ခြုံငုံသုံးသပ်ချက်

ဆီးတွင်းသွေးပါခြင်း သည် စိုးရိမ်ထိတ်လန့်စရာအနေဖြင့်ရှိတတ်သော်လည်း သွေးပါခြင်းသည် မကြာခဏဆိုသလို အန္တရာယ်မရှိသော အကြောင်းရင်းကြောင့်ဖြစ်တတ်သည်။ သို့သော် ဆီးထဲတွင် သွေးပါခြင်းသည် ပြင်းထန်သော ရောဂါကိုလည်း ညွှန်ပြနိုင်သည် ။

Gross hematuria ဆိုသည်မှာ ဆီးထဲတွင် သွေးများပါနေခြင်းကို ပုံမှန်မျက်စိဖြင့် မြင်ရသောအခါတွင် သုံးသောအသုံးအနှုန်းဖြစ်သည်။ Microscopic hematuria ဆိုသည်မှာ သာမန်မျက်စိဖြင့်မမြင်နိုင်သော ဆီးတွင်းသွေးပါခြင်းအတွက် ဆေးပညာအသုံးအနှုန်းဖြစ်သည်။ ဓာတ်ခွဲခန်းတွင် ဆီးကို စမ်းသပ်သောအခါ၊ ထိုကဲ့သို့ အလွယ်နည်းပါးသောသွေးပမာဏကို အဏုကြည့်မှန်ပြောင်းဖြင့်သာ မြင်နိုင်သည်။ မည်သို့ပင်ဆိုစေ သွေးထွက်ရခြင်းအကြောင်းရင်းကို ဖော်ထုတ်ရန် အရေးကြီးသည်။

သွေးပါခြင်းအကြောင်းရင်းကို သိရှိခြင်းသည် ထို့အတွက်သင့်တော်တဲ့ ကုသမှုကို ဆုံးဖြတ်ပေးနိုင်ပါမည်။

ရောဂါလက္ခဏာများ

ဆီးအတွင်းသွေးပါသောအခါ ဆီးသည် ပန်းရောင်၊ အနီရောင် သို့မဟုတ် ကိုလာရောင်ဆီးအနေဖြင့် မြင်ရနိုင်သည်။ ဆီးသည် သွေးအနည်းငယ်ပါရုံဖြင့် အရောင်နီလာနိုင်သည်။

ပုံမှန်အားဖြင့် ဆီးထဲတွင် သွေးပါခြင်းကြောင့် နာကျင်မှုမရှိတတ်ပါ။ သို့သော် ဆီးထဲတွင် သွေးခဲများပါပါက နာကျင်နိုင်သည်။

သင့်ဆီးတွင် သွေးပါနေပါက ဆရာဝန်နှင့် တိုင်ပင်ပါ။

သွေးနီဥများသည် အများအားဖြင့် ဆီးနီခြင်းကို ဖြစ်စေသော အကြောင်းရင်းမဟုတ်ပါ။ ဆီးလမ်းကြောင်းရောဂါလက္ခဏာကို သက်သာစေသော phenazopyridine ကဲ့သို့သော အချို့သောဆေးဝါးများသည် ဆီးအရောင်ကို အနီရောင်ဖြစ်စေနိုင်သည်။ မုံလာဥနီကဲ့သို့ အနီရောင်များသောအသီးအရွက်များကို စားသုံးသောအခါတွင်လည်း ဆီးအနီရောင်သို့ပြောင်းသွားစေနိုင်သည်။
ဆီးအနီရောင်ပြောင်းလဲခြင်းသည် သွေးပါခြင်းကြောင့် ဟုတ်မဟုတ် ဆုံးဖြတ်ရန် ခက်ခဲနိုင်သည်။ ထို့ကြောင့် ဆီးအနီရောင်ပြောင်းလျှင် အမြဲတမ်းစစ်ဆေးကြည့်ရန် အကြံပြုထားသည်။

အကြောင်းတရားများ

ဆီးလမ်းကြောင်း သို့မဟုတ် ကျောက်ကပ်မှ သွေးဆဲလ်များသည် ဆီးထဲသို့ ယိုစိမ့်လာသောအခါတွင် ဆီးတွင်းသွေးပါခြင်း ဖြစ်ပေါ်လာသည်။ ဤကဲ့သို့ ယိုစိမ့်ခြင်းသည် အကြောင်းအမျိုးမျိုးကြောင့်ဖြစ်နိုင်သည်။

  • ကျောက်ကပ်ပိုးဝင်ခြင်း ။ သွေးလည်ပတ်မှုမှတစ်ဆင့် ကျောက်ကပ်အတွင်းသို့ ပိုးမွှားများရောက်ရှိသောအခါ ရောဂါပိုးများ ပေါက်ဖွားလာနိုင်သည်။ ထို့အပြင် ကျောက်ကပ်နှင့် ဆီးအိမ်တို့ကို ချိတ်ဆက်ပေးထားသည့် ဆီးပြွန်မှတစ်ဆင့် ဆီးအိမ်သို့ ပိုးမွှားများ ဖြတ်သန်းရောက်ရှိသွားသောအခါတွင် ရောဂါပိုးများ ဖြစ်ပေါ်လာနိုင်သည်။ ကျောက်ကပ်ပိုးဝင်ခြင်းသည် အခြားသော ဆီးလမ်းကြောင်းပိုးဝင်ခြင်းများနှင့် အတူတူဖြစ်ပွားနိုင်သည်။ သို့သော် ၎င်းတို့သည် အဖျားတက်ခြင်းနှင့် နောက်ကျော၊ ခါး သို့မဟုတ် ပေါင်ခြံနာကျင်ခြင်းတို့ကို ပိုမိုဖြစ်ပေါ်စေတတ်သည်။
  • ဆီးလမ်းကြောင်းပိုးဝင်ခြင်း (UTIs)။ ဆီးလမ်းကြောင်းအတွင်းသို့ ဘက်တီးရီးယားများ ဝင်ရောက်လာသောအခါတွင် ယင်းတို့သည် ဖြစ်ပွားသည်။ ထို့နောက် ဆီးအိမ်ထဲမှာ ဘက်တီးရီးယားပိုးတွေ ပိုမိုပေါက်ဖွားလာသည်။ ဆီးလမ်းကြောင်းပိုးဝင်ခြင်းများသည် ဆီးအတွင်း သွေးပါခြင်းကို ဖြစ်ပေါ်စေနိုင်ပြီး ဆီးအနီ၊ ပန်းရောင် သို့မဟုတ် အညိုရောင် ပြောင်းလဲသွားစေနိုင်သည် ။
  • ဆီးလမ်းကြောင်းပိုးဝင်ခြင်းနှင့်တွဲဖက်၍ ဆီးသွားချင်ခြင်း, ဆီးသွားချိန်တွင် အလွန်အမင်း ဆီးပူခြင်း ဝေဒနာကို ခံစားရနိုင်သည်။ ဆီးသွားစဉ်တွင် ပူလောင်ခြင်းနှင့် နာကျင်ခြင်းတို့ ဖြစ်နိုင်ပါသည်။ ဆီးအနံ့ပြင်းခြင်းကိုလည်း ဖြစ်ပေါ်စေနိုင်သည်။
    ဆီးကျိတ်ကြီးခြင်း။ ဆီးလမ်းကြောင်း၏ အပေါ်ဆုံးအပိုင်းကို ဆီးအိမ်အောက်ဘက်တွင်ရှိသော ဆီးကျိတ်ဂလင်းဖြင့် ဝန်းရံထားသည်။ လူလတ်ပိုင်းအရွယ်များတွင် ဆီးကျိတ်သည် ပိုမိုကြီးမားလာတတ်သည်။ ထိုသို့ကြီးလာသောအခါ ဆီးလမ်းကြောင်းသည် ဖိမိခံရတတ်ပြီး ဆီးစီးဆင်းမှုကို တစ်စိတ်တစ်ပိုင်း ပိတ်ဆို့ထားသည်။ ဆီးကျိတ်ကြီးခြင်းကြောင့် ဆီးသွားရခက်ခြင်း၊ မကြာခဏဆီးသွားချင်ခြင်း၊ ဆီးထဲတွင် သွေးပါခြင်းတို့ကို ခံစားရနိုင်သည်။ ဆီးကျိတ် ပိုးဝင်ခြင်းကြောင့်လည်း ဤကဲ့သို့ရောဂါလက္ခဏာများခံစားရနိုင်သည်။
  • မျိုးရိုးလိုက်သော ရောဂါများ။ သွေးနီဥဆဲလ်များကို ထိခိုက်စေသော မျိုးရိုးဗီဇချို့ယွင်းမှုကြောင့် ဆီးထဲတွင် သွေးကို တွေ့ရှိနိုင်သည်။ ဤဆီးထဲတွင်ပါလာသော သွေးသည် ပုံမှန်မျက်စိဖြင့် မြင်ရနိုင်သကဲ့သို့ မမြင်ရသောသွေးပါခြင်းလည်း ဖြစ်ပေါ်နိုင်သည်။ ဆီးထဲတွင်သွေးပါနေခြင်းသည် ကျောက်ကပ်၏သေးငယ်သောသွေးသွေးကြောမျှင်များကိုထိခိုက်စေသည့် Alport syndrome ဟုခေါ်သောရောဂါ၏လက္ခဏာဖြစ်နိုင်သည်။
  • ဆီးအိမ် သို့မဟုတ် ကျောက်ကပ်ကျောက်တည်ခြင်း။ ဆီးထဲတွင် သတ္တုဓာတ်ပါဝင်မှုကြောင့် ကျောက်ကပ်အတွင်းပိုင်း သို့မဟုတ် ဆီးအိမ်အတွင်း ကျောက်များ ဖြစ်ပေါ်လာနိုင်သည်။ ထိုအခဲများသည် အချိန်ကြာလာသည်နှင့်အမျှ သေးငယ်၍ မာကျောသောကျောက်များအဖြစ်သို့ ပြောင်းလဲသွားနိုင်သည်။
    • ကျောက်များကြောင့် ပုံမှန်အားဖြင့် နာကျင်မှုကို မဖြစ်စေတတ်ပါ။ သို့သော် ၎င်းတို့သည် ဆီးလမ်းကြောင်းမည်သည့်နေရာကိုမဆို ပိတ်ဆို့ခြင်း သို့မဟုတ် ဆီးမှတစ်ဆင့် ခန္ဓာကိုယ်အပြင်သို့ထွက်ခြင်းကဲ့သို့အခြေအနေမျိုးတွင် အလွန်နာကျင်နိုင်သည်။ ဆီးအိမ် သို့မဟုတ် ကျောက်ကပ်ကျောက်များကြောင့် ပါသောသွေးသည် ပုံမှန်မျက်စိဖြင့် မြင်ရနိုင်သကဲ့သို့ မမြင်ရသောသွေးပါခြင်းလည်း ဖြစ်ပေါ်နိုင်သည်။
  • ကျောက်ကပ်ရောဂါ။ ကျောက်ကပ်ရောဂါ ၏ အဖြစ်များသော လက္ခဏာမှာ ဆီးထဲတွင် ပုံမှန်မျက်စိဖြင့်မမြင်ရသော သွေးပါခြင်း ဖြစ်သည်။ ဤရောဂါကြောင့် ကျောက်ကပ်အတွင်းတွင်ရှိသော ခန္ဓာကိုယ်မှအညစ်အကြေးများကို စစ်ထုတ်ပေးသော လုပ်ငန်းထိခိုက်နိုင်သည်။
    • ကျောက်ကပ်ရောဂါ သည် ခန္ဓာကိုယ်တစ်ခုလုံးကို ထိခိုက်စေသော ရောဂါများဖြစ်သည့် ဆီးချိုရောဂါကဲ့သို့သောရောဂါများကြောင့် ဖြစ်ပွားလာနိုင်သည်။ သို့မဟုတ် ကျောက်ကပ်‌ရောဂါတစ်မျိုးတည်းလည်း ဖြစ်ပွားနိုင်သည်။
  • ကျောက်ကပ်ဒဏ်ရာရခြင်း ။ မတော်တဆထိခိုက်မိခြင်း၊ တွန်းတိုက်လုပ်ရသော အားကစားများလုပ်ခြင်းကြောင့် ကျောက်ကပ်ကိုထိခိုက်မိပါက ဆီးထဲတွင် သွေးများပါနိုင်တတ်သည်။
  • ကင်ဆာ။ ဆီးထဲတွင် မြင်နိုင်သောသွေးများရှိနေခြင်းသည် ဆီးကျိတ်၊ ဆီးအိမ် သို့မဟုတ် ကျောက်ကပ်ကင်ဆာကို ညွှန်ပြနိုင်သည်။ ဤကင်ဆာရောဂါများသည် လက္ခဏာများချက်ချင်းမပြနိုင်ခြင်းကြောင့် ကုသမှုထိရောက်ရန် အဟန့်အတားဖြစ်နိုင်သည်။
  • ဆေးဝါးများ။ ကင်ဆာဆေး cyclophosphamide (Cytoxan) နှင့် ပိုးသတ်ဆေး ပင်နီဆီလင်တို့ကြောင့်လည်း ဆီးတွင်းသွေးပါနိုင်သည်။ ဆီးထဲတွင် သွေးပါခြင်းသည် သွေးကျဲဆေးများနှင့်လည်း သက်ဆိုင်ပါသည်။ ၎င်းတို့တွင် အက်စပရင်ကဲ့သို့ အကိုက်အခဲပျောက်ဆေးများအပြင် သွေးဥမွှားများ မကပ်ရန် တားဆီးပေးသော ဆေးများလည်း ပါဝင်သည်။ Heparin ကဲ့သို့သော သွေးကျဲဆေးများကြောင့်လည်း ဆီးတွင်းသွေးပါနိုင်သည်။
  • ပြင်းထန်သောလေ့ကျင့်ခန်း။ ရုပ်ပိုင်းဆိုင်ရာ ထိတွေ့တွန်းတိုက်ကစားရသော အားကစားများဖြစ်သည့် ဘောလုံးကန်ခြင်းကဲ့သို့သောအားကစားများလုပ်ပြီးနောက် ဆီးထဲမှာ သွေးပါနိုင်သည်။ ထိခိုက်မိခြင်းကြောင့် ဆီးအိမ်ဒဏ်ရာရခြင်းကြောင့် ဖြစ်တတ်သည်။ မာရသွန်ပြေးခြင်းကဲ့သို့သော ခရီးဝေးအားကစားများသည်လည်း ဆီးထဲတွင် သွေးပါနိုင်သော်လည်း ဖြစ်ရခြင်းအကြောင်းရင်းကို သေချာမသိရှိရသေးပါ။
    ဆီးအိမ်ထိခိုက်မိခြင်း သို့မဟုတ် အခြားသော ထိခိုက်ဒဏ်ရာရခြင်းမဟုတ်သော အကြောင်းအချက်များကြောင့် ဖြစ်နိုင်သည်ဟု ထင်ရသည်။ ပြင်းပြင်းထန်ထန် လှုပ်ရှားပြီးနောက် သွေးပါသော ဆီးသည် တစ်ပတ်အတွင်း သဘာဝအတိုင်း ပျောက်သွားနိုင်သည်။

    • လေ့ကျင့်ခန်းလုပ်ပြီးနောက် ဆီးတွင်းသွေးပါခြင်းကို လှုပ်ရှားမှုကြောင့် ဖြစ်သည်ဟုသာ မယူဆသင့်ပဲ သွေးပါပါက ဆရာဝန်နဲ့ဆွေးနွေးပါ။

ဆီးတွင်းသွေးပါခြင်း၏ အကြောင်းရင်းများမှာ ပုံမှန်အားဖြင့် သေချာမရှိတတ်ပါ။

ဆီးတွင်းသွေးပါရန် ပိုမိုဖြစ်ပွားစေလွယ်သော အချက်များ

သွေးနီဥဆဲလ်များ ဆီးထဲပါခြင်းသည် လူတိုင်းနီးပါးတွင် ဖြစ်ပေါ်နိုင်သည်။ကလေးများနှင့် ဆယ်ကျော်သက်များလည်း အပါအဝင်ဖြစ်သည်။ ဆီးထဲတွင် သွေးပါရန်ပိုမိုဖြစ်ပွားစေလွယ်သောအချက်များမှာ

  • အသက်။ ဆီးကျိတ်ဂလင်း ကြီးလာခြင်းကြောင့် လူလတ်ပိုင်းနှင့် နောက်ပိုင်း အမျိုးသားအရွယ်များသည် ဆီးတွင်းသွေးပါခြင်းခြင်းဖြစ်နိုင်ချေ ပိုများနိုင်သည်။ အသက် ၅၀ နှစ်နောက်ပိုင်းတွင် ဆီးထဲတွင် သွေးပါနိုင်သည့် ကင်ဆာရောဂါပေါင်းများစွာ ဖြစ်နိုင်ခြေလည်း တိုးလာနိုင်သည်။
  • ဆီးလမ်းကြောင်းပိုးဝင်ခြင်း။ ကလေးများ၏ ဆီးထဲတွင် သွေးပါခြင်း၏ အဓိကအကြောင်းအရင်းတစ်ချက်ဖြစ်သည်။
  • မိသားစုရာဇဝင်။ မိသားစုဝင်တစ်ဦး သို့မဟုတ် တစ်ဦးထက်ပိုသော မိသားစုဝင်များသည် ကျောက်ကပ်ရောဂါကို ခံစားရပါက ဆီးထဲတွင် သွေးပါနိုင်ခြေ တိုးလာနိုင်သည်။
  • ဆေးဝါးအချို့။ အကိုက်အခဲပျောက်ဆေး၊ သွေးကျဲဆေးများနှင့် ပဋိဇီဝဆေးအချို့ကြောင့် ဆီးထဲတွင် သွေးပါနိုင်ခြေ တိုးလာနိုင်သည်။
  • ပြင်းထန်သောလေ့ကျင့်ခန်း။ ဆီးတွင်းသွေးပါခြင်းကို မာရသွန်ကစားသမား၏ ဆေးတွင်းသွေးပါခြင်းဟုလည်း ခေါ်ဝေါ်ခြင်းရှိသည်( marathon runner’s hematuria)။ဆီးတွင်းသွေးပါခြင်းသည် တွန်းတိုက်ကစားရသော အားကစားကြောင့်လည်း ပိုမိုဖြစ်ပွားနိုင်သည်။

ရောဂါရှာဖွေခြင်း။

အောက်ဖော်ပြပါ စမ်းသတ်မှုများနှင့် ဓါတ်ခွဲခန်းစစ်ဆေးမှုများသည် ဆီးတွင်သွေးထွက်ရခြင်းအကြောင်းရင်းကို ဆုံးဖြတ်ရန်အတွက် အရေးကြီးသည်-

  • ဆရာဝန်မှ စမ်းသတ်စစ်ဆေးခြင်း။ သင်၏ ရောဂါရာဇဝင်ကို ဆရာဝန်နှင့် ဆွေးနွေးတိုင်ပင်ခြင်းလည်း ပါဝင်သည်။
  • ဆီးစစ်ခြင်း။ ဤဆီးစစ်ခြင်းဖြင့် ဆီးတွင်းသွေးပါနေသော အကြောင်းရင်းကို သိရှိရန် အသုံးပြုနိုင်သည်။ထို့အပြင် ဤကဲ့သို့ဆီးစစ်ခြင်းကို ရက်သတ္တပတ် သို့မဟုတ်လပေါင်းများစွာကြာမြင့်ပြီးသည်အထိ ဆီးတွင်းသွေးပါနေခြင်းရှိမရှိ အသုံးပြုနိုင်သည်။ ထို့အပြင်၊ ဆီးစစ်ဆေးမှုများသည် ကျောက်ကပ်ကျောက်တည်ခြင်း သို့မဟုတ် ဆီးလမ်းကြောင်းပိုးဝင်ခြင်းကို ရှာဖွေရန် အသုံးပြုနိုင်သည်။
  • ပုံရိပ်ဖော်စစ်ဆေးမှုများ။ မကြာခဏ ဆီးထဲသွေးပါရခြင်းအကြောင်းအရင်းကို ရှာဖွေရန် ပုံရိပ်ဖော်စစ်ဆေးမှု လိုအပ်ပါသည်။ အာထရာဆောင်းစစ်ဆေးခြင်း သို့မဟုတ် ကွန်ပြူတာဓာတ်မှန်ရိုက်ခြင်း (CT) သို့မဟုတ် သံလိုက်သံလိုက်ဓာတ်မှန်ရိုက်ခြင်း (MRI) စကင်န်လိုအပ်နိုင်သည်။
  • Cystoscopy ဆီးလမ်းကြောင်းမှန်ပြောင်း။ ရောဂါလက္ခဏာများကိုရှာဖွေရန်အတွက် ဆရာဝန်သည် သင့်ဆီးအိမ်အတွင်းသို့ သေးငယ်သောကင်မရာတပ်ဆင်ထားသော သေးငယ်သောပြွန်တစ်ခုကို ထည့်ပြီးစစ်ဆေးခြင်းဖြစ်သည်။

ဆီးတွင်းသွေးပါခြင်းသည် တစ်ခါတစ်ရံတွင် အကြောင်းရင်းကိုမသိရှိရပဲ ဖြစ်ပေါ်တတ်သည်။ ထိုသို့ဖြစ်လျှင်၊ အထူးသဖြင့် သင့်တွင် ဆီးအိမ်ကင်ဆာဖြစ်နိုင်ချေရှိသည့် အကြောင်းရင်းများရှိလျှင် ပုံမှန်နောက်ဆက်တွဲစစ်ဆေးမှုများ လိုအပ်နိုင်သည်။ ထိုအကြောင်းရင်းများထဲတွင် ဆေးလိပ်သောက်ခြင်း၊ တင်ပါးဆုံတွင်း ဓာတ်ရောင်ခြည်ကုထုံးနှင့် အချို့သော ဓာတုပစ္စည်းများနှင့် ထိတွေ့ခြင်းတို့ ပါဝင်ပါသည်။

ကုသမှု

ကုသမှုသည် ဆီးထဲတွင် မည်သည့်အတွက်ကြောင့် သွေးပါရခြင်း အကြောင်းရင်းပေါ်မူတည်ပြီး ရွေးချယ်စရာများတွင် အောက်ပါတို့ပါဝင်သည်-

  • ဆီးလမ်းကြောင်းပိုးဝင်ခြင်းကို ကုသရန် ပိုးသတ်ဆေးများအသုံးပြုခြင်း။
  • ဆရာဝန်ညွှန်းဆေးဖြင့် ဆီးကျိတ်ကြီးခြင်းကို လျှော့ချရန် ကြိုးစားခြင်း။
  • အသံလှိုင်းကို အသုံးပြု၍ ကျောက်ကပ် သို့မဟုတ် ဆီးအိမ်ကျောက်များကို ကျေစေသော လုပ်ငန်းများ။

တစ်ခါတစ်ရံတွင် ဆီးတွင်းသွေးပါခြင်းသည် ကုသရန် မလိုအပ်ပါ။
အကယ်၍ သင်သည် ကုသမှုကိုခံယူပြီးပါက သင့်ဆီးထဲတွင် သွေးမရှိတော့ကြောင်း အတည်ပြုရန် သင့်ဆရာဝန်နှင့် ပြန်လည်ပြသရန် လိုအပ်ပါသည်။

Doctors who treat this condition