ငြိမ်သက်သွားသော အတက်ရောဂါ
အကျဉ်းချုပ်အကြောင်းအရာ
ငြိမ်သက်သွားသော အတက်ရောဂါ သို့မဟုတ် သတိလွတ်သွားသော အတက်ရောဂါဆိုသည်မှာ အသိစိတ် ခဏတာ လွတ်သွားစေသည့် တိုတောင်းသော အတက် အမျိုးအစားဖြစ်ပါသည်၊၊ ၎င်းတို့သည် များသောအားဖြင့် ကြိုတင်လက္ခဏာမပြဘဲ ရုတ်တရက် ဖြစ်ပွားလေ့ရှိပြီး စက္ကန့်အနည်းငယ်သာ ကြာမြင့်တတ်ပါသည်၊၊ ဤအတက်ရောဂါသည် ကလေးများတွင် အဖြစ်များပြီး တစ်ခါတစ်ရံ စိတ်ကူးယဉ်နေခြင်း သို့မဟုတ် အာရုံမစိုက်ခြင်းဟု မှားယွင်းထင်မြင်ရတတ်ပါသည်၊၊ အတက်ပြီးဆုံးသွားပါက လူနာသည် လျင်မြန်စွာ ပြန်လည်ကောင်းမွန်လာပါသည်၊၊
ကံကောင်းထောက်မစွာဖြင့် ဤအတက်ရောဂါသည် ပုံမှန်အားဖြင့် ရုပ်ပိုင်းဆိုင်ရာ ထိခိုက်ဒဏ်ရာ မရရှိစေပါ၊၊ သို့သော်လည်း ကားမောင်းခြင်း သို့မဟုတ် စက်ဘီးစီးခြင်းကဲ့သို့သော လှုပ်ရှားမှုများ ပြုလုပ်နေစဉ် အသိစိတ်လွတ်သွားပါက ထိခိုက်ဒဏ်ရာရရှိနိုင်သည့် အန္တရာယ်ရှိပါသည်၊၊
ဤအတက်ရောဂါအတွက် ကုသမှုတွင် အတက်ကျဆေးများကို အသုံးပြုလေ့ရှိပါသည်၊၊ ဤအတက်ရောဂါ ခံစားရသော ကလေးအချို့တွင် တစ်ကိုယ်လုံး တောင့်တင်းတုန်ခါခြင်း သို့မဟုတ် ကြွက်သားများ ရုတ်တရက် တုန်ခါခြင်းကဲ့သို့သော အခြားအတက် အမျိုးအစားများလည်း ဖြစ်ပေါ်လာနိုင်ပါသည်၊၊ ကလေးအများစုသည် ဆယ်ကျော်သက်အရွယ်သို့ ရောက်သောအခါ ဤရောဂါမှ သဘာဝအတိုင်း ပျောက်ကင်းသွားတတ်ကြပါသည်၊၊
ရောဂါလက္ခဏာများ
ရိုးရှင်းသော ငြိမ်သက်သွားသော အတက်ရောဂါတွင် အကြည့်မှာ ဗလာဖြစ်သွားလေ့ရှိပြီး တစ်ခါတစ်ရံ ခဏတာ အာရုံလွတ်သွားခြင်းဟု မှားယွင်းယူဆနိုင်ပါသည်၊၊ အတက်မှာ ပုံမှန်အားဖြင့် ၁၀ စက္ကန့်ခန့် ကြာမြင့်သော်လည်း ၃၀ စက္ကန့်အထိ ရှည်ကြာနိုင်ပါသည်၊၊ အတက်ပြီးဆုံးပြီးနောက်တွင် စိတ်ရှုပ်ထွေးခြင်း၊ ခေါင်းကိုက်ခြင်း သို့မဟုတ် အိပ်ငိုက်ခြင်းမျိုး မရှိပါ၊၊
ဤအတက်ရောဂါ၏ လက္ခဏာများမှာ အောက်ပါအတိုင်း ဖြစ်ပေါ်နိုင်ပါသည်-
- လုပ်ဆောင်နေသည်များကို ရုတ်တရက် ရပ်တန့်သွားခြင်း (ရုတ်တရက် ငြိမ်ကျသွားပြီး စကားပြောရပ်သွားခြင်း)
- နှုတ်ခမ်းကို ထပ်ခါတလဲလဲ စုပ်ခြင်း
- မျက်တောင်များ တဖျတ်ဖျတ် ခတ်ခြင်း
- ဝါးနေသည့် လှုပ်ရှားမှုများ ပြုလုပ်ခြင်း
- လက်ချောင်းများကို ပွတ်တိုက်နေခြင်း
- လက်နှစ်ဖက်စလုံးဖြင့် သေးငယ်သော လှုပ်ရှားမှုများ ပြုလုပ်ခြင်း
- ခဏတာ ငေးငိုင်နေခြင်း သို့မဟုတ် ဗလာဖြစ်နေသော အမူအရာ ပြခြင်း
- အသိစိတ် ယာယီလွတ်သွားခြင်း
- အတက်ပြီးဆုံးသည်နှင့် လုပ်ဆောင်လက်စများကို လျင်မြန်စွာ ပြန်လည်စတင်ခြင်း
အတက်ပြီးဆုံးသွားပါက လူနာများသည် ဘာမှမဖြစ်ခဲ့သကဲ့သို့ လုပ်ဆောင်လက်စများကို ပြန်လည်လုပ်ဆောင်ကြပါသည်၊၊ ၎င်းတို့သည် နိုးကြားနေပြီး ကြည်လင်စွာ စဉ်းစားနိုင်စွမ်းရှိပါသည်၊၊ အခြေအနေအများစုတွင် ဤအတက်အမျိုးအစားအတွက် ရှေးဦးသူနာပြုစုရန် မလိုအပ်ပါ၊၊
သို့သော်လည်း ဤအတက်မှာ တစ်နေ့လျှင် အကြိမ်ပေါင်းများစွာ သို့မဟုတ် မကြာခဏ ဖြစ်ပွားပါက လူနာသည် စိတ်ရှုပ်ထွေးခြင်းနှင့် မကြာသေးမီက ဖြစ်ပျက်ခဲ့သည်များကို မမှတ်မိခြင်းများ ဖြစ်နိုင်ပါသည်၊၊ ကျောင်းတက်နေသော ကလေးများအတွက်မူ စာသင်ခန်းအတွင်း လှုပ်ရှားမှုများကို မသိရှိခြင်း၊ ဆရာ၏ ညွှန်ကြားချက်များကို လွတ်သွားခြင်း သို့မဟုတ် အိမ်စာများ မပြီးစီးခြင်းတို့ ဖြစ်စေနိုင်ပါသည်၊၊ သင့်ကလေးတွင် အတက်ရောဂါရှိသည်ဟု သံသယရှိပါက ကလေးအထူးကု ဆရာဝန်နှင့် ဆက်သွယ်ရန် အရေးကြီးပါသည်၊၊ အထူးသဖြင့် အတက်ရောဂါရှိပြီးသား ကလေးတွင် လက္ခဏာအသစ်များ တွေ့ရခြင်း သို့မဟုတ် အတက်ပုံစံ ပြောင်းလဲသွားခြင်းမျိုးရှိလျှင် ပိုမိုလိုအပ်ပါသည်၊၊ ထို့ပြင် အတက်ကျဆေး သောက်နေသော်လည်း အတက်မှာ ဆက်ရှိနေပါက ဆက်လက်စစ်ဆေးရန်နှင့် လမ်းညွှန်မှုခံယူရန် ဆရာဝန်နှင့် ဆက်သွယ်ရန် အလွန်အရေးကြီးပါသည်၊၊
အလိုအလျောက် အမူအရာများ ပြုလုပ်နေခြင်း သို့မဟုတ် စိတ်ရှုပ်ထွေးခြင်းမှာ မိနစ်ပိုင်းမှ နာရီပိုင်းအထိ ကြာမြင့်နေလျှင် သို့မဟုတ် အတက်မှာ ၅ မိနစ်ထက် ကျော်လွန်နေလျှင် အရေးပေါ် လူနာတင်ယာဉ်ကို ချက်ချင်းခေါ်ဆိုပါ၊၊
ဖြစ်ပွားရသောအကြောင်းရင်းများ
ငြိမ်သက်သွားသော အတက်ရောဂါမှာ များသောအားဖြင့် မျိုးရိုးလိုက်ခြင်းကြောင့် ဖြစ်တတ်ပါသည်၊၊ ယေဘုယျအားဖြင့် ဦးနှောက်အတွင်းရှိ အာရုံကြောဆဲလ်များက လျှပ်စစ်လှိုင်းများကို ပြင်းထန်စွာ ထုတ်လွှတ်လိုက်သောအခါ အတက်ဖြစ်ပွားခြင်း ဖြစ်ပါသည်၊၊ အာရုံကြောဆဲလ်များသည် လျှပ်စစ်နှင့် ဓာတုအချက်ပြချက်များဖြင့် တစ်ခုနှင့်တစ်ခု ဆက်သွယ်ကြပါသည်၊၊ အတက်ရောဂါရှိသူများတွင် ဦးနှောက်အတွင်း ပုံမှန်မဟုတ်သော လျှပ်စစ်လှိုင်း လှုပ်ရှားမှုများ ရှိနေပါသည်၊၊ ဤအတက်ရောဂါ ဖြစ်ပွားစဉ်အတွင်း ထိုပုံမှန်မဟုတ်သော အချက်ပြချက်များသည် ၃ စက္ကန့်လျှင် တစ်ကြိမ် ပုံစံဖြင့် ထပ်ခါတလဲလဲ ဖြစ်ပေါ်နေပါသည်၊၊ ထို့ပြင် အတက်ရောဂါရှိသူများတွင် အာရုံကြောဆဲလ်အချင်းချင်း ဆက်သွယ်မှုကို ကူညီပေးသော ဓာတုပစ္စည်းများ မညီမျှခြင်းမျိုးလည်း ရှိနိုင်ပါသည်၊၊
ဖြစ်နိုင်ခြေရှိသောအချက်များ
ဤအတက်ရောဂါနှင့် ဆက်စပ်နေသော ဖြစ်နိုင်ခြေရှိသည့် အချက်များမှာ-
- မိသားစုရာဇဝင်။ ဤအတက်ရောဂါရှိသော ကလေးများ၏ ၂၅ ရာခိုင်နှုန်းခန့်တွင် အတက်ရောဂါရှိသော မိသားစုဝင် ရှိတတ်ကြသဖြင့် မျိုးရိုးဗီဇနှင့် သက်ဆိုင်နေသည်ကို တွေ့ရပါသည်၊၊
- အသက်အရွယ်။ ဤအတက်ရောဂါကို အသက် ၄ နှစ်မှ ၁၄ နှစ်အတွင်းရှိ ကလေးများတွင် ပိုမိုတွေ့ရလေ့ရှိပါသည်၊၊ သို့သော်လည်း ပိုမိုကြီးရင့်သော ဆယ်ကျော်သက်များနှင့် လူကြီးများတွင်လည်း ဖြစ်ပွားနိုင်ပါသည်၊၊
- ကျား/မ။ အမျိုးသားများနှင့် နှိုင်းယှဉ်လျှင် အမျိုးသမီးများတွင် ဤအတက်ရောဂါ ဖြစ်ပွားမှု ပိုမိုများပြားသည်ကို တွေ့ရပါသည်၊၊
ရောဂါရှာဖွေခြင်း
သင့်ကလေး၏ အတက်ရောဂါကို စမ်းသပ်စစ်ဆေးရာတွင် ကျန်းမာရေးစောင့်ရှောက်မှုပေးသူသည် အတက်ဖြစ်စဉ်များနှင့်ပတ်သက်၍ အသေးစိတ်ဖော်ပြချက်များကို မေးမြန်းပါလိမ့်မည်၊၊ ၎င်းပြင် ကိုယ်ခန္ဓာပိုင်းဆိုင်ရာ စမ်းသပ်မှုများကိုလည်း ပြုလုပ်နိုင်ပါသည်၊၊ ထို့နောက် အချက်အလက်များ ပိုမိုရရှိနိုင်ရန် အောက်ပါစစ်ဆေးမှုများကို လုပ်ဆောင်နိုင်ပါသည်-
- ဦးနှောက်လျှပ်စစ်လှိုင်း တိုင်းတာခြင်း။ ဤနည်းလမ်းသည် နာကျင်မှုမရှိသော လုပ်ဆောင်ချက်ဖြစ်ပြီး သံလိုက်ပြားငယ်လေးများကို ကလေး၏ ဦးခေါင်းခွံပေါ်တွင် ကပ်၍ ဦးနှောက်၏ လျှပ်စစ်လှိုင်း လှုပ်ရှားမှုများကို တိုင်းတာခြင်းဖြစ်ပါသည်၊၊ ဤစစ်ဆေးမှုပြုလုပ်နေစဉ်အတွင်း ကလေးကို အသက်ပြင်းပြင်းနှင့် မြန်မြန်ရှူခိုင်းနိုင်ပြီး ၎င်းသည် ငြိမ်သက်သွားသော အတက်ရောဂါကို ဖြစ်ပေါ်စေနိုင်ပါသည်၊၊ စက်က ဦးနှောက်လှိုင်းများကို မှတ်တမ်းတင်မည်ဖြစ်ပြီး လှိုင်းပုံစံ ပုံမှန်မဟုတ်ခြင်းက အတက်ရောဂါရှိကြောင်း ညွှန်ပြနိုင်ပါသည်၊၊
- ဦးနှောက်ပုံရိပ်ဖော် စစ်ဆေးခြင်း။ သံလိုက်ဓာတ်မှန် (MRI) ကဲ့သို့သော နည်းလမ်းများကို အသုံးပြု၍ လေဖြတ်ခြင်း သို့မဟုတ် ဦးနှောက်အကျိတ် ဖြစ်ခြင်းကဲ့သို့သော အတက်ရောဂါကို ဖြစ်စေနိုင်သည့် အခြားအကြောင်းရင်းများကို ဖယ်ထုတ်နိုင်ပါသည်၊၊ ဤစစ်ဆေးမှုသည် ဦးနှောက်၏ အသေးစိတ်ပုံရိပ်များကို ပေးနိုင်သော်လည်း ကလေးအနေဖြင့် အချိန်အတော်ကြာအောင် ငြိမ်သက်စွာနေရန် လိုအပ်ပါသည်၊၊ လိုအပ်ပါက ကလေးငြိမ်သက်နေစေရန် အိပ်ဆေး သို့မဟုတ် စိတ်ငြိမ်ဆေး အသုံးပြုရန် ဆရာဝန်နှင့် တိုင်ပင်နိုင်ပါသည်၊၊
ကုသခြင်း
သင့်ကလေးအတွက် ကျန်းမာရေးစောင့်ရှောက်မှုပေးသူသည် အစပိုင်းတွင် အတက်ကျဆေးကို အနည်းဆုံး ပမာဏဖြင့်သာ စတင်ညွှန်ကြားနိုင်ပါသည်၊၊ အတက်ကို ထိန်းချုပ်နိုင်မှုအပေါ် မူတည်၍ လိုအပ်ပါက ဆေးပမာဏကို တဖြည်းဖြည်း တိုးမြှင့်နိုင်ပါသည်၊၊ အကယ်၍ ကလေးသည် ဆရာဝန်၏ ကြီးကြပ်မှုအောက်တွင် နှစ်နှစ်ခန့်အထိ အတက် လုံးဝမရှိတော့ပါက အတက်ကျဆေးကို တဖြည်းဖြည်း လျှော့ချပြီး ရပ်နားနိုင်သည့် အခွင့်အလမ်း ရှိပါသည်၊၊
ငြိမ်သက်သွားသော အတက်ရောဂါအတွက် ပုံမှန်ညွှန်ကြားလေ့ရှိသော ဆေးဝါးများမှာ အောက်ပါအတိုင်း ဖြစ်ပါသည်-
- အီသိုဆပ်ဆီမိုက် (Ethosuximide)။ ဤဆေးသည် များသောအားဖြင့် ငြိမ်သက်သွားသော အတက်ရောဂါအတွက် ပထမဆုံး ရွေးချယ်လေ့ရှိသော ဆေးဖြစ်ပြီး ကောင်းမွန်သော ရလဒ်များ ရရှိလေ့ရှိပါသည်၊၊ ဖြစ်နိုင်ခြေရှိသော ဘေးထွက်ဆိုးကျိုးများမှာ ပျို့ခြင်း၊ အန်ခြင်း၊ အိပ်ငိုက်ခြင်း၊ အိပ်စက်မှု အနှောင့်အယှက်ဖြစ်ခြင်းနှင့် ဂနာမငြိမ်ဖြစ်ခြင်းတို့ ပါဝင်နိုင်ပါသည်၊၊
- ဗယ်ပရိုးအစ် အက်စစ် (Valproic acid)။ ဤဆေးသည် ငြိမ်သက်သွားသော အတက်ရောဂါနှင့် တစ်ကိုယ်လုံး တောင့်တင်းတုန်ခါသော အတက်ရောဂါ နှစ်မျိုးစလုံး ခံစားရသော ကလေးများအတွက် ထိရောက်မှု ရှိပါသည်၊၊ ဘေးထွက်ဆိုးကျိုးများအနေဖြင့် ပျို့ခြင်း၊ အာရုံစူးစိုက်မှု အားနည်းခြင်း၊ အစားအသောက် ပိုစားလာခြင်းနှင့် ကိုယ်အလေးချိန် တက်လာခြင်းတို့ ဖြစ်နိုင်ပါသည်၊၊ ရှားပါးသောအခြေအနေများတွင် သရက်ရွက်ရောင်ခြင်းနှင့် အသည်းပျက်စီးခြင်းတို့ကို ဖြစ်စေနိုင်ပါသည်၊၊ ဤဆေးကို လူကြီးဘဝအထိ ရေရှည်သောက်ရန် လိုအပ်သော အမျိုးသမီးများအနေဖြင့် ဗယ်ပရိုးအစ် အက်စစ်သည် ကလေးသူငယ်များတွင် မွေးရာပါ ချို့ယွင်းချက်ဖြစ်နိုင်ခြေနှင့် ဆက်စပ်နေသဖြင့် ဆရာဝန်နှင့် သေချာစွာ တိုင်ပင်ဆွေးနွေးသင့်ပါသည်၊၊ ပုံမှန်အားဖြင့် ကိုယ်ဝန်ဆောင်စဉ် သို့မဟုတ် ကိုယ်ဝန်ယူရန် ကြိုးစားနေစဉ်အတွင်း ဤဆေးကို မသုံးစွဲရန် အကြံပြုလေ့ရှိပါသည်၊၊
- လာမိုထရီဂျင်း (Lamotrigine)။ အချို့သော သုတေသနများအရ ဤဆေးသည် အထက်ပါ ဆေးနှစ်မျိုးနှင့် နှိုင်းယှဉ်လျှင် အာနိသင် အနည်းငယ် လျော့နည်းနိုင်ကြောင်း တွေ့ရှိရပါသည်၊၊ သို့သော် ၎င်း၏ အားသာချက်မှာ ဘေးထွက်ဆိုးကျိုး နည်းပါးခြင်းပင် ဖြစ်ပါသည်၊၊ အဖြစ်များသော ဘေးထွက်ဆိုးကျိုးများမှာ အဖုအပိမ့်များ ထွက်ခြင်းနှင့် ပျို့ခြင်းတို့ ဖြစ်ပါသည်၊၊
အချို့သော အခြေအနေများတွင် ကီတိုဂျန်းနစ် အစားအသောက်ပုံစံ (Ketogenic diet) ကို စဉ်းစားနိုင်သော်လည်း ၎င်း၏ ထိရောက်မှုကို ထောက်ခံရန် ခိုင်မာသော သက်သေအထောက်အထား မလုံလောက်သေးပါ၊၊ အကယ်၍ သင့်ကလေး၏ အတက်ရောဂါမှာ ဆေးဝါးများဖြင့် မသက်သာပါက ဤနည်းလမ်းကို စမ်းသပ်ကြည့်ရန် ရွေးချယ်စရာတစ်ခု ဖြစ်နိုင်ပါသည်၊၊
