မတ်တတ်ရပ်လျှင် သွေးပေါင်ကျခြင်း

အကျဥ်းချုပ်

မတ်တတ်ရပ်လျှင် သွေးပေါင်ကျခြင်း (Orthostatic hypotension သို့မဟုတ် Postural hypotension) ဆိုသည်မှာ ထိုင်နေရာမှဖြစ်စေ၊ လဲလျောင်းနေရာမှဖြစ်စေ ရုတ်တရက် မတ်တတ်ရပ်လိုက်သည့်အခါ သွေးဖိအား (သွေးပေါင်ချိန်) သိသိသာသာ ကျဆင်းသွားသော အခြေအနေ ဖြစ်ပါသည်။ ၎င်းကြောင့် မူးဝေခြင်း နှင့် သတိမေ့လဲခြင်း စသည့် လက္ခဏာများ ဖြစ်ပေါ်စေနိုင်ပါသည်။ ဤသို့ဖြစ်ခြင်းသည် ခဏတာနှင့် အပျော့စားသာ ဖြစ်နိုင်သော်လည်း၊ မကြာခဏ ဖြစ်ပွားနေပါက နောက်ကွယ်တွင် အခြားသော ကျန်းမာရေးပြဿနာများ ရှိနေသည်ကို ညွှန်ပြနေနိုင်သဖြင့် ဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးရန် အလွန်အရေးကြီးပါသည်။

ခဏတာဖြစ်သော မတ်တတ်ရပ်လျှင် သွေးပေါင်ကျခြင်းသည် ရေဓာတ်ခမ်းခြောက်ခြင်း သို့မဟုတ် အချိန်ကြာမြင့်စွာ မလှုပ်မယှက် နေခြင်းကဲ့သို့သော ထင်ရှားသည့် အကြောင်းရင်းများကြောင့် ဖြစ်လေ့ရှိပြီး အလွယ်တကူ ကုသနိုင်ပါသည်။ သို့သော် ၎င်းသည် နာတာရှည် ဖြစ်နေပါက အခြားသော ရောဂါတစ်ခုခုကြောင့် ဖြစ်ရန် များသောကြောင့် ရောဂါ၏ ရင်းမြစ်ကို ရှာဖွေကုသရန် လိုအပ်ပါသည်။

ရောဂါလက္ခဏာများ

သွေးဖိအားသည် နိုးထစအချိန်တွင် အနိမ့်ဆုံးအဆင့်သို့ ရောက်ရှိလေ့ရှိသောကြောင့် မတ်တတ်ရပ်လျှင် သွေးပေါင်ကျခြင်းသည် နံနက်ခင်းပိုင်းတွင် ပိုမိုအဖြစ်များပြီး လက္ခဏာများ ပိုမိုပြင်းထန်တတ်ပါသည်။ အချို့သူများတွင် မည်သည့်လက္ခဏာမျှ မခံစားရသော်လည်း၊ အချို့သူများတွင်မူ ပူအိုက်သောရာသီဥတု၊ ဖျားနာနေချိန် သို့မဟုတ် ရေပူဖြင့် ရေချိုးပြီးချိန်ကဲ့သို့သော အပူချိန်မြင့်မားသည့် အခြေအနေများတွင် လက္ခဏာများ ပိုမိုဆိုးရွားလာတတ်ပါသည်။ ဤရောဂါ၏ အဓိက လက္ခဏာမှာ မတ်တတ်ရပ်လိုက်သည့်အခါ မူးဝေခြင်းကို ခံစားရခြင်း ဖြစ်ပြီး ပြန်ထိုင်လိုက်လျှင် သို့မဟုတ် လဲလျောင်းလိုက်လျှင် သက်သာသွားလေ့ရှိပါသည်။ အချို့သောအခြေအနေများတွင် သတိလစ်မေ့လဲခြင်း (Syncope) အထိ ဖြစ်ပွားနိုင်ပါသည်။

အခြားသော ရောဂါလက္ခဏာများမှာ အောက်ပါအတိုင်း ဖြစ်ပါသည် –

  • အမြင်အာရုံ ဝေဝါးခြင်း (Blurred vision)
  • ရင်ဘတ်အောင့်ခြင်း (Chest pain)
  • ဇဝေဇဝါဖြစ်ခြင်း သို့မဟုတ် အာရုံစူးစိုက်ရန် ခက်ခဲခြင်း (Confusion)
  • သတိလစ်မေ့လဲခြင်း (Fainting)
  • နုံးခွေခြင်း သို့မဟုတ် အားအင်ကုန်ခမ်းခြင်း (Fatigue)
  • ခေါင်းကိုက်ခြင်း (Headache)
  • အသက်ရှူမဝခြင်း သို့မဟုတ် အသက်ရှူရခက်ခဲခြင်း (Shortness of breath)

မတ်တတ်ရပ်လျှင် သွေးပေါင်ကျခြင်း လက္ခဏာများကို မကြာခဏ ခံစားနေရပါက ကျန်းမာရေးစောင့်ရှောက်မှု ကျွမ်းကျင်သူနှင့် တိုင်ပင်ဆွေးနွေးရန် အလွန်အရေးကြီးပါသည်။ ခဏတာမျှ သတိလစ်သွားခြင်းသည်ပင် လျစ်လျူမရှုသင့်သော ကိစ္စဖြစ်ပြီး ချက်ချင်း ဆေးကုသမှု ခံယူရန် လိုအပ်ပါသည်။ သင်၏ ရောဂါလက္ခဏာများ မည်သည့်အချိန်တွင် ဖြစ်ပွားသည်၊ မည်မျှကြာမြင့်သည်နှင့် ထိုအချိန်တွင် မည်သည့်အလုပ် လုပ်ဆောင်နေသည် စသည့် အချက်အလက်များကို မှတ်တမ်းတင်ထားခြင်းသည် ရောဂါရှာဖွေရာတွင် အလွန်အထောက်အကူပြုပါသည်။ အထူးသဖြင့် ကားမောင်းနေစဉ်ကဲ့သို့သော အန္တရာယ်ရှိနိုင်သည့် အခြေအနေများတွင် လက္ခဏာများ ဖြစ်ပေါ်ပါက ဆရာဝန်ကို မပျက်မကွက် အသိပေးပါ။

အကြောင်းအရင်းများ

မတ်တတ်ရပ်လျှင် သွေးပေါင်ကျခြင်း (Orthostatic hypotension) သည် ထိုင်နေရာ သို့မဟုတ် လဲလျောင်းနေရာမှ ထလိုက်သည့်အခါ ကမ္ဘာ့မြေဆွဲအား၏ သက်ရောက်မှုကြောင့် ပြောင်းလဲသွားသော သွေးဖိအားကို ခန္ဓာကိုယ်က လျင်မြန်စွာ ပြန်လည်မညှိနှိုင်းနိုင်ခြင်းကြောင့် ဖြစ်ပေါ်လာရခြင်း ဖြစ်သည်။ ပုံမှန်အားဖြင့် သင်မတ်တတ်ရပ်လိုက်သောအခါ မြေဆွဲအားကြောင့် သွေးများသည် ခြေထောက်နှင့် ဝမ်းဗိုက်ပိုင်းတွင် စုပုံသွားပြီး သွေးဖိအားကို ခေတ္တကျဆင်းစေပါသည်။ ထိုသို့ဖြစ်ပါက နှလုံးအနီးနှင့် လည်ပင်းသွေးကြောမကြီးများတွင်ရှိသော Baroreceptors ဟုခေါ်သည့် အထူးပြုဆဲလ်များက သွေးဖိအားကျဆင်းမှုကို သိရှိပြီး ဦးနှောက်သို့ အချက်ပြပါသည်။ ထိုအခါ ဦးနှောက်က နှလုံးခုန်နှုန်းကို မြှင့်တင်ရန်နှင့် သွေးကြောများကို ကျဉ်းစေရန် ပြန်လည်ညွှန်ကြားခြင်းဖြင့် သွေးဖိအားကို ပုံမှန်အခြေအနေသို့ ရောက်အောင် ထိန်းညှိပေးပါသည်။

သို့သော် အောက်ပါအချက်များကြောင့် ထိုသို့ထိန်းညှိပေးသည့် စနစ်တွင် အနှောင့်အယှက်ဖြစ်ကာ သွေးပေါင်ကျခြင်းကို ဖြစ်စေနိုင်သည် –

  • ရေဓာတ်ခမ်းခြောက်ခြင်း (Dehydration) – ဖျားခြင်း၊ အန်ခြင်း၊ ရေလုံလောက်စွာ မသောက်ခြင်း၊ ပြင်းထန်စွာ ဝမ်းလျှောခြင်း သို့မဟုတ် ပြင်းထန်သော လေ့ကျင့်ခန်းကြောင့် ချွေးထွက်လွန်ခြင်းတို့ကြောင့် ခန္ဓာကိုယ်အတွင်းရှိ အရည်များ ဆုံးရှုံးသောအခါ သွေးပမာဏ (Blood volume) လျော့နည်းသွားပါသည်။ ၎င်းကြောင့် အားအင်ကုန်ခမ်းခြင်း၊ မူးဝေခြင်းနှင့် နုံးခွေခြင်းတို့ ဖြစ်ပေါ်နိုင်ပါသည်။
  • ဟော်မုန်းနှင့် ဂလင်းဆိုင်ရာရောဂါများ (Endocrine disorders) – လည်ပင်းကြီးဂလင်း (Thyroid) ဆိုင်ရာ ပြဿနာများ၊ အက်ဒီဆင်ရောဂါ (Addison’s disease) ဟုခေါ်သော အဒရီနယ်ဂလင်း ချို့ယွင်းမှုနှင့် သွေးတွင်းသကြားဓာတ် လွန်ကဲစွာကျဆင်းခြင်း (Hypoglycemia) တို့ကြောင့် သွေးပေါင်ကျနိုင်ပါသည်။ ထို့အပြင် ဆီးချိုရောဂါသည် သွေးဖိအားကို ထိန်းညှိပေးသော အာရုံကြောများကို ပျက်စီးစေနိုင်သဖြင့် ဤဝေဒနာကို ဖြစ်စေနိုင်ပါသည်။
  • နှလုံးရောဂါများ – နှလုံးခုန်နှုန်း အလွန်နှေးခြင်း (Bradycardia)၊ နှလုံးအဆို့ရှင် ပြဿနာများ၊ နှလုံးအောင့်ခြင်း (Heart attack) နှင့် နှလုံးညှစ်အားကျခြင်း (Heart failure) တို့သည် အထူးသဖြင့် မတ်တတ်ရပ်လိုက်သည့်အခါတွင် နှလုံးမှ သွေးကို ထိရောက်စွာ ညှစ်ထုတ်နိုင်စွမ်းကို အဟန့်အတား ဖြစ်စေပါသည်။
  • အာရုံကြောစနစ်ဆိုင်ရာရောဂါများ – ပါကင်ဆန်ရောဂါ (Parkinson’s disease)၊ အာရုံကြောစနစ် ယိုယွင်းပျက်စီးသည့်ရောဂါ (Multiple system atrophy)၊ Lewy body dementia၊ Pure autonomic failure နှင့် Amyloidosis ကဲ့သို့သော ရောဂါများသည် သွေးဖိအားကို ထိန်းချုပ်သည့် စနစ်ကို ပျက်စီးစေနိုင်ပါသည်။
  • စားသောက်ပြီးနောက် သွေးပေါင်ကျခြင်း (Postprandial hypotension) – အချို့သောသူများ (အထူးသဖြင့် လူကြီးပိုင်းများ) တွင် အစာစားပြီးနောက် သွေးဖိအား ကျဆင်းတတ်သည့် အခြေအနေ ဖြစ်ပေါ်တတ်ပါသည်။

မတ်တတ်ရပ်လျှင် သွေးပေါင်ကျခြင်း ပိုမိုဖြစ်ပွားစေလွယ်သောအချက်များ

မတ်တတ်ရပ်လျှင် သွေးပေါင်ကျခြင်းသည် မည်သူမဆို ဖြစ်ပွားနိုင်သော်လည်း အသက်ကြီးလာသည်နှင့်အမျှ ပိုမိုအဖြစ်များလာပါသည်။ အောက်ပါအချက်များသည် ဤဝေဒနာဖြစ်ပွားရန် အခွင့်အလမ်းကို ပိုမိုမြင့်မားစေနိုင်သည် –

  • အသက်အရွယ်: အသက် (၆၅) နှစ်နှင့်အထက် လူကြီးများတွင် ဤဝေဒနာကို မကြာခဏ ခံစားရလေ့ရှိသည်။ အဘယ်ကြောင့်ဆိုသော် အသက်ကြီးလာသည်နှင့်အမျှ သွေးဖိအားကို သိရှိထိန်းညှိပေးသော Baroreceptors ဆဲလ်များ၏ လုပ်ဆောင်ချက် လျော့နည်းလာနိုင်သောကြောင့် ဖြစ်သည်။ ထို့အပြင် သက်ကြီးရွယ်အိုများ၏ နှလုံးသည် သွေးဖိအားကျဆင်းမှုကို တုံ့ပြန်ရန်အတွက် လျင်မြန်စွာ ညှစ်ထုတ်ပေးနိုင်စွမ်း လျော့နည်းသွားနိုင်ပါသည်။
  • ဆေးဝါးများ: နှလုံးရောဂါ သို့မဟုတ် သွေးတိုးရောဂါ ကုသဆေးများသည် ရောဂါဖြစ်နိုင်ခြေကို မြင့်တက်စေသည်။ ၎င်းဆေးဝါးများတွင် Nitrates (နိုက်ထရိတ်), Angiotensin-converting enzyme (ACE) inhibitors (အေ့စ် အင်ဟစ်ဘစ်တာ), Calcium channel blockers (ကယ်လ်စီယမ် ချန်နယ် ဘလော့ကာ), Alpha blockers နှင့် Beta blockers (အယ်လ်ဖာ နှင့် ဘီတာ ဘလော့ကာ) စသည်တို့ ပါဝင်ပါသည်။

အကိုက်အခဲပျောက်ဆေးများ (Opioids), ကြွက်သားဖြေလျော့ဆေးများ (Muscle relaxants), စိတ်ကျရောဂါကုဆေးများ (Antidepressants), စိတ်ကျန်းမာရေးဆိုင်ရာကုဆေးများ (Antipsychotics), ပါကင်ဆန်ရောဂါကုဆေးများ (Parkinson’s disease medicines) နှင့် အချို့သော စိတ်ကျရောဂါကုဆေး များသည်လည်း မတ်တတ်ရပ်လျှင် သွေးပေါင်ကျနိုင်ခြေကို မြင့်မားစေနိုင်သည်။

  • အချို့သော ရောဂါများ (Certain diseases): နှလုံးအဆို့ရှင်ဆိုင်ရာ ပြဿနာများ၊ နှလုံးအောင့်ခြင်း (Heart attack) နှင့် နှလုံးညှစ်အားကျခြင်း (Heart failure) ကဲ့သို့သော နှလုံးရောဂါအမျိုးမျိုးသည် သွေးပေါင်ကျနိုင်ခြေကို တိုးမြင့်စေနိုင်ပါသည်။ ထို့အပြင် ပါကင်ဆန်ရောဂါကဲ့သို့သော အာရုံကြောစနစ်ကို ထိခိုက်စေသည့် ရောဂါများနှင့် အာရုံကြောပျက်စီးခြင်း (Neuropathy) ကို ဖြစ်စေနိုင်သော ဆီးချိုရောဂါရှိသူများတွင်လည်း ဤဝေဒနာ ဖြစ်ပွားနိုင်ခြေ ပိုများပါသည်။
  • အပူဒဏ်နှင့် ထိတွေ့ခြင်း (Heat exposure): ပူအိုက်သော ပတ်ဝန်းကျင်ကြောင့် ချွေးထွက်လွန်ခြင်းနှင့် ရေဓာတ်ခမ်းခြောက်ခြင်းတို့ ဖြစ်ပေါ်နိုင်ပြီး ၎င်းမှတစ်ဆင့် သွေးဖိအားကို ကျဆင်းစေကာ မတ်တတ်ရပ်လျှင် သွေးပေါင်ကျခြင်းကို ဖြစ်စေနိုင်ပါသည်။
  • အိပ်ရာပေါ်တွင် ကြာရှည်စွာ လဲလျောင်းနေခြင်း (Lying in bed): ဖျားနာခြင်း သို့မဟုတ် မတော်တဆ ထိခိုက်မှုတစ်ခုခုကြောင့် အိပ်ရာပေါ်တွင် အချိန်ကြာမြင့်စွာ နားနေရခြင်းသည် ခန္ဓာကိုယ်ကို အားနည်းစေပြီး ဤဝေဒနာကို ဖြစ်ပေါ်စေနိုင်ပါသည်။ ကိုယ်ဝန်ဆောင်နေရသည့် အခြေအနေများတွင်လည်း လူနာအနေဖြင့် အိပ်ရာပေါ်တွင် အချိန်ကြာမြင့်စွာ အနားယူရခြင်းမျိုး ရှိနိုင်ပါသည်။
  • အရက်သောက်သုံးခြင်း (Alcohol intake): အရက်သောက်သုံးခြင်းသည် မတ်တတ်ရပ်လျှင် သွေးပေါင်ကျနိုင်ခြေကို ပိုမိုမြင့်မားစေပါသည်။

ရောဂါရှာဖွေခြင်း

မတ်တတ်ရပ်လျှင် သွေးပေါင်ကျခြင်းကို စစ်ဆေးရာတွင် ဆရာဝန်၏ အဓိကရည်မှန်းချက်မှာ ရောဂါဖြစ်ရသည့် ဇစ်မြစ်အကြောင်းရင်းကို ရှာဖွေရန်နှင့် သင့်လျော်သော ကုသမှုပေးနိုင်ရန် ဖြစ်ပါသည်။ ဆရာဝန်သည် သင်၏ ကျန်းမာရေးရာဇဝင်ကို မေးမြန်းစစ်ဆေးမည့်အပြင် ထိုင်နေစဉ်၊ လဲလျောင်းနေစဉ်နှင့် မတ်တတ်ရပ်နေစဉ်အတွင်း သွေးဖိအား (သွေးပေါင်ချိန်) များကို တိုင်းတာစစ်ဆေးပါလိမ့်မည်။

ဆရာဝန်မှ အောက်ပါစစ်ဆေးမှုများကို ပြုလုပ်ရန် အကြံပြုနိုင်ပါသည်။

  • သွေးဖိအား တိုင်းတာစစ်ဆေးခြင်း: ဤနည်းလမ်းတွင် ထိုင်နေစဉ်နှင့် မတ်တတ်ရပ်စဉ် သွေးပေါင်ချိန်များကို တိုင်းတာပါသည်။ မတ်တတ်ရပ်ပြီး (၂) မိနစ်မှ (၅) မိနစ်အတွင်း အပေါ်သွေး (Systolic blood pressure) သည် 20 mmHg ကျဆင်းသွားလျှင် သော်လည်းကောင်း၊ အောက်သွေး (Diastolic blood pressure) သည် 10 mmHg ကျဆင်းသွားလျှင် သော်လည်းကောင်း မတ်တတ်ရပ်လျှင် သွေးပေါင်ကျခြင်း (Orthostatic hypotension) ဖြစ်နေသည်ဟု သတ်မှတ်ပါသည်။
  • သွေးစစ်ဆေးခြင်း: သွေးစစ်ခြင်းဖြင့် ခန္ဓာကိုယ်၏ အထွေထွေကျန်းမာရေး အခြေအနေကို သိရှိနိုင်ပါသည်။ ဥပမာ – သွေးအားနည်းခြင်း (သွေးနီဥဆဲလ်အရေအတွက်နည်းခြင်း) သို့မဟုတ် သွေးတွင်းသကြားဓာတ် လွန်ကဲစွာကျဆင်းခြင်း (Hypoglycemia) တို့ ရှိ၊ မရှိ စစ်ဆေးနိုင်ပါသည်။ ထိုအခြေအနေ နှစ်ရပ်လုံးသည် သွေးပေါင်ကျခြင်းကို ဖြစ်စေနိုင်ပါသည်။
  • နှလုံးလျှပ်စစ်လှိုင်းတိုင်းခြင်း (ECG): ၎င်းသည် မြန်ဆန်ပြီး နာကျင်မှုမရှိသော စစ်ဆေးမှုတစ်ခုဖြစ်ကာ နှလုံး၏ လျှပ်စစ်စီးဆင်းမှု လှုပ်ရှားမှုများကို တိုင်းတာခြင်း ဖြစ်သည်။ စစ်ဆေးနေစဉ်အတွင်း ရင်ဘတ်၊ လက်နှင့် ခြေထောက်တို့တွင် အာရုံခံကိရိယာများ တပ်ဆင်၍ စစ်ဆေးပါသည်။ ဤစစ်ဆေးမှုမှတစ်ဆင့် နှလုံးခုန်နှုန်းမမှန်ခြင်း၊ နှလုံးတည်ဆောက်ပုံဆိုင်ရာ ချို့ယွင်းချက်များနှင့် နှလုံးကြွက်သားသို့ သွေးနှင့် အောက်ဆီဂျင် ရောက်ရှိမှု အခြေအနေများကို သိရှိနိုင်ပါသည်။

နှလုံးခုန်နှုန်း ခေတ္တခဏ ပြောင်းလဲမှုများကို ပုံမှန်စစ်ဆေးမှုများတွင် မတွေ့ရှိနိုင်ပါ။ ထို့ကြောင့် သင့်နှလုံးခုန်နှုန်းကို အိမ်တွင် ကိုယ်တိုင်စောင့်ကြည့်ရန် ဆရာဝန်က အကြံပြုနိုင်ပါသည်။ Holter monitor ဆိုသည်မှာ လူတစ်ဦး၏ နေ့စဉ်လုပ်ငန်းဆောင်တာများ လုပ်ဆောင်နေစဉ်အတွင်း နှလုံး၏ လုပ်ဆောင်ချက်များကို (၂၄) နာရီအထိ မှတ်တမ်းတင်ပေးနိုင်သော ကိုယ်၌ ဝတ်ဆင်ထားရသည့် သေးငယ်သော ကိရိယာလေး ဖြစ်ပါသည်။

  • နှလုံးပုံရိပ်ဖော် စစ်ဆေးခြင်း (Echocardiogram): အသံလှိုင်းများကို အသုံးပြု၍ နှလုံး၏ လှုပ်ရှားမှုပုံရိပ်များကို ကြည့်ရှုခြင်း ဖြစ်ပါသည်။ ဤစစ်ဆေးမှုဖြင့် နှလုံးနှင့် နှလုံးအဆို့ရှင်များအတွင်း သွေးစီးဆင်းမှုကို မြင်တွေ့နိုင်ပြီး နှလုံးတည်ဆောက်ပုံဆိုင်ရာ ရောဂါများ ရှိ၊ မရှိကို ဖော်ထုတ်နိုင်ပါသည်။
  • နှလုံးဖိစီးမှု စမ်းသပ်ခြင်း (Stress test): လမ်းလျှောက်စက် (Treadmill) ပေါ်တွင် လမ်းလျှောက်ခြင်းကဲ့သို့သော ကိုယ်လက်လှုပ်ရှားမှု ပြုလုပ်နေစဉ်အတွင်း စစ်ဆေးခြင်း ဖြစ်သည်။ လေ့ကျင့်ခန်း မလုပ်နိုင်သော လူနာများအတွက် နှလုံးခုန်နှုန်း မြန်လာစေရန် ဆေးဝါးများ အသုံးပြု၍ စမ်းသပ်လေ့ရှိပါသည်။ ထို့နောက် နှလုံး၏ အခြေအနေကို သိရှိနိုင်ရန် Echocardiogram သို့မဟုတ် ECG တို့ဖြင့် စောင့်ကြည့် စစ်ဆေးပါသည်။
  • ကုတင်စောင်းပြီး စမ်းသပ်ခြင်း (Tilt table test): ခန္ဓာကိုယ်၏ အနေအထား ပြောင်းလဲမှုအပေါ် တုံ့ပြန်ပုံကို သိရှိရန် ဤစစ်ဆေးမှုကို ပြုလုပ်ပါသည်။ လူနာအား ကုတင်ပေါ်တွင် ပက်လက်အနေအထား လဲလျောင်းစေပြီးနောက် ခန္ဓာကိုယ်အပေါ်ပိုင်းကို မြှင့်တင်ရန် ကုတင်ကို စောင်းလိုက်ခြင်း ဖြစ်ပါသည်။ ၎င်းသည် လဲလျောင်းနေရာမှ မတ်တတ်ရပ်လိုက်သည့် အနေအထား ပြောင်းလဲမှုကို တုပပြုလုပ်ခြင်း ဖြစ်သည်။ ကုတင်ကို စောင်းထားစဉ်အတွင်း သွေးဖိအား တိုင်းတာမှုများကို အကြိမ်ကြိမ် ပြုလုပ်၍ စစ်ဆေးပါသည်။

စမ်းသပ်မှု၏ ပထမအဆင့်မှာ ကုတင်ပေါ်တွင် ပက်လက်အနေအထား လဲလျောင်းနေခြင်း ဖြစ်ပါသည်။ လူနာကို ကုတင်ပေါ်မှ လျောမကျစေရန် ပတ်တီးကြိုး (Straps) များဖြင့် ထိန်းထားပေးပါသည်။ အချိန်အတန်ကြာ ပက်လက်အနေအထားဖြင့် လဲလျောင်းပြီးနောက် ကုတင်ကို မတ်တတ်ရပ်သည့် အနေအထားနှင့် နီးစပ်အောင် စောင်းလိုက်ပါသည်။ ထိုသို့ အနေအထား ပြောင်းလဲသွားသည့်အပေါ် နှလုံးနှင့် ၎င်းကို ထိန်းချုပ်နေသော အာရုံကြောစနစ်တို့က မည်သို့ တုံ့ပြန်သည်ကို ကျန်းမာရေးစောင့်ရှောက်မှုပေးသူက စောင့်ကြည့်လေ့လာပါသည်။

  • Valsalva maneuver – ဤစစ်ဆေးမှုတွင် အသက်ကို ပြင်းပြင်းရှူသွင်းပြီးနောက် လေလုံနေသော ပူဖောင်းတစ်ခုကို အားစိုက်မှုတ်ထုတ်သကဲ့သို့ နှုတ်ခမ်းများမှတစ်ဆင့် ပြန်လည်မှုတ်ထုတ်ရန် လိုအပ်ပါသည်။ စစ်ဆေးနေစဉ်တစ်လျှောက်လုံးတွင် သွေးဖိအားနှင့် နှလုံးခုန်နှုန်းတို့ကို စောင့်ကြည့် တိုင်းတာပါသည်။ ဤစစ်ဆေးမှုသည် ခန္ဓာကိုယ်၏ အလိုအလျောက် အာရုံကြောစနစ် (Autonomic nervous system) မည်မျှ ထိရောက်စွာ အလုပ်လုပ်သည်ကို နာကျင်မှုမရှိဘဲ စစ်ဆေးနိုင်သော နည်းလမ်းဖြစ်ပါသည်။

ကုသခြင်း

မတ်တတ်ရပ်လျှင် သွေးပေါင်ကျခြင်းကို ကုသရာတွင် သွေးဖိအားနည်းခြင်းထက် ၎င်းကို ဖြစ်ပေါ်စေသည့် ရောဂါအခံကို ရှာဖွေကုသရန် အဓိကထားပါသည်။ ပုံမှန်အားဖြင့် ကုသခြင်းနှင့် စီမံခန့်ခွဲခြင်းဆိုင်ရာ ရွေးချယ်စရာများမှာ အောက်ပါအတိုင်း ဖြစ်ပါသည် –

နေထိုင်မှုပုံစံ ပြုပြင်ပြောင်းလဲခြင်း (Lifestyle adjustments)

  • ရေဓာတ်ဖြည့်တင်းခြင်း (Hydration): ရေသောက်သည့် ပမာဏကို တိုးမြှင့်ပါ။ အထူးသဖြင့် ရောဂါလက္ခဏာများကို ဖြစ်စေနိုင်သည့် လှုပ်ရှားမှုများ မပြုလုပ်မီ ရေကြိုတင်သောက်ထားပါ။
  • စားသောက်မှုပုံစံ ပြောင်းလဲခြင်း (Dietary changes): ဆရာဝန် နှင့် တိုင်ပင်ပြီးနောက် ဆားစားသုံးမှုကို ဂရုတစိုက် တိုးမြှင့်နိုင်ပါသည်။ အစာစားပြီးနောက် သွေးပေါင်ကျခြင်းကို ရှောင်ရှားရန်အတွက် ကစီဓာတ် (Carbohydrate) နည်းပါးသော အစားအစာများကို နည်းနည်းနှင့် အကြိမ်ခဏခဏ ခွဲစားပေးပါ။
  • အရက်သောက်သုံးမှု (Alcohol consumption): ရောဂါလက္ခဏာများ ပိုမိုဆိုးရွားလာခြင်းကို လျှော့ချရန်အတွက် အရက်သောက်ခြင်းကို လျှော့ချပါ သို့မဟုတ် ဖြတ်တောက်ပါ။
  • ကိုယ်လက်လှုပ်ရှားမှု (Physical activity): ပုံမှန် နှလုံးအားကောင်းစေသည့် လေ့ကျင့်ခန်းများနှင့် ကြွက်သားသန်မာစေသည့် လေ့ကျင့်ခန်းများကို လုပ်ဆောင်ပါ။ သို့သော် အလွန်အမင်း ပူအိုက်စိုစွတ်သော ပတ်ဝန်းကျင်များတွင် လေ့ကျင့်ခန်းလုပ်ခြင်းကို ရှောင်ကြဉ်ပါ။
  • ခြေအိတ်ရှည်များ အသုံးပြုခြင်း (Compression stockings): သွေးစီးဆင်းမှု ကောင်းမွန်စေရန်နှင့် လက္ခဏာများ သက်သာစေရန်အတွက် ခါးအထိရှည်သော (Waist-high) တင်းကျပ်သည့် ခြေအိတ်များကို နေ့ဘက်တွင် ဝတ်ဆင်ထားပါ။ အိပ်ရာဝင်ချိန်တွင်မူ ပြန်လည်ချွတ်ထားရပါမည်။

ဆေးဝါးများဖြင့် ကုသခြင်း (Medications)

နေထိုင်မှုပုံစံ ပြုပြင်ပြောင်းလဲခြင်းများဖြင့် မလုံလောက်သောအခါ အောက်ပါဆေးဝါးများကို အသုံးပြုရန် လိုအပ်နိုင်ပါသည်။

  • Midodrine (မီဒိုဒရင်း): သွေးကြောများကို ကျဉ်းစေခြင်းဖြင့် သွေးဖိအားကို မြင့်တက်စေပါသည်။
  • Droxidopa (ဒရော့ဆီဒိုပါ): ခန္ဓာကိုယ်အတွင်း Norepinephrine ပမာဏကို မြင့်တက်စေပြီး သွေးဖိအားကို မြှင့်တင်ပေးပါသည်။
  • Fludrocortisone (ဖလူဒရိုကော်တီဇုန်း): သွေးပမာဏ (Blood volume) တိုးပွားလာစေရန် ကူညီပေးပါသည်။
  • Pyridostigmine (ပိုင်ရီဒိုစတစ်ဂမင်း): သွေးကြောများထံသို့ ပေးပို့သော အာရုံကြော အချက်ပြစနစ်များကို ပိုမိုကောင်းမွန်စေပါသည်။

သင့်အတွက် အသင့်တော်ဆုံး ဆေးဝါးကို ရွေးချယ်နိုင်ရန်နှင့် ဆေး၏ ဘေးထွက်ဆိုးကျိုးများနှင့် အကျိုးကျေးဇူးများကို နားလည်သဘောပေါက်စေရန် ဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးပါ။

ရောဂါလက္ခဏာ သက်သာစေရန် ကုထုံးများ

  • ချက်ချင်းတုံ့ပြန်ဆောင်ရွက်ခြင်း – မတ်တတ်ရပ်လိုက်သည့်အခါ ခေါင်းထဲတွင် ပေါ့ပါးသွားသလို ခံစားရသည်နှင့်တစ်ပြိုင်နက် ချက်ချင်းပြန်ထိုင်ပါ သို့မဟုတ် လဲလျောင်းလိုက်ပါ။
  • ဖြည်းညှင်းစွာ လှုပ်ရှားခြင်း – လဲလျောင်းရာမှ မတ်တတ်ရပ်ခြင်းသို့ အဆင့်ဆင့် ဖြည်းဖြည်းချင်း ပြောင်းလဲပါ။ မတ်တတ်မရပ်မီ ကုတင်ဘေးတွင် အချိန်အနည်းငယ်ကြာ ထိုင်နေပြီးမှ ထရပ်ပါ။
  • ကိုယ်လက်လှုပ်ရှားမှု နည်းလမ်းများ – အိပ်ရာမှမထမီ ခြေသလုံးကြွက်သားများကို ဆန့်ထုတ်ခြင်း သို့မဟုတ် လှုပ်ရှားပေးခြင်းတို့ ပြုလုပ်ပါ။ ရောဂါလက္ခဏာများ ချက်ချင်းသက်သာစေရန် ပေါင်၊ ဗိုက်နှင့် တင်ပါးကြွက်သားများကို တင်းထားပေးပါ။ ထို့အပြင် ဆောင့်ကြောင့်ထိုင်ခြင်း၊ ရပ်လျက်လမ်းလျှောက်သကဲ့သို့ ခြေလှမ်းမှန်မှန်နင်းခြင်း သို့မဟုတ် ခြေဖျားထောက်ခြင်း စသည့် လှုပ်ရှားမှုများကို ပြုလုပ်ပေးနိုင်ပါသည်။
  • အိပ်ရာ အနေအထား (Bed positioning) – အိပ်စက်နေစဉ်အတွင်း မြေဆွဲအား၏ သက်ရောက်မှုကို တန်ပြန်နိုင်ရန် ကုတင်၏ ခေါင်းရင်းပိုင်းကို အနည်းငယ် မြှင့်ထားပါ။

ဤကုထုံးများသည် မတ်တတ်ရပ်လျှင် သွေးပေါင်ကျခြင်းကို ကာကွယ်ရန် သို့မဟုတ် စီမံခန့်ခွဲရန် ကူညီပေးနိုင်ပြီး ဝေဒနာခံစားနေရသူများ၏ လူနေမှုဘဝ အရည်အသွေးကို မြှင့်တင်ပေးနိုင်ပါသည်။

Doctors who treat this condition