ဒူး ရှေ့ဘက် ကြက်ခြေခတ်အရွတ် ဒဏ်ရာ

ခြုံငုံသုံးသပ်ချက် (Overview)
ဒူး ရှေ့ဘက် ကြက်ခြေခတ်အရွတ် (Anterior Cruciate Ligament – ACL) သည် ပေါင်ရိုးနှင့် ခြေသလုံးရိုးကို ဆက်သွယ်ထားသည့် အားကောင်းသော ဆက်သွယ်မှု တစ်သျှူးဖြစ်ပြီး ဒူးဆစ်ကို တည်ငြိမ်စေသည်။ ဒူးဆစ်ကို အလွန်အကျွံ အသုံးပြုရသည့် အားကစား လှုပ်ရှားမှုများ (အဖြစ်အများဆုံး အကြောင်းရင်း) ပြုလုပ်စဉ် ဤအရွတ် စုတ်ပြဲသွားခြင်း သို့မဟုတ် ခေါက်မိခြင်းတို့ ဖြစ်ပေါ်ပါက ဒူး ရှေ့ဘက် ကြက်ခြေခတ်အရွတ် ဒဏ်ရာ ACL ဒဏ်ရာ (ACL Injury) ဖြစ်ပေါ်သည်။
လက္ခဏာနှင့် ရောဂါလက္ခဏာများ (Signs & Symptoms)
ACL ဒဏ်ရာ၏ လက္ခဏာနှင့် ရောဂါလက္ခဏာများမှာ အောက်ပါအတိုင်း ဖြစ်သည်-
- ကျယ်လောင်သော “ဖောက်ကနဲ” အသံ သို့မဟုတ် ခံစားမှု
- ချက်ချင်း ရောင်ရမ်းလာခြင်း
- ဒူးဆစ် မတည်မငြိမ်ဖြစ်နေသည်ဟု ခံစားရခြင်း သို့မဟုတ် ဒူးပေါ်တွင် ဝန်မထမ်းနိုင်ခြင်း
- ပြင်းထန်စွာ နာကျင်ခြင်း
- ဒူးဆစ် လှုပ်ရှားမှု ဆုံးရှုံးခြင်း
- လှုပ်ရှားမှုများကို မလုပ်ဆောင်နိုင်တော့ခြင်း
ဒူးဒဏ်ရာရသည့်အခါ ဤလက္ခဏာများထဲမှ တစ်ခုခုကို ခံစားရပါက ဆရာဝန်နှင့် ချက်ချင်း ပြသသင့်သည်။
ဖြစ်ပွားစေသော အကြောင်းရင်းများ (Causes)
ထိတွေ့မှု မရှိသော ဒဏ်ရာများသည် အောက်ပါကဲ့သို့သော ဒူးဆစ်ကို ထိခိုက်စေသည့် အားကစား သို့မဟုတ် ကြံ့ခိုင်ရေး လှုပ်ရှားမှုများတွင် ပါဝင်နေစဉ် ACL စုတ်ပြဲခြင်းကို မကြာခဏ ဖြစ်စေသည်
- ရုတ်တရက် လမ်းကြောင်းပြောင်းခြင်း၊ ဒူးဆစ်ကို လှည့်လိုက်ခြင်း
- ခုန်ချရာမှ မတည်မငြိမ် ဆင်းသက်ခြင်း
- ပြေးနေစဉ် ရုတ်တရက် ရပ်တန့်လိုက်ခြင်း
- ဘောလုံး ဖမ်းဆီးခြင်းကဲ့သို့သော အားကစား ပြုလုပ်စဉ် အခြားသူတစ်ဦးနှင့် ဒူးများ ပြင်းထန်စွာ တိုက်မိခြင်း
ACL ဒဏ်ရာသည် တစ်စိတ်တစ်ပိုင်း စုတ်ပြဲခြင်း သို့မဟုတ် လုံးဝ စုတ်ပြဲခြင်း ဖြစ်နိုင်သော်လည်း အနည်းငယ်သာ ထိခိုက်၍ ဆွဲဆန့်ခံရခြင်း ဖြစ်သော်လည်း ဒဏ်ရာမရဘဲ ကျန်ရှိနေနိုင်သေးသည်။
ဖြစ်ပွားနိုင်ခြေရှိသော အကြောင်းရင်းများ (Risk factors)
အောက်ပါ အချက်များသည် ACL ဒဏ်ရာ ဖြစ်ပွားနိုင်ခြေ ရှိသူများ ဖြစ်သည်
- အားကစားသမားများနှင့် ဒူးဆစ်ကို ထိခိုက်စေသည့် အားကစား သို့မဟုတ် ကြံ့ခိုင်ရေး လှုပ်ရှားမှုများတွင် ပါဝင်သူများ
- အမျိုးသမီးများ သည် ခန္ဓာကိုယ်ဖွဲ့စည်းပုံ၊ ဟော်မုန်းပြောင်းလဲမှုနှင့် ကြွက်သားစွမ်းအင်တို့ကြောင့် အမျိုးသားများထက် ဖြစ်နိုင်ခြေ ပိုများသည်။
- ကြံ့ခိုင်မှု မပြည့်ဝခြင်း
- ဒူးဆစ်ပါဝင်သော လှုပ်ရှားမှုများ ပြုလုပ်စဉ် မှားယွင်းသော လှုပ်ရှားမှု
- မတည်မငြိမ် သို့မဟုတ် ပျက်စီးနေသော အားကစား ပစ္စည်းများ
- မသင့်လျော်သော ခြေအိတ် သို့မဟုတ် အားကစား ဝတ်စုံ
- အားကစား ပြုလုပ်စဉ် မြေပြင်တွင် မြက်အတုများ အသုံးပြုခြင်း
ရောဂါရှာဖွေခြင်း
ဆရာဝန်သည် ဒူးဆစ် ရောင်ရမ်းခြင်း သို့မဟုတ် နာကျင်တတ်ခြင်း ရှိ/မရှိ စစ်ဆေးလေ့ရှိပြီး ဒူးဆစ်၏ လုပ်ဆောင်ချက် အပြည့်အဝနှင့် လှုပ်ရှားနိုင်သည့် အတိုင်းအတာကို စစ်ဆေးရန် သင့်ဒူးကို အချို့သော လမ်းကြောင်းများအတိုင်း လှုပ်ရှားခိုင်းမည်ဖြစ်သည်။ တစ်ဖက်တွင်မူ ဆရာဝန်သည် ဒဏ်ရာကို အတည်ပြုရန်အတွက် အောက်ပါ စစ်ဆေးမှုများကို ပြုလုပ်ခိုင်းနိုင်သည်
- ဓာတ်မှန် (X-ray) ဒူးဆစ်တွင် အရိုးကျိုးခြင်း ရှိ/မရှိ စစ်ဆေးသည်။
- သံလိုက်ပဲ့တင်ရိုက်ခတ်မှုဖြင့် ပုံရိပ်ဖော်စစ်ဆေးခြင်း (Magnetic Resonance Imaging – MRI) ရေဒီယိုလှိုင်းများနှင့် အားကောင်းသော သံလိုက်စက်ကွင်းကို အသုံးပြု၍ မာကျောသော တစ်သျှူးများနှင့် ပျော့ပျောင်းသော တစ်သျှူးများ၊ အရိုးနုများ အားလုံး၏ ပုံရိပ်များကို ပြသသည်။ MRI သည် ACL ဒဏ်ရာ မည်မျှ ကျယ်ပြန့်သည်နှင့် ဒူးဆစ်ရှိ အခြား တစ်သျှူးများ ထိခိုက်ဒဏ်ရာရခြင်း၏ အခြားသော လက္ခဏာများကို ပြသသည်။
- အာထရာဆောင်း (Ultrasound) အသံလှိုင်းများကို အသုံးပြု၍ အရွတ်၊ အကြောနှင့် ကြွက်သားဒဏ်ရာများ ကို ကြည့်ရှုသည်။
ကုသမှု (Treatment)
ပျက်စီးသွားသော ဒူးဆစ်မှ ရောင်ရမ်းခြင်းနှင့် နာကျင်မှုကို လျှော့ချရန်အတွက် R.I.C.E ဟု လူသိများသော အိမ်သုံးကုထုံးကို အသုံးပြုသည်။
- Rest (အနားယူခြင်း) ဒဏ်ရာကျက်စေပြီး ဒူးဆစ်ကို ဝန်မထမ်းရန် ကာကွယ်ပေးသည်။
- Ice (ရေခဲကပ်ခြင်း) နိုးနေစဉ် ၂ နာရီခြား တစ်ခါ ၂၀ မိနစ်ကြာ ရေခဲကပ်ပါ။
- Compression (ဖိထားခြင်း) ဒူးဆစ်ကို elasticity ပတ်တီး ဖြင့် ပတ်၍ ဖိထားပါ။
- Elevation (မြှင့်ထားခြင်း) လဲလျောင်းနေစဉ် သင့်ဒူးကို ခေါင်းအုံးပေါ်တွင် မြှင့်တင်ထားပါ။
ပြန်လည်ထူထောင်ရေး (Rehabilitation)
ရုပ်ပိုင်းဆိုင်ရာ ကုထုံးပညာရှင်သည် ရောင်ရမ်းခြင်းနှင့် နာကျင်မှုကို လျှော့ချရန်၊ ဒူးလှုပ်ရှားမှုကို ပြန်လည်ရရှိရန်နှင့် ကြွက်သားအားကို ပြန်လည်ရရှိစေရန်အတွက် ကြီးကြပ်မှုဖြင့်ဖြစ်စေ၊ ကြီးကြပ်မှုမပါဘဲဖြစ်စေ ပြုလုပ်နိုင်သည့် လေ့ကျင့်ခန်းများကို သင့်အား ညွှန်ကြားမည်ဖြစ်သည်။ ဤနည်းသည် စနစ်တကျ ပြုလုပ်ပါက ACL ဒဏ်ရာကို များသောအားဖြင့် သက်သာစေသည်။ ဒူးလှုပ်ရှားမှု ပိုမိုတည်ငြိမ်စေရန် ဒူးကပ်ပတ် (Braces) များကိုလည်း အသုံးပြုနိုင်ပြီး၊ ဒူးဆစ်ကို ဝန်မထမ်းစေရန် ခဏတာမျှ ကြိမ်လုံး (crutches) များနှင့်အတူ တွဲဖက် အသုံးပြုနိုင်သည်။ ရုပ်ပိုင်းဆိုင်ရာ ကုထုံးကို ဆေးကုသမှုနှင့်အတူ ပူးတွဲ ပေးလေ့ရှိသည်။
ခွဲစိတ်ကုသခြင်း (Surgery)
အကယ်၍ သင်သည် အားကစားသမားဖြစ်ပြီး သင့်အားကစားကို ဆက်လက်ကစားလိုပါက၊ ဒဏ်ရာသည် အရွတ် သို့မဟုတ် အရိုးနု တစ်ခုထက်မက ပျက်စီးနေပါက၊ သို့မဟုတ် သင့်ဒူးပြဿနာသည် နေ့စဉ်ဘ၀ လှုပ်ရှားမှုများကို အဟန့်အတားဖြစ်စေပါက ခွဲစိတ်ကုသမှု ခံယူရန် အကြံပြုထားသည်။
ACL ဒဏ်ရာအတွက် ACL ပြန်လည်တည်ဆောက်ခြင်း (ACL reconstruction) ကို အကြံပြုထားသည်။ ၎င်းသည် ဒဏ်ရာရထားသော အရွတ်ကို ဖယ်ရှားပြီး တစ်သျှူးအစားထိုး (grafting) ဟုခေါ်သော အကြောအစိတ်အပိုင်းတစ်ခု (သင့်အခြားဒူး သို့မဟုတ် အလောင်း၏ဒူးမှ ရယူသည်) ဖြင့် အစားထိုးသည်။ အကြောကို အသုံးပြုရခြင်းမှာ ၎င်းသည် ကြွက်သားကို အရိုးနှင့် ဆက်သွယ်ပေးသည့် အရွတ်နှင့် တူညီသော လုပ်ဆောင်ချက်ရှိသောကြောင့်ဖြစ်သည်။
အောင်မြင်သော ACL ပြန်လည်တည်ဆောက်မှု ခွဲစိတ်မှု ပြုလုပ်ပြီးနောက် ကြွက်သားအားနှင့် တည်ငြိမ်မှုကို ပြန်လည်ရရှိရန်အတွက် ရုပ်ပိုင်းဆိုင်ရာ ကုထုံး ကို ဆက်လက် လုပ်ဆောင်နိုင်မည်ဖြစ်သည်။ ထို့အပြင်၊ ဆရာဝန်ညွှန်ကြားသည့် ဆေးဝါးများကို သောက်သုံးရန် မမေ့ပါနှင့်။
အားကစားသမားများသည် တစ်နှစ် သို့မဟုတ် တစ်နှစ်ကျော် ကာလအတွင်းတွင် ၎င်းတို့၏ အားကစားကို ဘေးကင်းစွာ ပြန်လည် ကစားနိုင်ပါသည်။ သင့်ကစားပွဲသို့ ပြန်လည်ဝင်ရောက်သည့်အခါ သင့်လျော်သော လှုပ်ရှားနိုင်သည့် အတိုင်းအတာ၊ ခွန်အားနှင့် တည်ငြိမ်မှုကို ပြန်လည်ရရှိကြောင်း အာမခံနိုင်ရန် ဆရာဝန်နှင့် ရုပ်ပိုင်းဆိုင်ရာ ကုထုံးပညာရှင်၏ လမ်းညွှန်မှုဖြင့် လုံလောက်သော ရုပ်ပိုင်းဆိုင်ရာ ကုထုံးကို ခံယူပြီးကြောင်း သေချာပါစေ။
ဆရာဝန်၏ အကြံပြုချက်ကို လိုက်နာပြီး ရုပ်ပိုင်းဆိုင်ရာ ကုထုံးကို လိုက်နာပါက၊ သင် အရင်က နေထိုင်ခဲ့သည့် ပုံမှန်ဘဝကို ပြန်လည်ရရှိနိုင်မည်ဖြစ်သည်။
