သားအိမ်အသားလုံး ရောဂါ အကြောင်း သိကောင်းစရာ

သားအိမ်အသားလုံး (Uterine fibroid သို့မဟုတ် leiomyoma, myoma ဟုလည်း ခေါ်ဆိုသည်) ဆိုသည်မှာ သားအိမ်၏ ကြွက်သားတစ်ရှူးအတွင်း ဖြစ်ပွားတတ်သော ကင်ဆာမဟုတ်သည့် သာမန်အသားလုံး (benign tumor) တစ်မျိုး ဖြစ်သည်။ ၎င်းသည် တစ်လုံးတည်း အဓိက ဖြစ်ပေါ်နိုင်သကဲ့သို့ သေးငယ်သော အသားလုံးအစုအဝေးများအဖြစ်လည်း ဖြစ်ပွားနိုင်သည်။ သားအိမ်အသားလုံး၏ အရွယ်အစားမှာ ဒင်္ဂါးပြားအသေးလေးမှစ၍ ဖရဲသီးထက်ကြီးသော အရွယ်အစားအထိ ကွဲပြားခြားနားနိုင်သည်။ ကလေးမွေးဖွားနိုင်သောအရွယ် အမျိုးသမီးများ၏ ၂၀% မှ ၅၀% ခန့်တွင် သားအိမ်အသားလုံး ရှိတတ်ကြသည်။

အမျိုးသမီးအများစုမှာ မည်သည့်ကျန်းမာရေးပြဿနာမျှ မခံစားရသော်လည်း အချို့သောသူများတွင် ပြင်းထန်ပြီး အရေးပေါ် ကုသမှုခံယူရန် လိုအပ်သည့်အထိ လက္ခဏာများ ခံစားရတတ်သည်။ ဥပမာအားဖြင့် အလွန်ကြီးမားသော အသားလုံးသည် သားအိမ်အား ကိုယ်ဝန် ၆ လ သို့မဟုတ် ၇ လ အရွယ်အထိ ကျယ်ပြန့်သွားစေနိုင်သည်။

သားအိမ်အသားလုံးသည် အမျိုးသမီးများတွင် အဖြစ်များသော အခြေအနေတစ်ခု ဖြစ်သော်လည်း လက္ခဏာများ မကြာခဏ ပြသလေ့မရှိသောကြောင့် မိမိတွင် အသားလုံးရှိနေသည်ကို မသိရှိကြပေ။ ဤအခြေအနေအား ဆရာဝန်များက သားဖွားမီးယပ် စမ်းသပ်စစ်ဆေးစဉ် သို့မဟုတ် ကိုယ်ဝန်ဆောင် အာထရာဆောင်းရိုက်စဉ် တိုက်တိုက်ဆိုင်ဆိုင် တွေ့ရှိတတ်ကြသည်။

အသားလုံးများ သားအိမ်အတွင်းနှင့် သားအိမ်ပေါ်တွင် ဖြစ်ပေါ်သည့် တည်နေရာနှင့် ကပ်တွယ်ပုံအပေါ် မူတည်၍ အမည်အမျိုးမျိုး ခေါ်ဆိုကြသည်။

  • သားအိမ်ကြွက်သားတွင်း ဖြစ်သော အသားလုံး (Intramural fibroid): သားအိမ်၏ ကြွက်သားလွှာအတွင်း၌ မြှုပ်ဝင်တည်ရှိနေသော အသားလုံးများ ဖြစ်သည်။
  • သားအိမ်အတွင်းခေါင်းထဲ ဖြစ်သော အသားလုံး (Submucosal fibroid): ကိုယ်ဝန်ဆောင်စဉ် သန္ဓေသား တည်ရှိရာ သားအိမ်အတွင်းခေါင်းထဲတွင် ကြီးထွားလာသော အသားလုံးများ ဖြစ်သည်။
  • သားအိမ်အပြင်လွှာ ဖြစ်သော အသားလုံး (Subserosal fibroid): သားအိမ်၏ အပြင်ဘက်နံရံနှင့် နီးကပ်စွာကပ်တွယ်၍ အပြင်ဘက်သို့ ထွက်ပေါ်နေသော အသားလုံးများ ဖြစ်သည်။
  • အညှာပါသော အသားလုံး (Pedunculated fibroid): ဤအသားလုံးများသည် သားအိမ်အပြင်ဘက်သို့ အညှာတံလေးဖြင့် ထွက်နေတတ်သည်။ ၎င်းတို့တွင် သားအိမ်နှင့် ဆက်သွယ်ထားသော အညှာတိုလေး ပါရှိပြီး ထိပ်ပိုင်းမှာ ပိုမိုကျယ်ပြန့်သောကြောင့် မှိုပုံသဏ္ဍာန် အသားလုံးဟုလည်း မကြာခဏ တင်စားခေါ်ဆိုကြသည်။

ရောဂါလက္ခဏာများ

သားအိမ်အသားလုံး ခံစားရသူအများစုတွင် မည်သည့်ရောဂါလက္ခဏာမျှ မပြတတ်သဖြင့် ကုသမှုခံယူရန် မလိုအပ်ဘဲ ပုံမှန်စောင့်ကြည့်ရုံသာ လိုအပ်သည်။ ဤသို့ လက္ခဏာမပြသော အသားလုံးများကို ‘Asymptomatic fibroid’ ဟု ခေါ်သည်။ ခံစားရသော လက္ခဏာများသည် အသားလုံး၏ တည်နေရာ၊ အရွယ်အစားနှင့် အရေအတွက်အပေါ် မူတည်၍ ကွဲပြားနိုင်သည်။

အဖြစ်အများဆုံး ခံစားရလေ့ရှိသည့် လက္ခဏာများမှာ အောက်ပါအတိုင်း ဖြစ်သည်။

  • ဆီးစပ်ကိုက်ခဲခြင်း သို့မဟုတ် တင်းကျပ်စွာ ဖိထားသကဲ့သို့ ခံစားရခြင်း
  • ရာသီသွေး အလွန်အမင်း ဆင်းခြင်းနှင့် ရာသီလာရက် ရှည်ကြာခြင်း
  • အူမကြီးအပေါ် ဖိမိသကဲ့သို့ ဖြစ်ခြင်းကြောင့် ဝမ်းချုပ်ခြင်း နှင့်/သို့မဟုတ် ဗိုက်ပွခြင်း
  • ဗိုက်စူထွက်လာခြင်း (ကိုယ်အလေးချိန်တက်ခြင်း သို့မဟုတ် ကိုယ်ဝန်ရှိခြင်းဟု မှားယွင်းထင်မှတ်တတ်သည်)
  • အမျိုးသားနှင့် အတူနေစဉ် (လိင်ဆက်ဆံစဉ်) နာကျင်ခြင်း
  • ဆီးအိမ်အပေါ် ဖိမိခြင်းကြောင့် – ဆီးခဏခဏ သွားချင်ခြင်း၊ ဆီးမထိန်းနိုင်ခြင်း သို့မဟုတ် ဆီးကုန်အောင် မသွားနိုင်ခြင်း

အသားလုံးသည် ၎င်းဆီသို့ သွေးထောက်ပံ့မှုထက် ကျော်လွန်ကြီးထွားလာပြီး စတင်ပုပ်ပျက်လာချိန်တွင် အလွန်ပြင်းထန်သော နာကျင်မှုကို ရှားရှားပါးပါး ဖြစ်ပေါ်စေနိုင်သည်။

အကယ်၍ သားအိမ်အသားလုံး၏ လက္ခဏာများ ခံစားနေရပါက ဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးသင့်သည်။ သို့သော် လျင်မြန်စွာ ပြင်းပြင်းထန်ထန် သွေးဆင်းခြင်း သို့မဟုတ် ဆီးစပ်ပြင်းထန်စွာ နာကျင်ကိုက်ခဲခြင်းများ ခံစားရပါက ချက်ချင်း ဆေးကုသမှု ခံယူရန် အကြံပြုအပ်ပါသည်။

ဖြစ်ပွားရသည့် အကြောင်းရင်းများ

ဆရာဝန်များ၏ အဆိုအရ သားအိမ်အသားလုံးသည် သားအိမ်၏ ချောမွေ့သော ကြွက်သားတစ်ရှူးရှိ စတမ်ဆဲလ် (stem cell) တစ်ခုမှ စတင်ဖြစ်ပေါ်တတ်သည်။ ဆဲလ်များ အကြိမ်ကြိမ် ကွဲပွားခြင်းကြောင့် နောက်ဆုံးတွင် ဘေးပတ်ဝန်းကျင်ရှိ တစ်ရှူးများနှင့် မတူညီဘဲ မာကျောပြီး ရော်ဘာကဲ့သို့သော အသားအစိုင်အခဲ တစ်ခု ဖြစ်လာသည်။

သားအိမ်အသားလုံး ဖြစ်ပွားရသည့် တိကျသော အကြောင်းရင်းကို မသိရသေးသော်လည်း ဖြစ်ပွားမှုကို အားပေးသော အချက်အချို့မှာ အောက်ပါအတိုင်း ဖြစ်သည်။

  • အသက်အရွယ်: ကလေးမွေးဖွားနိုင်သော သားဖွားအရွယ်များတွင် အဖြစ်များသည်။
  • မျိုးရိုးဗီဇ ပြောင်းလဲမှုများ: သားအိမ်အသားလုံးများရှိ မျိုးရိုးဗီဇပြောင်းလဲမှုများသည် သာမန်သားအိမ်ကြွက်သားများနှင့် ကွဲပြားခြားနားလေ့ရှိသည်။
  • ဟော်မုန်းများ: ရာသီစက်ဝန်းတိုင်းတွင် သားအိမ်အတွင်းမြှေးလွှာ ကောင်းစွာ ဖြစ်ပေါ်စေရန် လှုံ့ဆော်ပေးသော ‘အက်စထရိုဂျင် (Estrogen)’ နှင့် ‘ပရိုဂျက်စထရုန်း (Progesterone)’ ဟော်မုန်းနှစ်မျိုးသည် သားအိမ်အသားလုံး ကြီးထွားမှုကိုလည်း အားပေးသည်။ ထို့ကြောင့် သွေးဆုံးပြီးနောက် အဆိုပါဟော်မုန်းများ ထွက်ရှိမှု လျော့နည်းသွားသောအခါ အသားလုံးများသည် ပုံမှန်အားဖြင့် သေးငယ်သွားတတ်သည်။
  • ဆဲလ်ပြင်ပဖွဲ့စည်းပုံ (Extracellular Matrix – ECM): ဆဲလ်များအချင်းချင်း ပူးကပ်ရန် တာဝန်ရှိသော ဖွဲ့စည်းပုံ ဖြစ်သည်။ ၎င်းဖွဲ့စည်းပုံ တိုးပွားလာခြင်းသည် အသားလုံးဖြစ်စေသည်။ ထို့ပြင် ၎င်းသည် ကြီးထွားမှုကို လှုံ့ဆော်ပေးသော ဓာတ်များကို သိုလှောင်ထားပြီး ဆဲလ်များ၏ ဇီဝကမ္မဗေဒကို ပြောင်းလဲစေသည်။
  • အခြားသော ကြီးထွားမှုဆိုင်ရာ အချက်များ: တစ်ရှူးများ ပြုပြင်ထိန်းသိမ်းမှုကို အားပေးသည့် အင်ဆူလင်ကဲ့သို့သော ကြီးထွားမှုဆိုင်ရာ ဓာတ်များ (insulin-like growth factor) သည်လည်း အသားလုံးဖြစ်ပေါ်မှုနှင့် ဆက်စပ်နေနိုင်သည်။

အချို့သော သားအိမ်အသားလုံးများသည် လျင်မြန်စွာ ကြီးထွားနိုင်သော်လည်း အချို့မှာမူ သူ့အလိုလို သေးငယ်သွားနိုင်သည်။

ကိုယ်ဝန်ဆောင်စဉ် ရှိနေခဲ့သော အသားလုံးအများစုသည် ကလေးမွေးဖွားပြီးနောက် သားအိမ်ပုံမှန်အရွယ်အစားသို့ ပြန်လည်ရောက်ရှိသွားချိန်တွင် သေးငယ်သွားခြင်း သို့မဟုတ် ပျောက်ကွယ်သွားခြင်းမျိုး ရှိတတ်သည်။

ဖြစ်နိင်ချေရှိသော အကြောင်းအရင်းများ

သားအိမ်အသားလုံး ဖြစ်ပွားနိုင်ခြေကို တိုးမြင့်စေသော အချက်များမှာ အောက်ပါအတိုင်း ဖြစ်သည်။

  • အသက်အရွယ်: သားဖွားနိုင်သောအရွယ် အမျိုးသမီးများတွင် ပိုမိုဖြစ်ပွားနိုင်သည်။
  • မိသားစုရာဇဝင်: မိသားစုဝင် သို့မဟုတ် ညီအစ်မထဲတွင် သားအိမ်အသားလုံး ဖြစ်ဖူးသော ရာဇဝင်ရှိပါက မိမိတွင်လည်း ဖြစ်ပွားနိုင်ခြေ ပိုများသည်။
  • လူမျိုးစု: အသားညိုသော အမျိုးသမီးများတွင် အခြားလူမျိုးစုများထက် သားအိမ်အသားလုံး ဖြစ်ပွားနိုင်ခြေ ပိုမိုမြင့်မားကြောင်း တွေ့ရသည်။
  • အခြားအချက်များ: ရာသီစောစီးစွာလာခြင်း၊ အဝလွန်ခြင်း၊ ဗီတာမင် ဒီ (Vitamin D) ချို့တဲ့ခြင်း၊ အမဲသား၊ ဆိတ်သားကဲ့သို့သော အသားနီများ အလွန်အမင်းစားပြီး ဟင်းသီးဟင်းရွက် စားသုံးမှုနည်းခြင်းနှင့် အရက်သောက်ခြင်းတို့သည် သားအိမ်အသားလုံး ဖြစ်ပွားနိုင်ခြေကို တိုးမြင့်စေသည်။

ရောဂါရှာဖွေခြင်း

သားအိမ်အသားလုံးများကို ပုံမှန်အားဖြင့် သားဖွားမီးယပ် ပုံမှန်စမ်းသပ်စစ်ဆေးစဉ်အတွင်း တိုက်တိုက်ဆိုင်ဆိုင် တွေ့ရှိတတ်ကြသည်။ သားအိမ်တွင် ပုံမှန်မဟုတ်သော အခြေအနေများ ရှိနေခြင်းက အသားလုံးရှိနေနိုင်သည်ကို ညွှန်ပြနေတတ်သည်။

ဆရာဝန်သည် ဆီးစပ်စမ်းသပ်စစ်ဆေးစဉ်အတွင်း သားအိမ်၏ အရွယ်အစားကို တိုင်းတာမည်ဖြစ်ပြီး ခံစားရသော လက္ခဏာများကို မေးမြန်းဆွေးနွေးမည်ဖြစ်သည်။ ထို့နောက် သားအိမ်အသားလုံး ရှိ၊ မရှိ၊ ၎င်း၏ တည်နေရာနှင့် အရွယ်အစားတို့ကို အတည်ပြုရန် အချို့သော စစ်ဆေးမှုများ ပြုလုပ်ရန် ညွှန်ကြားနိုင်သည်။ ရောဂါရှာဖွေမှုကို အတည်ပြုရန် အောက်ပါစမ်းသပ်စစ်ဆေးမှုများက ကူညီပေးနိုင်ပါသည်။

ပုံရိပ်ဖော် စမ်းသပ်စစ်ဆေးမှုများ (Imaging tests)

  • အာထရာဆောင်း (Ultrasound): အသံလှိုင်းများကို အသုံးပြု၍ သားအိမ်၏ ပုံရိပ်ကို ဖော်ထုတ်ပေးသည်။ ဤနည်းလမ်းသည် အသားလုံး၏ တည်နေရာနှင့် အရွယ်အစားကို အတည်ပြုရန်နှင့် ရောဂါရှာဖွေရန် ကူညီပေးသည်။ သားအိမ်ပုံရိပ်များ ရရှိရန်အတွက် အာထရာဆောင်းစက် (transducer) ကို ဝမ်းဗိုက်ပေါ်တင်၍သော်လည်းကောင်း (transabdominal)၊ သို့မဟုတ် မိန်းမကိုယ်အတွင်းသို့ ထည့်သွင်း၍သော်လည်းကောင်း (transvaginal) ရိုက်ကူးနိုင်သည်။
  • သံလိုက်ဓာတ်မှန် (Magnetic resonance imaging – MRI): သားအိမ်၏ ပိုမိုတိကျသေချာပြီး အသေးစိတ်ကျသော ပုံရိပ်များကို ရရှိစေရန် MRI ကို အသုံးပြုသည်။ ၎င်းသည် အသားလုံး၏ အရွယ်အစားနှင့် တည်နေရာကို တိတိကျကျ သိရှိနိုင်ခြင်း၊ အမျိုးမျိုးသော အကျိတ်အမျိုးအစားများကို ခွဲခြားနိုင်ခြင်းနှင့် အကောင်းဆုံး ကုသမှုပုံစံကို ဆုံးဖြတ်နိုင်ခြင်းတို့အတွက် ကူညီပေးသည်။ သားအိမ်အလွန်ကြီးမားသော အမျိုးသမီးများ သို့မဟုတ် သွေးဆုံးခါနီး အမျိုးသမီးများတွင် MRI ကို အများဆုံး အသုံးပြုလေ့ရှိသည်။
  • ဆားရည်ထည့် အာထရာဆောင်းရိုက်ခြင်း (Hysterosonography / Saline infusion sonogram): ဤနည်းလမ်းကို ကိုယ်ဝန်ရယူရန် ကြိုးစားနေသူ သို့မဟုတ် ရာသီသွေး အလွန်အမင်း ဆင်းနေသူများတွင် အသုံးပြုသည်။ သေးငယ်သော ပိုက်ပျော့ (catheter) လေးကို မိန်းမကိုယ်မှတစ်ဆင့် ထည့်သွင်းပြီး သားအိမ်ခေါင်းထဲသို့ ဆားရည် (saline) သွင်းပေးသည်။ ထိုသို့ အရည်ဖြည့်သွင်းခြင်းဖြင့် သာမန်အာထရာဆောင်းရိုက်ခြင်းထက် သားအိမ်အတွင်းပိုင်းကို ပိုမိုရှင်းလင်းစွာ မြင်တွေ့နိုင်သည်။
  • သားအိမ်နှင့် သားပြွန်ဓာတ်မှန်ရိုက်ခြင်း (Hysterosalpingography): ဤနည်းလမ်းတွင် ဆိုးဆေး (contrast dye) ကို အသုံးပြု၍ သားအိမ်အတွင်းခေါင်းနှင့် သားပြွန်များကို အိတ်စရေး (X-ray) ပုံရိပ်များပေါ်တွင် ထင်ရှားစွာ မြင်တွေ့စေသည်။ အများအားဖြင့် ကလေးရနိုင်ခြေ ရှိ၊ မရှိ (မြုံခြင်း) စမ်းသပ်စစ်ဆေးနေသူများတွင် ပိုမိုအသုံးပြုသည်။
  • သားအိမ်အတွင်းကြည့်မှန်ပြောင်း (Hysteroscopy): ကင်မရာပါသော သေးသွယ်ပြီး ပျော့ပျောင်းသော ပိုက်ပြွန်လေးကို မိန်းမကိုယ်နှင့် သားအိမ်ခေါင်းမှတစ်ဆင့် သားအိမ်အတွင်းသို့ ထည့်သွင်းသည်။ သားအိမ်ခေါင်းကျယ်လာစေရန် ဆားရည်ကို ထည့်သွင်းပေးခြင်းဖြင့် သားအိမ်နံရံများနှင့် သားပြွန်ဝများကို ပိုမိုရှင်းလင်းစွာ မြင်တွေ့နိုင်သည်။
  • ဝမ်းဗိုက်အတွင်းကြည့်မှန်ပြောင်း (Laparoscopy): ဝမ်းဗိုက်အောက်ပိုင်းတွင် သေးငယ်သော အပေါက်လေးတစ်ခု ဖောက်ပြီး အတွင်းကလီစာများကို စစ်ဆေးရန် ကင်မရာပါသော ပျော့ပျောင်းသည့် ပိုက်ပြွန်လေးကို ထည့်သွင်းကြည့်ရှုခြင်း ဖြစ်သည်။
  • ဓာတ်ခွဲခန်း စမ်းသပ်စစ်ဆေးမှုများ (Laboratory tests): လူနာတွင် ပုံမှန်မဟုတ်ဘဲ ရာသီသွေးဆင်းခြင်းမျိုး ရှိပါက သွေးဆင်းရသည့် အကြောင်းရင်းကို ပိုမိုစုံစမ်းရန် ထပ်ဆောင်းစစ်ဆေးမှုများ ပြုလုပ်ရန် အကြံပြုလိမ့်မည်။ ၎င်းတို့တွင် သွေးအဆက်မပြတ်ထွက်ခြင်းကြောင့် သွေးအားနည်းရောဂါ ရှိ၊ မရှိ စစ်ဆေးရန် သွေးဆဲလ်အရေအတွက် အပြည့်အစုံ စစ်ဆေးခြင်း (Complete Blood Count – CBC) နှင့် လည်ပင်းကြီးဟော်မုန်း (Thyroid) ပြဿနာ သို့မဟုတ် သွေးမတိတ်သော ရောဂါများ ရှိ၊ မရှိ သိနိုင်ရန် အခြားသော သွေးစစ်ဆေးမှုများ ပါဝင်နိုင်သည်။

ကုသခြင်း

(Treatment)

သားအိမ်အသားလုံး ကုသမှုပုံစံများသည် အသားလုံး၏ အရွယ်အစား၊ အရေအတွက်၊ တည်နေရာနှင့် ပြသသော လက္ခဏာများအပေါ် မူတည်၍ ကွဲပြားနိုင်သည်။ အကယ်၍ လူနာတွင် အသားလုံးကြောင့် မည်သည့်လက္ခဏာမျှ မခံစားရပါက ကုသမှုခံယူရန် မလိုအပ်ပေ။

အသားလုံးအသေးလေးများကို ပုံမှန်အားဖြင့် ဒီအတိုင်း ထားထားနိုင်သည်။ အချို့သူများသည် အသားလုံးကြောင့် မည်သည့်လက္ခဏာ သို့မဟုတ် ကျန်းမာရေးပြဿနာမျှ ခံစားရလေ့မရှိသဖြင့် အချိန်ကြာလာသည်နှင့်အမျှ ဂရုတစိုက် စောင့်ကြည့်ရုံသာ လိုအပ်သည်။ အသားလုံး၏ အရွယ်အစား သို့မဟုတ် လက္ခဏာများအပေါ် မူတည်၍ ဆရာဝန်က အခါအားလျော်စွာ ဆီးစပ်စစ်ဆေးခြင်းနှင့် အာထရာဆောင်းရိုက်ခြင်းတို့ကို ညွှန်ကြားနိုင်သည်။ အကယ်၍ အသားလုံးကြောင့် သွေးထွက်လွန်ပြီး သွေးအားနည်းခြင်း၊ အသင့်အတင့်မှ ပြင်းထန်စွာ နာကျင်ကိုက်ခဲခြင်း၊ ကလေးမရနိုင်ခြင်း သို့မဟုတ် ဆီးလမ်းကြောင်းနှင့် အူလမ်းကြောင်းဆိုင်ရာ ပြဿနာများ ခံစားနေရပါက ပုံမှန်အားဖြင့် ကုသမှုခံယူရန် လိုအပ်ပါသည်။

သားအိမ်အသားလုံးများသည် ကင်ဆာမဟုတ်သလို ကိုယ်ဝန်ဆောင်ခြင်းကိုလည်း များသောအားဖြင့် မထိခိုက်စေပါ။ အသားလုံးများသည် တဖြည်းဖြည်း ကြီးထွားလာနိုင်သည် သို့မဟုတ် ယခင်အရွယ်အစားအတိုင်း တည်ရှိနေနိုင်ပြီး သားဖွားဟော်မုန်းများ လျော့နည်းသွားသော သွေးဆုံးချိန်တွင် ပုံမှန်အားဖြင့် ပြန်လည်ကျုံ့ဝင် သေးငယ်သွားတတ်သည်။

ခွဲစိတ်ကုသခြင်း (Surgery)

လူနာသည် ကိုယ်ဝန်ယူရန် အစီအစဉ်မရှိပါက ခွဲစိတ်မှု ပြုလုပ်ရန် ဆရာဝန်က အကြံပြုနိုင်သည်။ အသားလုံးဖယ်ရှားရန် ခွဲစိတ်မှုများတွင် အောက်ပါတို့ ပါဝင်နိုင်သည်။

  • သားအိမ်ချန်၍ အသားလုံးထုတ်ခြင်း (Myomectomy): သားအိမ်ကို မထိခိုက်စေဘဲ အသားလုံးကိုသာ ခွဲစိတ်ဖယ်ရှားသော နည်းလမ်းဖြစ်သည်။ Myomectomy တွင် အသားလုံး၏ တည်နေရာ၊ အရွယ်အစားနှင့် အရေအတွက်အပေါ် မူတည်၍ ကွဲပြားသော ခွဲစိတ်မှုပုံစံများ ရှိသည်။
  • မှန်ပြောင်းဖြင့် သားအိမ်အသားလုံးထုတ်ခြင်း (Laparoscopic myomectomy): ဝမ်းဗိုက်တွင် လက်မဝက်ခန့်ရှိသော သေးငယ်သည့် အပေါက် ၂ ပေါက်မှ ၃ ပေါက်ခန့်ဖောက်၍ မှန်ပြောင်းဖြင့် အသားလုံးကို ဖယ်ရှားခြင်း ဖြစ်သည်။ ဤနည်းလမ်းသည် အသားလုံးအသေးများအတွက်သာ ထိရောက်သည်။ သားအိမ်အား ထိခိုက်မှုမရှိစေဘဲ နဂိုအတိုင်း ချန်ထားခဲ့သည်။ ပိုမိုကြီးမားသော အသားလုံးများကို သေးငယ်သော အပေါက်များမှတစ်ဆင့် ထုတ်ယူနိုင်ရန်အတွက် ခွဲစိတ်အိတ်အတွင်း၌ အသားလုံးကို အပိုင်းပိုင်းဖြတ်တောက်ခြင်း (morcellation) သို့မဟုတ် အပေါက်တစ်ခုကို အနည်းငယ်ချဲ့၍ ထုတ်ယူခြင်းတို့ကို ပြုလုပ်နိုင်သည်။ စက်ရုပ်စနစ်သုံး ခွဲစိတ်မှု (Robotic myomectomy) သည် သားအိမ်ကို 3D ပုံရိပ်ဖြင့် ချဲ့ထွင်ပြသပေးသောကြောင့် ဆရာဝန်အတွက် ပိုမိုတိကျခြင်း၊ လိုက်လျောညီထွေရှိခြင်းနှင့် လျင်မြန်ဖြတ်လတ်ခြင်းတို့ကို ရရှိစေသည်။
  • မိန်းမကိုယ်မှတစ်ဆင့် သားအိမ်အတွင်းကြည့်မှန်ပြောင်းဖြင့် အသားလုံးထုတ်ခြင်း (Hysteroscopic myomectomy): သားအိမ်အတွင်းကြည့်မှန်ပြောင်း (hysteroscope) ကို မိန်းမကိုယ်နှင့် သားအိမ်ခေါင်းမှတစ်ဆင့် ထည့်သွင်းပြီး အသားလုံးကို ဖယ်ရှားခြင်း ဖြစ်သည်။ သားအိမ်ကို မထိခိုက်စေဘဲ နဂိုအတိုင်း ချန်ထားခဲ့သည်။ အသားလုံးများသည် သားအိမ်အတွင်းပိုင်းထဲ၌သာ တည်ရှိနေပါက ဤနည်းလမ်းသည် အသင့်တော်ဆုံး ကုသမှုတစ်ခု ဖြစ်သည်။ ကိရိယာများကို မိန်းမကိုယ်နှင့် သားအိမ်ခေါင်းမှတစ်ဆင့် သားအိမ်အတွင်းသို့ ထည့်သွင်း၍ အသားလုံးများကို ဖယ်ရှားသည်။
  • ဝမ်းဗိုက်အပေါက်သေးဖောက်၍ မှန်ပြောင်းဖြင့် အသားလုံးထုတ်ခြင်း (Laparoscopic Myomectomy with Mini-Laparotomy): သာမန်မှန်ပြောင်းဖြင့် ထုတ်ယူရန် ခက်ခဲသော အနည်းငယ်ပိုကြီးသည့် အသားလုံးများကို ဖယ်ရှားရန် အသုံးပြုပြီး ဝမ်းဗိုက်တွင် ၃ လက်မ သို့မဟုတ် ၎င်းထက်နည်းသော သေးငယ်သည့် ခွဲစိတ်ရာတစ်ခု ပြုလုပ်၍ ဖယ်ရှားခြင်း ဖြစ်သည်။
  • သားအိမ်ထုတ်ခြင်း (Hysterectomy): သားအိမ်တစ်ခုလုံးကို ခွဲစိတ်ဖယ်ရှားသော နည်းလမ်းဖြစ်ပြီး ဤခွဲစိတ်မှုအပြီးတွင် ကိုယ်ဝန်ဆောင်နိုင်စွမ်း မရှိတော့ပေ။ ဤနည်းလမ်းသည် သားအိမ်အသားလုံး နောက်ထပ်တစ်ဖန် ပြန်မဖြစ်ပွားအောင် အထိရောက်ဆုံး ကာကွယ်ပေးနိုင်သည်။ အကယ်၍ လူနာတွင် အလွန်ကြီးမားသော အသားလုံးများရှိနေခြင်း သို့မဟုတ် အသားလုံးကြောင့် သွေးအလွန်အမင်း ဆင်းနေပါက ဤနည်းလမ်းကို အကြံပြုနိုင်သည်။

သားအိမ်အတွင်းကြည့်မှန်ပြောင်းဖြင့် ခွဲစိတ်မှုများကို ဖြစ်နိုင်သမျှ ထိခိုက်ဒဏ်ရာ အနည်းဆုံးဖြစ်စေမည့် နည်းလမ်း (minimally invasive method) ဖြင့်သာ အမြဲလုပ်ဆောင်သင့်သည်။

စက်ရုပ်စနစ်သုံး ခွဲစိတ်ခြင်း၊ မှန်ပြောင်းဖြင့် ခွဲစိတ်ခြင်းနှင့် မိန်းမကိုယ်မှတစ်ဆင့် ခွဲစိတ်ခြင်းများ အားလုံးကို ထိခိုက်ဒဏ်ရာ အနည်းဆုံးဖြစ်စေသော နည်းလမ်းများအဖြစ် သတ်မှတ်သည်။

ဆေးဝါးဖြင့် ကုသခြင်း (Medications)

ရာသီလာစဉ် သွေးအလွန်အမင်းဆင်းခြင်းနှင့် ဆီးစပ်တင်းကျပ်စွာ နာကျင်ခြင်းစသည့် သားအိမ်အသားလုံး လက္ခဏာများကို သက်သာစေရန် ရာသီစက်ဝန်းနှင့် နာကျင်မှုကို ထိန်းချုပ်ပေးသည့် ဟော်မုန်းများကို ဆေးဝါးများဖြင့် ကုသသည်။ ၎င်းတို့သည် အသားလုံးများကို ကျုံ့သွားစေနိုင်သော်လည်း လုံးဝပျောက်ကွယ်သွားအောင် မလုပ်နိုင်ပေ။

  • GnRH agonists ဆေးဝါးများ: ဤဆေးဝါးများသည် အက်စထရိုဂျင်နှင့် ပရိုဂျက်စထရုန်း ဟော်မုန်းထုတ်လုပ်မှုကို ပိတ်ဆို့ခြင်းဖြင့် ခန္ဓာကိုယ်အား ယာယီသွေးဆုံးသည့် အခြေအနေသို့ ရောက်ရှိစေသည်။ ရလဒ်အနေဖြင့် ရာသီလာခြင်း ရပ်တန့်သွားကာ အသားလုံးများ ကျုံ့သွားပြီး သွေးအားနည်းရောဂါ ခံစားရခြင်းကို သက်သာစေသည်။ ဆရာဝန်သည် ခွဲစိတ်မှုမပြုလုပ်မီ အသားလုံးအရွယ်အစား သေးငယ်သွားစေရန် သို့မဟုတ် လူနာအား သွေးဆုံးသည့်အဆင့်သို့ ယာယီရောက်ရှိစေရန် ဤဆေးကို ညွှန်ကြားနိုင်သည်။

ဤဆေးသောက်သုံးစဉ် အမျိုးသမီးများတွင် ပြင်းထန်သော အပူတပြင်းဖြစ်ခြင်း (hot flashes) လက္ခဏာ ခံစားရတတ်သည်။ ဆေးရပ်လိုက်ပါက လက္ခဏာများ ပြန်လည်ဖြစ်ပေါ်နိုင်ပြီး ရေရှည်သောက်သုံးပါက အရိုးပွခြင်း ဖြစ်စေနိုင်သောကြောင့် ပုံမှန်အားဖြင့် ဤဆေးကို အများဆုံး ၃ လမှ ၆ လအထိသာ ပေးလေ့ရှိသည်။

  • Tranexamic acid (Lysteda, Cyklokapron): ရာသီလာစဉ် ကိုက်ခဲနာကျင်မှုကို လျှော့ချရန်အတွက် ဟော်မုန်းမပါဝင်သော ဤဆေးကို အသုံးပြုသည်။ ရာသီသွေး အလွန်အမင်းဆင်းသော ရက်များတွင်သာ သောက်သုံးရသည်။
  • ပရိုဂျက်စတင် ထုတ်လွှတ်သော သားအိမ်တွင်းထည့်ပစ္စည်း (Progestin-releasing IUD): ပရိုဂျက်စထရုန်းဟော်မုန်း ထုတ်လွှတ်ပေးသော သားအိမ်တွင်းထည့် သန္ဓေတားပစ္စည်း (IUD) သည် အသားလုံးကြောင့် သွေးအလွန်အမင်း ဆင်းခြင်းကို တားဆီးပေးနိုင်သည်။ ၎င်းသည် လက္ခဏာများကို သက်သာစေသော်လည်း အသားလုံးကို သေးငယ်သွားစေခြင်း သို့မဟုတ် ပျောက်ကွယ်သွားစေခြင်းမျိုး မလုပ်နိုင်ပေ။ ထို့ပြင် ၎င်းသည် ကိုယ်ဝန်မရအောင်လည်း တားဆီးပေးသည်။
  • အခြားဆေးဝါးများ: သောက်ဆေး သန္ဓေတားဆေးများသည် ရာသီသွေးဆင်းမှုကို ထိန်းညှိပေးနိုင်သော်လည်း အသားလုံး၏ အရွယ်အစားအပေါ် သက်ရောက်မှု အနည်းငယ်သာ ရှိသည်။

ဟော်မုန်းမပါဝင်သော ဆေးဝါးများ: စတီးရွိုက်မပါဝင်သော အရောင်ကျနာကျင်ပျောက်ဆေးများ (NSAIDs) သည် အသားလုံးကြောင့် ခံစားရသော မအီမသာဖြစ်ခြင်းနှင့် နာကျင်မှုကို သက်သာစေနိုင်သော်လည်း အသားလုံးကြောင့် သွေးဆင်းခြင်းကိုမူ မတားဆီးနိုင်ပေ။ ထို့ပြင် ရာသီသွေးဆင်းများပြီး သွေးအားနည်းနေပါက ဗီတာမင်နှင့် သံဓာတ်အားဆေးများ သောက်ရန် ဆရာဝန်က ညွှန်ကြားနိုင်သည်။

ဒဏ်ရာမရှိသော ကုသမှုများ (Noninvasive procedures)

  • MRI လမ်းညွှန်မှုသုံး အာထရာဆောင်းလှိုင်းဖြင့် ခွဲစိတ်ခြင်း (MRI-guided focused ultrasound surgery – FUS): ခွဲစိတ်ရာမရှိဘဲ သားအိမ်အား နဂိုအတိုင်း ချန်ထားကာ ပြင်ပလူနာအဖြစ် ကုသနိုင်သော နည်းလမ်းဖြစ်သည်။ MRI စက်ကို အသုံးပြု၍ သားအိမ်အသားလုံးရှိရာ နေရာကို အရင်ဆုံး ပုံရိပ်ဖော်ရှာဖွေသည်။ ထို့နောက် အာထရာဆောင်းစက်မှတစ်ဆင့် စွမ်းအင်မြင့် အသံလှိုင်းများကို အသားလုံးရှိရာ သတ်မှတ်ထားသော နေရာသို့ စုစည်းစေလွှတ်ကာ အသားလုံးတစ်ရှူးများကို အပူပေး၍ ဖျက်ဆီးပစ်သည်။

ထိခိုက်ဒဏ်ရာ အနည်းဆုံးဖြစ်စေသော ကုသမှုများ (Minimally invasive procedures)

ဤနည်းလမ်းများသည် ခွဲစိတ်ဖယ်ရှားခြင်း မပြုလုပ်ဘဲ အသားလုံးများကို သေကြေပျက်စီးသွားစေရန် ပြုလုပ်သော နည်းလမ်းများ ဖြစ်သည်။

  • သားအိမ်သွေးလွှတ်ကြော ပိတ်ဆို့ခြင်း (Uterine artery embolization): ဤနည်းလမ်းသည် အသားလုံးများနှင့် ၎င်း၏ လက္ခဏာများကို လျှော့ချပေးနိုင်သည်။ သားအိမ်ဆီသို့ သွားသော သွေးထောက်ပံ့မှုကို ပိတ်ဆို့ခြင်းဖြင့် အသားလုံးဆီသို့ သွေးစီးဆင်းမှုကို ရပ်တန့်စေကာ အသားလုံးကို ကျုံ့သွားစေပြီး နောက်ဆုံးတွင် ပျက်စီးသွားစေသည်။ သားဥအိမ် သို့မဟုတ် အခြားအင်္ဂါများဆီသို့ သွေးစီးဆင်းမှု ပြတ်တောက်သွားပါက ဘေးထွက်ဆိုးကျိုးများ ရှိလာနိုင်သည်။ လတ်တလော လေ့လာမှုများအရ ဤနည်းလမ်းတွင် သွေးသွင်းရန် လိုအပ်နိုင်ခြေ အလွန်နည်းပါးသည်။
  • သားအိမ်အတွင်းမြှေးလွှာအား ဖျက်ဆီးခြင်း (Endometrial ablation): ပြင်ပလူနာအဖြစ် လုပ်ဆောင်နိုင်ပြီး ပြန်လည်နာလန်ထူချိန် တိုတောင်းကာ ဘေးထွက်ဆိုးကျိုး နည်းပါးသည်။ လေဆာ၊ မိုက်ခရိုဝေ့ဖ်၊ အအေးပေးစနစ် သို့မဟုတ် ရေနွေးပူ စသည်တို့ကို အသုံးပြု၍ သားအိမ်အတွင်းမြှေးလွှာကို ဖျက်ဆီးကာ သွေးအလွန်အမင်းဆင်းခြင်းကို ထိန်းချုပ်သည်။ ဤနည်းလမ်းသည် သွေးဆင်းခြင်းလက္ခဏာကိုသာ ကုသပေးနိုင်ပြီး အသားလုံးကို ကုသပေးခြင်း မဟုတ်ပါ။ ထို့ပြင် ဤကုသမှုခံယူပြီးပါက နောင်တွင် ကလေးရနိုင်တော့မည် မဟုတ်ပေ။
  • ရေဒီယိုလှိုင်းဖြင့် ဖျက်ဆီးခြင်း (Radiofrequency ablation): လက္ခဏာပြသော သားအိမ်အသားလုံးရှိသူများအတွက် ဘေးကင်းပြီး ထိရောက်သော ကုသမှုတစ်ခု ဖြစ်ပြီး မှန်ပြောင်းဖြင့်သော်လည်းကောင်း၊ မိန်းမကိုယ်မှတစ်ဆင့် သော်လည်းကောင်း၊ သားအိမ်ခေါင်းမှတစ်ဆင့် သော်လည်းကောင်း ပြုလုပ်နိုင်သည်။ ရေဒီယိုလှိုင်းစွမ်းအင်ကို အသုံးပြု၍ သွေးကြောများကို ကျုံ့စေကာ သားအိမ်အသားလုံးများကို ဖျက်ဆီးပစ်သည်။

မှန်ပြောင်းဖြင့် ရေဒီယိုလှိုင်းသုံး အသားလုံးဖျက်ဆီးခြင်း (Laparoscopic radiofrequency ablation – Lap-RFA သို့မဟုတ် Acessa): ဤကုသမှုတွင် ဆရာဝန်သည် ဝမ်းဗိုက်တွင် သေးငယ်သော အပေါက် ၂ ပေါက်ဖောက်၍ ထိပ်တွင် ကင်မရာပါသော မှန်ပြောင်းကို ထည့်သွင်းသည်။ ထို့နောက် ဆရာဝန်သည် မှန်ပြောင်းကင်မရာနှင့် မှန်ပြောင်းသုံး အာထရာဆောင်း ကိရိယာတို့ကို အသုံးပြု၍ ကုသရန် လိုအပ်သော အသားလုံးများ ရှိသည့်နေရာကို ရှာဖွေဖျက်ဆီးသည်။

Doctors who treat this condition