အရိုးအဆစ်ရောင်ရမ်းခြင်း

အကျဥ်းချုပ်

အရိုးအဆစ်ရောင်ရမ်းခြင်း (Osteoarthritis – OA) သည် အဆစ်အမြစ်ရောင်ရောဂါများတွင် အဖြစ်အများဆုံး အမျိုးအစားဖြစ်ပြီး ၎င်းကို “အဆစ်အမြစ်များ ယိုယွင်းပျက်စီးခြင်းဆိုင်ရာရောဂါ” (Degenerative joint disease) ဟုလည်း ခေါ်ဆိုကြပါသည်။ အရိုးများအကြား ပွတ်တိုက်မှုကို လျှော့ချပေးပြီး ကြားခံနယ် (Cushion) အဖြစ် ဆောင်ရွက်ပေးသော အရိုးနု (Cartilage) များသည် အချိန်ကြာလာသည်နှင့်အမျှ တဖြည်းဖြည်း ယိုယွင်းပျက်စီးလာသောအခါ ဤရောဂါ ဖြစ်ပွားလာခြင်း ဖြစ်သည်။ ဤရောဂါသည် မည်သည့်အဆစ်တွင်မဆို ဖြစ်ပွားနိုင်သော်လည်း လက်ချောင်းများ၊ ဒူးဆစ်များ၊ တင်ပါးဆုံဆစ်များနှင့် ကျောရိုးဆစ်များတွင် အဖြစ်အများဆုံး ဖြစ်ပါသည်။ ၎င်းရောဂါကြောင့် အဆစ်များ နာကျင်ခြင်း၊ ရောင်ရမ်းခြင်း၊ တောင့်တင်းခြင်းနှင့် အဆစ်ပုံသဏ္ဌာန် ပျက်ယွင်းခြင်းတို့ ဖြစ်ပေါ်နိုင်ပါသည်။

ရောဂါလက္ခဏာများ

အရိုးအဆစ်ရောင်ရမ်းခြင်း၏ လက္ခဏာများသည် အချိန်ကြာလာသည်နှင့်အမျှ တဖြည်းဖြည်းချင်း ဖြစ်ပေါ်လာလေ့ရှိပြီး ပိုမိုဆိုးရွားလာတတ်ပါသည်။

  • နာကျင်ခြင်း – လှုပ်ရှားမှုပြုလုပ်နေစဉ် သို့မဟုတ် ပြုလုပ်ပြီးချိန်တွင် ထိခိုက်နေသော အဆစ်များ၌ နာကျင်မှုကို ခံစားရတတ်ပါသည်။ အထူးသဖြင့် ထိုင်နေရာမှ စတင်ထရပ်ချိန်၊ လှေကားတက်ဆင်းပြုလုပ်ချိန် သို့မဟုတ် မော်တော်ယာဉ်ပေါ်မှ ဆင်းချိန်များတွင် ပိုမိုသိသာပါသည်။
  • မနက်ခင်းတွင် အဆစ်များတောင့်တင်းခြင်း – အိပ်ရာနိုးစအချိန်တွင် ထိခိုက်နေသော အဆစ်များ၌ တောင့်တင်းမှုကို ခံစားရတတ်ပါသည်။
  • ထိလျှင်နာကျင်ခြင်း – ထိခိုက်နေသော အဆစ်ကို အနည်းငယ်ဖိကြည့်ပါက နာကျင်မှုကို ခံစားရနိုင်ပါသည်။
  • လှုပ်ရှားမှုကန့်သတ်ချက်ရှိခြင်း – အဆစ်များကို အပြည့်အဝ လှုပ်ရှားရန် ခက်ခဲလာခြင်း သို့မဟုတ် လှုပ်ရှား၍မရတော့ခြင်းတို့ ဖြစ်နိုင်ပါသည်။
  • ရောင်ရမ်းခြင်း – အဆစ်တစ်ဝိုက်ရှိ နူးညံ့သောတစ်ရှူးများ ရောင်ရမ်းခြင်းကြောင့် အဆစ်များ ဖောင်းကြွလာတတ်ပါသည်။
  • အရိုးအတက်ထွက်ခြင်း (Bone spurs) – အရိုးအဆစ်ရောင်ရမ်းမှုကြောင့် ပျက်စီးနေသော အဆစ်များတစ်ဝိုက်တွင် အရိုးအတက်များ ထွက်လာနိုင်ပြီး ၎င်းတို့ကို မာကျောသော အဖုအကျိတ်များအဖြစ် စမ်းသပ်မိနိုင်ပါသည်။
  • ပွတ်တိုက်သံကြားရခြင်း – အဆစ်ကို အသုံးပြုသည့်အခါ အချင်းချင်း ပွတ်တိုက်နေသကဲ့သို့ ခံစားရခြင်း၊ သို့မဟုတ် တဂျွတ်ဂျွတ်မြည်သံကဲ့သို့ အသံများ ကြားရခြင်းတို့ ဖြစ်နိုင်ပါသည်။

အကယ်၍ အဆစ်များ နာကျင်ခြင်း သို့မဟုတ် တောင့်တင်းခြင်းတို့မှာ သက်သာခြင်းမရှိဘဲ ဆက်လက်ဖြစ်ပွားနေပါက ဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးရန် အကြံပြုအပ်ပါသည်။

အကြောင်းအရင်းများ

အရိုးအဆစ်ရောင်ရမ်းခြင်းသည် အဆစ်များအတွင်းရှိ အရိုးနုများ ယိုယွင်းပျက်စီးခြင်းမှ စတင်ဖြစ်ပွားပါသည်။ အရိုးနု ဆိုသည်မှာ အဆစ်များအတွင်းရှိ အရိုးအဆုံးပိုင်းများကို ဖုံးအုပ်ပေးထားသော၊ ချောမွေ့သည့် ပုံသဏ္ဌာန်ရှိပြီး ကြံ့ခိုင်ကျုံ့ဆန့်နိုင်သော (ရော်ဘာကဲ့သို့) ကြားခံပစ္စည်း ဖြစ်ပါသည်။ အရိုးနု၏ အဓိကလုပ်ဆောင်ချက်မှာ အဆစ်များအတွင်း ပွတ်တိုက်မှုကို လျှော့ချပေးရန် ဖြစ်သည်။ အကယ်၍ အရိုးနု ထိခိုက်ဒဏ်ရာရရှိပါက ခန္ဓာကိုယ်မှ အထိုက်အလျောက် ပြန်လည်ပြုပြင်နိုင်သော်လည်း၊ ဒဏ်ရာရရှိပြီးနောက်တွင် အရိုးနုအသစ်များ ပြန်လည်ဖြစ်ပေါ်လာခြင်း မရှိပါ။ ထိုအရိုးနုများ လုံးဝပါးလွှာ ပျက်စီးသွားသောအခါတွင် အရိုးအချင်းချင်း တိုက်ရိုက်ပွတ်တိုက်မှုများ ဖြစ်ပေါ်လာပါသည်။

အရိုးအဆစ်ရောင်ရမ်းခြင်းသည် အဆစ်များ အသုံးများခြင်းကြောင့် ယိုယွင်းလာရသော ရောဂါတစ်မျိုး ဖြစ်သည်။ ဤရောဂါသည် အရိုးနုကိုသာမက အဆစ်တစ်ခုလုံးကို ထိခိုက်စေပါသည်။ အရိုးအဆစ်ရောင်ရမ်းခြင်း ဖြစ်ပွားလာပါက အရိုးများ၏ ပုံသဏ္ဌာန်ပြောင်းလဲခြင်း နှင့် အဆစ်အတွင်းမြှေးများ ရောင်ရမ်းခြင်းတို့ပါ တွဲဖက်ဖြစ်ပေါ်လာတတ်ပါသည်။

အရိုးနှင့် အရိုးနုပျက်စီးခြင်းရောဂါ ပိုမိုဖြစ်ပွားစေလွယ်သောအချက်များ

  • အသက်အရွယ်ကြီးရင့်ခြင်း – အသက်ကြီးလာသည်နှင့်အမျှ အရိုးအဆစ်ရောင်ရမ်းခြင်း ဖြစ်ပွားနိုင်ခြေ ပိုမိုမြင့်မားလာပါသည်။
  • ကျား/မ ကွဲပြားမှု – အမျိုးသမီးများသည် အမျိုးသားများထက် ဤရောဂါဖြစ်ပွားနိုင်ခြေ ပိုမိုများပြားသည်ကို တွေ့ရှိရပါသည်။
  • အဝလွန်ခြင်း – ခန္ဓာကိုယ်အလေးချိန် များခြင်းသည် နည်းလမ်းအမျိုးမျိုးဖြင့် ရောဂါဖြစ်နိုင်ခြေကို မြင့်မားစေပါသည်။ ကိုယ်အလေးချိန် စီးနေခြင်းကြောင့် တင်ပါးဆုံနှင့် ဒူးဆစ်ကဲ့သို့သော ခန္ဓာကိုယ်အလေးချိန်ကို ထမ်းထားရသည့် အဆစ်များအပေါ် ဒဏ်ပိစေပါသည်။ ထို့အပြင် အဝလွန်ခြင်းသည် အဆစ်များကို ရောင်ရမ်းစေပြီး အရိုးအဆစ်ရောင်ခြင်းကို ဖြစ်ပေါ်စေနိုင်ပါသည်။
  • အဆစ်အမြစ် ဒဏ်ရာရရှိခြင်း – အားကစားလုပ်စဉ် သို့မဟုတ် မတော်တဆဖြစ်မှုများကြောင့် ရရှိသော ဒဏ်ရာများသည် အဆစ်များကို ပျက်စီးစေပြီး နောက်ပိုင်းတွင် အရိုးအဆစ်ရောင်ရမ်းမှု ဖြစ်လာနိုင်ခြေကို မြင့်တက်စေပါသည်။
  • အဆစ်အပေါ် အကြိမ်ကြိမ် ဒဏ်ပိခြင်း – အလုပ်အကိုင်ကြောင့်ဖြစ်စေ၊ အားကစားကြောင့်ဖြစ်စေ အဆစ်တစ်ခုတည်းကို အကြိမ်ကြိမ် ဒဏ်ပိစေခြင်း (ဥပမာ- ထိုင်နေစဉ် ဒူးကို အချိန်ကြာမြင့်စွာ ကွေးထားခြင်း) သည် အရိုးအဆစ်ရောင်ခြင်းသို့ ဦးတည်နိုင်ပါသည်။
  • မျိုးရိုးဗီဇ – အချို့သော လူနာများတွင် မျိုးရိုးလိုက်ခြင်းကြောင့် အရိုးအဆစ်ရောင်ရမ်းမှု ဖြစ်ပွားတတ်သော သဘာဝ ရှိတတ်ပါသည်။
  • အရိုးပုံသဏ္ဌာန် မမှန်ခြင်း – အချို့သူများတွင် မွေးရာပါ အဆစ်တည်ဆောက်ပုံ မမှန်ခြင်း သို့မဟုတ် အရိုးနုချို့ယွင်းချက် ပါလာခြင်းတို့ကြောင့် ဖြစ်ပွားနိုင်ပါသည်။
  • အချို့သော ဇီဝကမ္မဖြစ်စဉ်ဆိုင်ရာ ရောဂါများ – ဆီးချိုရောဂါကဲ့သို့သော ရောဂါများသည် ခန္ဓာကိုယ်အတွင်း ရောင်ရမ်းမှုဆိုင်ရာ တုံ့ပြန်မှုများကို ဖြစ်ပေါ်စေပြီး အရိုးအဆစ်ရောင်ရမ်းနိုင်ခြေကို တိုးမြင့်စေပါသည်။

ရောဂါရှာဖွေခြင်း

ဆရာဝန်များသည် ရောဂါရှာဖွေရာတွင် လူနာခံစားနေရသော လက္ခဏာများကို ပြန်လည်သုံးသပ်ခြင်းနှင့် ကာယပိုင်းဆိုင်ရာ စစ်ဆေးမှုများ ပြုလုပ်ခြင်းတို့ကို ဆောင်ရွက်မည် ဖြစ်သည်။ ထိုသို့ စစ်ဆေးရာတွင် ထိခိုက်နေသော အဆစ်များ၌ ထိလျှင်နာကျင်ခြင်း၊ ရောင်ရမ်းခြင်း၊ နီမြန်းခြင်းနှင့် အဆစ်များ၏ လှုပ်ရှားနိုင်စွမ်း ရှိမရှိ စသည့် အချက်များကို အဓိကထား ကြည့်ရှုစစ်ဆေးမည် ဖြစ်ပါသည်။

ပုံရိပ်ဖော်စစ်ဆေးခြင်း

  • ဓာတ်မှန်ရိုက်ခြင်း (X-rays): ဓာတ်မှန်ရိုက်ခြင်းဖြင့် အဆစ်များအကြားရှိ နေရာလွတ် ကျဉ်းမြောင်းသွားခြင်းကို မြင်တွေ့နိုင်ပြီး ၎င်းသည် အရိုးနုများ ဆုံးရှုံးသွားခြင်းကို ဖော်ပြနေခြင်း ဖြစ်သည်။ ထို့အပြင် အဆစ်တစ်ဝိုက်တွင် အရိုးအတက်များ ထွက်နေခြင်း၊ အဆစ်ပုံသဏ္ဌာန် ပျက်ယွင်းခြင်း သို့မဟုတ် ခြေထောက်ပုံသဏ္ဌာန် ကောက်ကွေးခြင်း တို့ကိုလည်း ဓာတ်မှန်တွင် တွေ့ရှိနိုင်ပါသည်။
  • သံလိုက်ဓာတ်မှန်ရိုက်ခြင်း (MRI): ၎င်းသည် ရေဒီယိုလှိုင်းများနှင့် အားကောင်းသော သံလိုက်စက်ကွင်းကို အသုံးပြု၍ အရိုးနှင့် အရိုးနုကဲ့သို့သော နူးညံ့သည့် တစ်ရှူးများ၏ အသေးစိတ်ပုံရိပ်များကို ဖော်ထုတ်ပေးသည့် ရောဂါရှာဖွေရေး စစ်ဆေးမှုတစ်ခု ဖြစ်သည်။ MRI စစ်ဆေးမှုကို ရှုပ်ထွေးသော အရိုးအဆစ်ရောင်ခြင်း အခြေအနေများတွင် အသုံးပြုခြင်းမှာ အထောက်အကူဖြစ်စေနိုင်သော်လည်း ယေဘုယျအားဖြင့်မူ ပုံမှန်အခြေအနေများတွင် အသုံးပြုလေ့မရှိပါ။

ဓာတ်ခွဲစမ်းသပ်မှုများ

သွေးစစ်ဆေးခြင်း သို့မဟုတ် အဆစ်အရည်ကို ခွဲခြမ်းစိတ်ဖြာ စစ်ဆေးခြင်းတို့သည် ရောဂါရှာဖွေမှုကို အတည်ပြုရန် အထောက်အကူပြုပါသည်။

  • သွေးစစ်ဆေးခြင်း (Blood tests) – အရိုးအဆစ်ရောင်ရမ်းခြင်းကို ရောဂါရှာဖွေရန်အတွက် သွေးစစ်ရန် မလိုအပ်သော်လည်း၊ အဆစ်နာကျင်ခြင်းကို ဖြစ်စေနိုင်သည့် အခြားသော အကြောင်းရင်းများ (ဥပမာ – လေးဖက်နာ အဆစ်ရောင်ရောဂါ) မဟုတ်ကြောင်း သေချာစေရန်အတွက် သွေးစစ်ဆေးမှုကို အသုံးပြုနိုင်ပါသည်။
  • အဆစ်အရည်ကို ခွဲခြမ်းစိတ်ဖြာ စစ်ဆေးခြင်း (Joint fluid analysis) – ဆေးထိုးအပ်အသုံးပြု၍ ထိခိုက်နေသော အဆစ်အတွင်းမှ အရည်ကို စုပ်ယူစစ်ဆေးခြင်း ဖြစ်သည်။ ဤသို့ပြုလုပ်ခြင်းဖြင့် အဆစ်နာကျင်ခြင်းမှာ အရိုးအဆစ်ရောင်ရမ်းခြင်းကြောင့်လား သို့မဟုတ် ဂေါက်ရောဂါနှင့် ပိုးဝင်ခြင်း တို့ကြောင့်လားဆိုသည်ကို ခွဲခြားသိရှိနိုင်ရန် ကူညီပေးပါသည်။

ကုသခြင်း

အရိုးအဆစ်ရောင်ရမ်းခြင်းကို ပျောက်ကင်းအောင် ပြန်လည်ပြုပြင်၍ မရနိုင်သော်လည်း၊ ကုသမှုများ ခံယူခြင်းဖြင့် နာကျင်မှုကို သက်သာစေနိုင်ပြီး အဆစ်အမြစ် လှုပ်ရှားမှုများကို ပိုမိုကောင်းမွန်စေနိုင်ပါသည်။

ဆေးဝါးနှင့် တားဆီးကာကွယ်နည်းများ

ဒူးဆစ်ရောင်ရမ်းမှု ပိုမိုဆိုးရွားလာခြင်းကို နှေးကွေးစေမည့် နည်းလမ်းများမှာ အောက်ပါအတိုင်း ဖြစ်ပါသည်။

  1. ထိုင်သည့်အခါတွင် ဒူးကို (၉၀) ဒီဂရီထက်ပို၍ ကွေးခြင်းမှ ရှောင်ကြဉ်ပါ။
  2. ပေါင်ရှေ့ခြမ်းကြွက်သားများ သန်မာစေမည့် လေ့ကျင့်ခန်းများကို ပြုလုပ်ပါ။
  3. ခန္ဓာကိုယ်အလေးချိန်ကို သတ်မှတ်ထားသော BMI စံနှုန်းအတွင်း ရှိနေစေရန် ထိန်းသိမ်းပါ သို့မဟုတ် လျှော့ချပါ။
  • Acetaminophen (ပါရာစီတမော) – အသင့်အတင့် နာကျင်မှု ခံစားနေရသော လူနာများအတွက် အသုံးပြုပါသည်။ သို့သော် သတ်မှတ်ထားသော ပမာဏထက် ပိုသောက်ပါက အသည်းကို ထိခိုက်စေနိုင်သဖြင့် သတိပြုသင့်ပါသည်။
  • စတီးရွိုက်မပါသော အရောင်ကျဆေးများ (NSAIDs) – Ibuprofen နှင့် Naproxen Sodium ကဲ့သို့ ဆေးဝါးများသည် နာကျင်မှုကို သက်သာစေပါသည်။ ၎င်းဆေးဝါးများကို လိမ်းဆေးဂျယ်လ် (Gel) ပုံစံဖြင့်လည်း အသုံးပြုနိုင်ပါသည်။ သို့သော် ဤဆေးဝါးများသည် အစာအိမ်မကောင်းခြင်း၊ နှလုံးနှင့် သွေးကြောဆိုင်ရာ ပြဿနာများ၊ သွေးထွက်လွယ်ခြင်းနှင့် အသည်း၊ ကျောက်ကပ်တို့ကို ထိခိုက်စေနိုင်သော ဘေးထွက်ဆိုးကျိုးများ ရှိတတ်ပါသည်။
  • Duloxetine – ယေဘုယျအားဖြင့် စိတ်ကျရောဂါကုဆေးအဖြစ် အသုံးပြုသော်လည်း နာတာရှည် နာကျင်မှုများနှင့် အရိုးအဆစ်ရောင်ခြင်းကြောင့် ဖြစ်သော နာကျင်မှုများကို ကုသရာတွင်လည်း ထိရောက်မှုရှိကြောင်း တွေ့ရှိရပါသည်။

ကုထုံးများ

  • ကာယကုထုံး (Physical therapy) – အဆစ်တစ်ဝိုက်ရှိ ကြွက်သားများကို သန်မာစေမည့် လေ့ကျင့်ခန်းများ ပါဝင်ပါသည်။ ၎င်းသည် အဆစ်များ၏ လှုပ်ရှားနိုင်စွမ်းကို တိုးမြင့်စေပြီး နာကျင်မှုကို လျော့နည်းစေပါသည်။ ရေကူးခြင်း သို့မဟုတ် လမ်းလျှောက်ခြင်းကဲ့သို့သော ခန္ဓာကိုယ်ကို ဒဏ်မဖြစ်စေသည့် ပုံမှန်လေ့ကျင့်ခန်းများသည်လည်း ထိရောက်မှုရှိပါသည်။
  • ကိုယ်စိတ်ပြန်လည်ကျန်းမာရေးကုထုံး (Occupational therapy) – နာကျင်နေသော အဆစ်များအပေါ် ထပ်မံ၍ ဒဏ်မပိစေဘဲ လူနာများအနေဖြင့် ၎င်းတို့၏ နေ့စဉ်လုပ်ငန်းဆောင်တာများကို မည်သို့လုပ်ဆောင်ရမည်ဆိုသော နည်းလမ်းများကို ရှာဖွေဖော်ထုတ်ပေးရန် ရည်ရွယ်ပါသည်။
  • အရေပြားမှတစ်ဆင့် လျှပ်စစ်ဖြင့် အာရုံကြောလှုံ့ဆော်သည့်ကုထုံး (TENS) – နာကျင်မှုကို သက်သာစေရန် ဗို့အားနည်းသော လျှပ်စစ်စီးကြောင်းကို အသုံးပြုသည့် နည်းလမ်းဖြစ်ပါသည်။ ၎င်းသည် ဒူးဆစ်နှင့် တင်ပါးဆုံဆစ် ရောင်ရမ်းနေသော အချို့သောလူနာများအတွက် နာကျင်မှုကို ခေတ္တသက်သာစေနိုင်ပါသည်။

ခွဲစိတ်ကုသခြင်းနှင့် အခြားသော ဆေးဘက်ဆိုင်ရာ လုပ်ဆောင်ချက်များ

စောင့်ကြည့်ကုသနည်းများဖြင့် ထိရောက်သော ရလဒ်မရရှိပါက အောက်ပါလုပ်ဆောင်ချက်များကို စဉ်းစားနိုင်ပါသည်။

  • ကော်တီဇုန်း ထိုးဆေး ထိုးခြင်း (Cortisone injection) – နာကျင်မှုကို ရက်သတ္တပတ် အနည်းငယ်ကြာ သက်သာစေရန် အဆစ်အတွင်းသို့ တိုက်ရိုက် ထိုးနှံခြင်း ဖြစ်ပါသည်။ သို့သော် အချိန်ကြာလာသည်နှင့်အမျှ အဆစ်များကို ပျက်စီးစေနိုင်သည့် ဘေးထွက်ဆိုးကျိုး ရှိသောကြောင့် တစ်နှစ်လျှင် (၃) ကြိမ် သို့မဟုတ် (၄) ကြိမ်ထက် ပို၍ မထိုးရန် ကန့်သတ်ထားပါသည်။
  • အဆစ်ချောဆီ ထိုးခြင်း (Lubrication injection) – အဆစ်များတွင် သဘာဝအတိုင်း ရှိတတ်သော အရည်နှင့် ဆင်တူသည့် Hyaluronic acid ကို ထိုးနှံခြင်း ဖြစ်ပါသည်။ ၎င်းသည် ဒူးဆစ်အတွင်း ကြားခံနယ်အဖြစ် ဆောင်ရွက်ပေးခြင်းဖြင့် နာကျင်မှုကို သက်သာစေပါသည်။
  • အရိုးပုံစံ ပြန်လည်ပြုပြင်ခြင်း (Realigning bones) – ဒူးဆစ်၏ တစ်ဖက်ခြမ်းမှာ အခြားတစ်ဖက်ထက် ပိုမိုပျက်စီးနေပါက ဤနည်းလမ်းကို အသုံးပြုပါသည်။ ၎င်းကို အရိုးဖြတ်ကုသခြင်း (Osteotomy) ဟုလည်း ခေါ်ဆိုပါသည်။ ထိုသို့ ပြုလုပ်ရာတွင် ဆရာဝန်သည် ဒူး၏ အထက် သို့မဟုတ် အောက်ရှိ အရိုးကို ခွဲစိတ်၍ အရိုးအပိုင်းအစတစ်ခုကို ထည့်ခြင်း သို့မဟုတ် ဖယ်ထုတ်ခြင်းဖြင့် ခန္ဓာကိုယ်အလေးချိန်ကို ပျက်စီးနေသော ဒူးဆစ်နေရာပေါ်သို့ မကျရောက်စေရန် လမ်းကြောင်းပြောင်းလဲပေးခြင်း ဖြစ်ပါသည်။
  • အဆစ်အစားထိုးခြင်း (Joint replacement) – ပျက်စီးနေသော အဆစ်မျက်နှာပြင်များကို ဖယ်ရှားပြီး ပလတ်စတစ် သို့မဟုတ် သတ္တုဖြင့် ပြုလုပ်ထားသော အစားထိုးပစ္စည်းများ (Implants) ဖြင့် လဲလှယ်သည့် ခွဲစိတ်ကုသမှု ဖြစ်ပါသည်။ အဆိုပါ အတုပြုလုပ်ထားသော အဆစ်များသည်လည်း သဘာဝအဆစ်များကဲ့သို့ပင် အချိန်ကြာပါက ပွတ်တိုက်ပျက်စီးခြင်း သို့မဟုတ် ချောင်သွားခြင်းတို့ ဖြစ်နိုင်ပါသည်။ ထိုသို့ဖြစ်ပွားပါက အဆစ်ကို ထပ်မံ၍ အစားထိုးလဲလှယ်ရန် လိုအပ်နိုင်ပါသည်။

Doctors who treat this condition