ခြုံငုံသုံးသပ်ချက်

ရင်သားရောင်ရမ်းခြင်း (Mastitis) ဆိုသည်မှာ ရင်သားတစ်ရှူးများ ရောင်ရမ်းခြင်းဖြစ်ပြီး ရောဂါပိုးဝင်ခြင်းလည်း ပါဝင်နိုင်ပါသည်။ အဖြစ်များသော လက္ခဏာများမှာ ရင်သားနာကျင်ခြင်း၊ ရောင်ရမ်းခြင်း၊ ပူနွေးနေခြင်းနှင့် နီမြန်းခြင်းတို့ ဖြစ်ပြီး၊ များသောအားဖြင့် ဖျားခြင်းနှင့် ချမ်းတုန်ခြင်းတို့ ပူးတွဲဖြစ်ပွားတတ်သည်။
ဤအခြေအနေသည် မည်သူ့တွင်မဆို ဖြစ်ပွားနိုင်သော်လည်း မိခင်နို့တိုက်ကျွေးနေသော အမျိုးသမီးများတွင် အများဆုံးတွေ့ရလေ့ရှိသည် (၎င်းကို နို့တိုက်မိခင် ရင်သားရောင်ရမ်းခြင်းဟု ခေါ်သည်)။ သို့သော်လည်း နို့မတိုက်သော အမျိုးသမီးများနှင့် အမျိုးသားများတွင်လည်း ရင်သားရောင်ရမ်းခြင်း ဖြစ်ပွားနိုင်ပါသည်။
နို့တိုက်မိခင်တစ်ဦးအတွက် ရင်သားရောင်ရမ်းခြင်းသည် နုံးချည့်ခြင်းနှင့် မအီမသာဖြစ်ခြင်းတို့ကို ခံစားရစေကာ ကလေးကို ပြုစုစောင့်ရှောက်ရန် ခက်ခဲစေသဖြင့် စိန်ခေါ်မှုတစ်ရပ် ဖြစ်စေပါသည်။ အချို့ကိစ္စများတွင် ဤရောဂါကြောင့် မိခင်များသည် စီစဉ်ထားသည်ထက် စော၍ နို့ဖြတ်လိုက်ရသည်အထိ ဖြစ်တတ်သည်။ သို့သော်လည်း ရင်သားရောင်ရမ်းခြင်းအတွက် ပိုးသတ်ဆေးဖြင့် ကုသမှုခံယူနေစဉ်အတွင်း၌ပင် မိခင်နှင့်ကလေး နှစ်ဦးစလုံးအတွက် အကျိုးရှိစေသဖြင့် မိခင်နို့ကို ဆက်လက်တိုက်ကျွေးရန် အကြံပြုထားပါသည်။

ရောဂါလက္ခဏာများ

ရင်သားရောင်ရမ်းခြင်း၏ လက္ခဏာများသည် ရုတ်တရက် ပေါ်ပေါက်လာနိုင်ပြီး အောက်ပါတို့ ပါဝင်နိုင်သည် –

  • ရင်သားရောင်ရမ်းခြင်း။
  • ရင်သားထိလျှင် နာကျင်ခြင်း သို့မဟုတ် ထိလိုက်လျှင် ပူနွေးနေခြင်း။
  • ရင်သားမှာ အမြဲတမ်းနာကျင်နေခြင်း သို့မဟုတ် နို့တိုက်နေစဉ် ပူစပ်ပူလောင်ဖြစ်ခြင်း။
  • ရင်သားတစ်ရှူးများ ထူလာခြင်း သို့မဟုတ် အလုံးအကျိတ်ဖြစ်ခြင်း။
  • အရေပြားနီမြန်းခြင်း (များသောအားဖြင့် သပ်ပုံသဏ္ဌာန် နီမြန်းလေ့ရှိသည်)။
  • တစ်ကိုယ်လုံး နေထိုင်မကောင်းသလို ခံစားရခြင်း။
  • ဖျားခြင်း သို့မဟုတ် တုပ်ကွေးကဲ့သို့သော လက္ခဏာများ ခံစားရခြင်း။

အကယ်၍ သင့်တွင် စိုးရိမ်ရသော ရင်သားလက္ခဏာတစ်ခုခု ခံစားရပါက ဆရာဝန်ထံမှ ဆေးဘက်ဆိုင်ရာ အကြံဉာဏ်ရယူရန် အရေးကြီးပါသည်။

ဖြစ်ပွားရသည့် အကြောင်းရင်းများ

ရင်သားရောင်ရမ်းခြင်း၏ အဓိကအကြောင်းရင်းမှာ ရင်သားအတွင်း နို့ရည်များ ပိတ်မိနေခြင်းကြောင့် ဖြစ်သည်။ အခြားသော အထောက်အကူပြု အချက်များမှာ –

  • နို့ပြွန်ပိတ်ခြင်း: နို့တိုက်ကျွေးချိန်တွင် ရင်သားအတွင်းရှိ နို့ရည်များ ကုန်အောင် မထွက်သွားပါက နို့ပြွန်တစ်ခုခု ပိတ်ဆို့သွားနိုင်သည်။ ထိုသို့ ပိတ်ဆို့မှုကြောင့် နို့ရည်များ စုပုံလာရာမှ ရင်သားပိုးဝင်ခြင်း ဖြစ်လာသည်။
  • ရင်သားအတွင်း ဘက်တီးရီးယားများ ဝင်ရောက်ခြင်း: သင့်အရေပြားပေါ်ရှိ ဘက်တီးရီးယားများနှင့် ကလေး၏ ခံတွင်းမှ ဘက်တီးရီးယားများသည် နို့သီးခေါင်းကွဲအက်ရာမှတစ်ဆင့် သို့မဟုတ် နို့ပြွန်ပေါက်မှတစ်ဆင့် နို့ပြွန်များအတွင်းသို့ ဝင်ရောက်နိုင်သည်။ အကယ်၍ ရင်သားအတွင်းရှိ နို့ရည်များကို ကုန်စင်အောင် မထုတ်ပါက ထိုဘက်တီးရီးယားများ ပွားများရန် အခွင့်အလမ်းရသွားစေသည်။

ဘေးထွက်ဆိုးကျိုးဖြစ်နိုင်ခြေ အချက်အလက်များ (Risk factors)
ရင်သားရောင်ရမ်းခြင်း ဖြစ်နိုင်ခြေကို မြင့်တက်စေသော အချက်များမှာ –

  • နို့သီးခေါင်းများ နာကျင်ခြင်း သို့မဟုတ် ကွဲအက်ခြင်း (သို့သော် အရေပြားမကွဲအက်ဘဲလည်း ဖြစ်နိုင်ပါသည်)။
  • ယခင်က နို့တိုက်နေစဉ် ရင်သားရောင်ရမ်းဖူးသည့် ရာဇဝင်ရှိခြင်း။
  • ကားထိုင်ခုံပတ်ကြိုး၊ ကျပ်လွန်းသော အတွင်းခံ (Bra) ဝတ်ဆင်ခြင်း သို့မဟုတ် အိတ်အကြီးကြီးများ လွယ်ခြင်းကြောင့် ရင်သားကို ဖိမိနေခြင်းတို့သည် နို့ရည်စီးဆင်းမှုကို ဟန့်တားနိုင်သည်။
  • နို့တိုက်နည်းစနစ် မမှန်ကန်ခြင်း။
  • အလွန်အမင်း ပင်ပန်းနွမ်းနယ်ခြင်း သို့မဟုတ် စိတ်ဖိစီးမှုများခြင်း။
  • အာဟာရ ချို့တဲ့ခြင်း။
  • ဆေးလိပ်သောက်ခြင်း။

ရောဂါရှာဖွေခြင်း

ရှားပါးသော ရင်သားကင်ဆာအမျိုးအစားဖြစ်သည့် “ရောင်ရမ်းရင်သားကင်ဆာ (Inflammatory breast cancer)” သည်လည်း အစပိုင်းတွင် နီမြန်းရောင်ရမ်းတတ်သဖြင့် ရင်သားရောင်ရမ်းခြင်း (Mastitis) နှင့် ဆင်တူနိုင်ပါသည်။ ထို့ကြောင့် တိကျသော ရောဂါအမည်ဖော်ထုတ်ရန် အောက်ပါလုပ်ငန်းစဉ်များကို ဆောင်ရွက်ပါလိမ့်မည် –

  • ကိုယ်ခန္ဓာကို စမ်းသပ်စစ်ဆေးခြင်း (Physical Examination): ကျန်းမာရေးစောင့်ရှောက်မှုပေးသူသည် ရင်သားကို စမ်းသပ်စစ်ဆေးမည်ဖြစ်ပြီး နီမြန်းခြင်း၊ နာကျင်ခြင်း၊ ပူနွေးနေခြင်း၊ နို့ရည်များပိတ်ပြီး တင်းခြင်းနှင့် ရောင်ရမ်းခြင်း လက္ခဏာများကို အာရုံစိုက်ကြည့်ရှုပါမည်။ ထို့အပြင် နို့သီးခေါင်း ထိခိုက်ဒဏ်ရာရမှု ရှိ၊ မရှိကိုလည်း မှတ်သားပါလိမ့်မည်။
  • ပိုးမွေးမြူ၍ စစ်ဆေးခြင်း (Culture test): ပြင်းထန်သော ပိုးဝင်မှုများတွင် အထိရောက်ဆုံးဖြစ်မည့် ပိုးသတ်ဆေးကို ရွေးချယ်နိုင်ရန် မိခင်နို့နမူနာကို ရယူ၍ ဓာတ်ခွဲခန်းတွင် ပိုးမွေးမြူစစ်ဆေးနိုင်ပါသည်။
  • ပုံရိပ်ဖော် စစ်ဆေးမှုများ (Imaging Test): ကင်ဆာကြောင့်ဖြစ်သော ရောင်ရမ်းမှု ဟုတ်၊ မဟုတ် သေချာစေရန် ရင်သားဓာတ်မှန် (Mammography) သို့မဟုတ် အာထရာဆောင်း (Ultrasound) ရိုက်ရန် အကြံပြုနိုင်ပါသည်။
  • အသားစယူ စစ်ဆေးခြင်း (Biopsy): ပိုးသတ်ဆေးပတ်လည်အောင် သောက်ပြီးသော်လည်း လက္ခဏာများ မပျောက်ကင်းပါက ရင်သားကင်ဆာကြောင့် မဟုတ်ကြောင်း သေချာစေရန် အသားစယူစစ်ဆေးမှု ပြုလုပ်ရန် လိုအပ်နိုင်ပါသည်။

ကုသခြင်း

ကုသမှု၏ ရည်ရွယ်ချက်မှာ ရောင်ရမ်းမှုကို လျှော့ချရန်၊ နာကျင်မှုကို သက်သာစေရန်နှင့် ပိုးဝင်မှုကို ကာကွယ်ရန် ဖြစ်သည်။ ကုသမှုတွင် အောက်ပါတို့ ပါဝင်နိုင်သည် –

  • ပိုးသတ်ဆေးများ (Antibiotics): ပိုးဝင်ခြင်းအတွက် ပုံမှန်အားဖြင့် ၁၀ ရက်ကြာ ပိုးသတ်ဆေးသောက်ရန် လိုအပ်ပါသည်။ ရောဂါပြန်မဖြစ်စေရန် ဆေးပတ်လည်အောင် သောက်ရန် အလွန်အရေးကြီးသည်။ ပိုးသတ်ဆေးသောက်သော်လည်း လက္ခဏာများ ဆက်ရှိနေပါက ဆရာဝန်နှင့် ပြန်လည်ပြသရန် လိုအပ်သည်။
  • အကိုက်အခဲပျောက်ဆေးများ (Pain relievers): နာကျင်မအီမသာဖြစ်မှုကို သက်သာစေရန် Acetaminophen သို့မဟုတ် Ibuprofen ကဲ့သို့သော ဆေးများကို သုံးစွဲနိုင်ပါသည်။

ရင်သားရောင်ရမ်းနေစဉ်အတွင်း မိခင်နို့ဆက်တိုက်ခြင်းသည် ဘေးကင်းရုံသာမက ပိုးဝင်မှုကို သက်သာစေရန်ပင် အထောက်အကူပြုသည်။ ရုတ်တရက် နို့ဖြတ်လိုက်ခြင်းက လက္ခဏာများကို ပိုမိုဆိုးရွားသွားစေနိုင်ပါသည်။ ထို့ကြောင့် သင်၏ကျန်းမာရေးအတွက် မိခင်နို့ကို ဆက်လက်တိုက်ကျွေးရန် အကြံပြုပါသည်။
နို့တိုက်နည်းစနစ်များကို ပြုပြင်ပြောင်းလဲရန် အောက်ပါအချက်များကို လုပ်ဆောင်နိုင်ပါသည် –

  • နို့ရည်များ ပိတ်ပြီးတင်းခြင်းကို ရှောင်ကြဉ်ခြင်း: ရင်သားမတင်းမီ ပုံမှန်နှင့် မကြာခဏ နို့တိုက်ကျွေးပါ။
  • ကလေးနို့ငုံနည်းစနစ် မှန်ကန်ပါစေ: ကလေးသည် ရင်သားကို စနစ်တကျ ငုံမိစေရန် ဂရုစိုက်ပါ။ ရင်သားလွန်စွာ တင်းနေပါက နို့မတိုက်မီ နို့ရည်အနည်းငယ်ကို လက်ဖြင့် ညှစ်ထုတ်ထားခြင်းဖြင့် ကလေးနို့ငုံရ လွယ်ကူစေပါသည်။
  • နို့တိုက်နေစဉ် သို့မဟုတ် နို့ညှစ်နေစဉ် ရင်သားကို နှိပ်နယ်ပေးခြင်း: နို့ရည်စီးဆင်းမှု ကောင်းမွန်စေရန် ရောဂါဖြစ်နေသော နေရာမှ နို့သီးခေါင်းဘက်သို့ ခပ်ဖွဖွ နှိပ်နယ်ပေးပါ။
  • နို့ရည်ကို ကုန်စင်အောင် ထုတ်ခြင်း: နို့တိုက်တိုင်း နို့ရည်ကုန်စင်အောင် ထုတ်ပါ။ နို့မတိုက်မီ ရင်သားကို ရေနွေးဝတ်ဖြင့် ကပ်ပေးခြင်းက နို့ထွက်ရခက်သော နေရာများအတွက် အကူအညီဖြစ်စေပါသည်။
  • နာကျင်နေသောဘက်မှ အရင်တိုက်ခြင်း: ကလေးဗိုက်ဆာနေချိန်တွင် နာကျင်နေသော သို့မဟုတ် တင်းနေသော ရင်သားဘက်မှ အရင်တိုက်ပါ။ ၎င်းသည် နို့ရည်ကုန်စင်စေရန် ပိုမိုထိရောက်ပါသည်။
  • နို့တိုက်သည့် ပုံစံအမျိုးမျိုးကို စမ်းသပ်ကြည့်ခြင်း: မိခင်ရော ကလေးပါ သက်သောင့်သက်သာအရှိဆုံးနှင့် အထိရောက်ဆုံးဖြစ်မည့် နို့တိုက်ပုံစံကို ရှာဖွေစမ်းသပ်ပါ။

Doctors who treat this condition