစစ်ရုံမျှဖြင့် အရိုးတွင်းအမြှေးရောင်ခြင်းကို တိကျစွာ ရောဂါရှာဖွေ၍ မရနိုင်သော်လည်း ထပ်မံစစ်ဆေးမှုများ သို့မဟုတ် ကုသမှုများ လိုအပ်ခြင်း ရှိ၊ မရှိ ဆုံးဖြတ်ရာတွင် ဆရာဝန်အတွက် အထောက်အကူဖြစ်စေပါသည်။
- အရိုးစယူ၍ စစ်ဆေးခြင်း (Bone biopsy): အရိုးပိုးဝင်ခြင်းကို ဖြစ်စေသည့် ဘက်တီးရီးယား အမျိုးအစားကို အရိုးစယူ စစ်ဆေးခြင်းဖြင့် သိရှိနိုင်ပါသည်။ မည်သည့်ဘက်တီးရီးယား အမျိုးအစားဖြစ်ကြောင်း သိရှိခြင်းဖြင့် ဆရာဝန်သည် ၎င်းပိုးနှင့် အကိုက်ညီဆုံးဖြစ်သော ပဋိဇီဝဆေးကို ထိရောက်စွာ ရွေးချယ်ပေးနိုင်မည် ဖြစ်သည်။ ခွဲစိတ်၍ အရိုးစယူခြင်း (Open biopsy) အတွက် မေ့ဆေးပေးခြင်းနှင့် ခွဲစိတ်မှု ပြုလုပ်ရန် လိုအပ်ပါသည်။ အချို့သောအခြေအနေများတွင် ခွဲစိတ်ဆရာဝန်သည် ဓာတ်မှန် (သို့မဟုတ်) အခြားပုံရိပ်ဖော် စက်များ၏ အကူအညီဖြင့် အရေပြားမှတစ်ဆင့် အရိုးအတွင်းသို့ အပ်ရှည်ဖြင့် ထိုးသွင်းကာ အရိုးစ၊ တစ်ရှူး သို့မဟုတ် အရည်နမူနာကို ရယူနိုင်ပါသည်။
ကုသခြင်း
အရိုးပိုးဝင်ခြင်းမှ ပြန်လည်သက်သာလာစေရန်မှာ ကြာရှည်သော လုပ်ငန်းစဉ်တစ်ခု ဖြစ်နိုင်ပါသည်။ အရိုးတွင်းအမြှေးရောင်ခြင်းအတွက် အသုံးအများဆုံး ကုသမှုမှာ ပိုးဝင်နေသော သို့မဟုတ် ပုပ်နေသော အရိုးတစ်ရှူးများကို ခွဲစိတ်ဖယ်ရှားခြင်းနှင့် ၎င်းနောက်တွင် ပိုးမွှားများကို တိုက်ဖျက်ရန် ပဋိဇီဝဆေးများကို အကြောဆေးဖြင့် ထိုးနှံခြင်းတို့ ဖြစ်ပါသည်။
အရိုးတွင်းအမြှေးရောင်ခြင်းအတွက် ကုသမှုများတွင် အောက်ပါတို့ ပါဝင်နိုင်ပါသည် –
- ဆေးဝါးဖြင့် ကုသခြင်း (Medication): အရိုးစယူစစ်ဆေးမှု (Bone biopsy) မှတစ်ဆင့် မည်သည့်ပိုးမွှားအမျိုးအစားကြောင့် ရောဂါဖြစ်ပွားသည်ကို သိရှိနိုင်ပြီး ဆရာဝန်မှ ထိရောက်သော ဆေးဝါးကို ရွေးချယ်ပေးပါလိမ့်မည်။
- ပဋိဇီဝဆေးများ (Antibiotics): ပိုးဝင်ခြင်းကို ဖြစ်စေသော ဘက်တီးရီးယားများကို သတ်ပစ်ရန် အသုံးပြုပါသည်။ ဆေးပတ်လည်မှုမှာ (၄) ပတ်မှ (၈) ပတ်အထိ ကြာမြင့်နိုင်ပြီး ဆေးရုံတွင် (၁) ပတ်မှ (၂) ပတ်အထိ အကြောဆေးသွင်းခြင်းနှင့် ၎င်းနောက်တွင် သောက်ဆေးများကို ရက်သတ္တပတ် အတော်ကြာ မှီဝဲခြင်းတို့ ပါဝင်နိုင်ပါသည်။ နာတာရှည် ပိုးဝင်မှုများတွင်မူ လပေါင်းများစွာအထိ ဆေးဝါးကုသမှု ခံယူရန် လိုအပ်နိုင်ပါသည်။
- မှိုသတ်ဆေးများ (Antifungals): မှိုကြောင့်ဖြစ်သော ပိုးဝင်မှုများအတွက် မှိုသတ်ဆေးများကို လပေါင်းများစွာ ကြာရှည်စွာ မှီဝဲရန် လိုအပ်နိုင်ပါသည်။
- အကိုက်အခဲပျောက်ဆေးများ: နာကျင်မှုကို သက်သာစေရန်နှင့် ရောင်ရမ်းမှုကို လျှော့ချရန်အတွက် စတီးရွိုက်မပါသော အရောင်ကျဆေး (NSAIDs) များကို အသုံးပြုပါသည်။
ဆေးလိပ်ဖြတ်ခြင်းသည် အနာကျက်နှုန်းကို မြန်ဆန်စေပြီး ဆီးချိုဝေဒနာရှင်များအနေဖြင့် သွေးတွင်းသကြားဓာတ်ကို ကောင်းမွန်စွာ ထိန်းညှိခြင်းကဲ့သို့သော နာတာရှည်ရောဂါများကို စနစ်တကျ စီမံခန့်ခွဲရန်မှာလည်း အလွန်အရေးကြီးပါသည်။
- ခွဲစိတ်ကုသခြင်း (Surgery): ရောဂါ၏ ပြင်းထန်မှုအပေါ် မူတည်၍ ခွဲစိတ်ကုသမှု နည်းစနစ်အမျိုးမျိုးကို အသုံးပြုနိုင်ပါသည် –
- ပုပ်နေသောတစ်ရှူးများကို ဖယ်ရှားခြင်း (Debridement): ပိုးဝင်နေသော နေရာအားလုံးကို ဖယ်ရှားပြီးဖြစ်ကြောင်း သေချာစေရန် ပိုးဝင်နေသော အရိုးများနှင့်အတူ ကျန်းမာသောအရိုး အစိတ်အပိုင်း အနည်းငယ်ကိုပါ ဖယ်ရှားခြင်း ဖြစ်သည်။ ပိုးဝင်သည့်လက္ခဏာပြသော အနီးနားရှိ တစ်ရှူးများကိုလည်း ဖယ်ရှားနိုင်ပါသည်။
- ပြည်ထုတ်ခြင်း (Drainage of infection): ပိုးဝင်နေသော အရိုးပတ်လည်ကို ခွဲစိပ် ဖွင့်လိုက်ခြင်းဖြင့် ပိုးဝင်မှုကြောင့် ဖြစ်ပေါ်လာသော အရည်များ သို့မဟုတ် ပြည်များကို ခွဲစိတ်ဆရာဝန်မှ ဖောက်ထုတ်နိုင်မည် ဖြစ်သည်။
- အရိုးသို့ သွေးလှည့်ပတ်မှု ပြန်လည်ကောင်းမွန်စေခြင်း: ဖယ်ရှားလိုက်သော နေရာလွတ်များကို ဖြည့်ဆည်းရန်အတွက် ခန္ဓာကိုယ်၏ အခြားအစိတ်အပိုင်းမှ အရိုး သို့မဟုတ် အရေပြား၊ ကြွက်သားကဲ့သို့သော တစ်ရှူးများကို အသုံးပြု၍ အစားထိုးခြင်း (Grafting) ပြုလုပ်နိုင်ပါသည်။ အချို့သောအခြေအနေများတွင် အရိုး သို့မဟုတ် တစ်ရှူးအစားထိုးရန် လူနာ၏ကျန်းမာရေး အဆင်သင့်မဖြစ်သေးမီအထိ ယာယီဖြည့်စွက်ပစ္စည်းများကို ထည့်သွင်းထားလေ့ရှိပါသည်။ ဤကဲ့သို့ အစားထိုးခြင်းသည် ပျက်စီးသွားသော သွေးကြောများကို ပြန်လည်ကောင်းမွန်စေရန်နှင့် အရိုးသစ်ဖြစ်ပေါ်ရန် အထောက်အကူပြုပါသည်။
- ပြင်ပပစ္စည်းများကို ဖယ်ရှားခြင်း: ယခင်ခွဲစိတ်မှုများတွင် ထည့်သွင်းထားသော ခွဲစိတ်သုံး ဝက်အူများ သို့မဟုတ် သံပြားများကဲ့သို့သော အရာများကို ဖယ်ရှားရန် လိုအပ်နိုင်ပါသည်။
- အင်္ဂါအစိတ်အပိုင်း ဖြတ်တောက်ခြင်း (Amputation): ပိုးဝင်မှုသည် ခန္ဓာကိုယ်၏ အခြားအစိတ်အပိုင်းများသို့ ပြန့်နှံ့သွားခြင်းမှ ကာကွယ်ရန်အတွက် ဆရာဝန်များအနေဖြင့် ထိခိုက်နေသော ခြေ၊ လက် အစိတ်အပိုင်းကို ဖြတ်တောက်ရန် လိုအပ်နိုင်ပါသည်။
- ကျောရိုးခွဲစိတ်ခြင်း: ကျောရိုးပိုးဝင်သော လူနာများတွင် ကျောရိုးဆစ်များ နိမ့်ဝင်သွားခြင်းကို ကာကွယ်ရန်နှင့် ကျောရိုးအာရုံကြောမကြီး၊ အာရုံကြောများနှင့် အခြားသော အာရုံကြောစနစ် အစိတ်အပိုင်းများကို ကာကွယ်ရန်အတွက် ကျောရိုးခွဲစိတ်မှု လိုအပ်နိုင်ပါသည်။
