ခြုံငုံသုံးသပ်ချက်

လူအများစုအား အလုပ်မလုပ်နိုင်ခြင်းနှင့် ပုံမှန်လူနေမှုဘဝကို မဖြတ်သန်းနိုင်ခြင်းတို့ဖြစ်စေသည့် အဖြစ်အများဆုံး အကြောင်းရင်းမှာ ခါးနာခြင်း (သို့မဟုတ်) ကျောနာခြင်းပင် ဖြစ်သည်။ ခါးနာခြင်းကို ဖြစ်စေသည့် အကြောင်းရင်းများစွာ ရှိနိုင်သောကြောင့် မိမိဘာသာ ရောဂါရှာဖွေခြင်းထက် ကျန်းမာရေးစောင့်ရှောက်မှုပေးသူများနှင့် တိုင်ပင်ဆွေးနွေးခြင်းက အကောင်းဆုံးဖြစ်သည်။ လူနာအနေဖြင့် ကြွက်သားနာကျင်ခြင်းကဲ့သို့ ရိုးရှင်းသော ဝေဒနာကို ခံစားနေရခြင်း ဖြစ်နိုင်သလို၊ သားအိမ်အတွင်းမြှေးနေရာလွဲခြင်း (Endometriosis) သို့မဟုတ် ကျောက်ကပ်ကျောက်တည်ခြင်း ကဲ့သို့သော နောက်ခံရောဂါများကြောင့်လည်း ဖြစ်နိုင်ပါသည်။
ကျန်းမာရေးစောင့်ရှောက်မှုပေးသူများသည် ခါးနာခြင်းကို နည်းလမ်းအမျိုးမျိုးဖြင့် ခွဲခြားသတ်မှတ်လေ့ရှိကြသည်။ ပုံမှန်အားဖြင့် နာကျင်သည့်နေရာ (အပေါ်ပိုင်း၊ အလယ်ပိုင်း သို့မဟုတ် အောက်ပိုင်း) နှင့် ဘယ်ဘက်၊ ညာဘက် သို့မဟုတ် အလယ်တည့်တည့် စသည်ဖြင့် ခွဲခြားကြသည်။ ထို့အပြင် နာကျင်မှုအတိုင်းအတာကို အနည်းငယ်၊ အသင့်အတင့် သို့မဟုတ် ပြင်းထန်ခြင်းဟူ၍လည်းကောင်း၊ နာကျင်မှုပုံစံကို တဆစ်ဆစ်နှင့် အောင့်၍နာခြင်း သို့မဟုတ် စူးရှစွာ ထိုး၍နာခြင်းဟူ၍လည်းကောင်း ဖော်ပြကြပါသည်။
ခါးနာသည့် ကြာချိန်ပေါ်မူတည်၍လည်း အမျိုးအစားခွဲခြားနိုင်ပါသည်။ ရုတ်တရက်ဖြစ်ပေါ်ပြီး ထိခိုက်ဒဏ်ရာကြောင့် ဖြစ်လေ့ရှိသော အခြေအနေကို ရုတ်တရက်ခါးနာခြင်း (Acute back pain) ဟု ခေါ်သည်။ အခြားတစ်ဖက်တွင်မူ လပေါင်းများစွာ ကြာရှည်နေသည့် ခါးနာခြင်းကို နာတာရှည်ခါးနာခြင်း (Chronic or persistent back pain) ဟု သတ်မှတ်သည်။ အကယ်၍ သင်သည် မည်သည့်ခါးနာဝေဒနာမျိုးကိုမဆို ခံစားနေရပါက အကြောင်းရင်းနှင့် သင့်လျော်သော ကုသမှုကို သိရှိနိုင်ရန် ကျန်းမာရေးစောင့်ရှောက်မှု ခံယူဖို့ အရေးကြီးပါသည်။
ခါးနာခြင်း အများစုကို မှန်ကန်သော ကြိုတင်ကာကွယ်မှုများဖြင့် သက်သာစေနိုင်ပါသည်။ အကယ်၍ မကာကွယ်နိုင်ခဲ့လျှင်ပင် အခြေခံကိုယ်တိုင်စောင့်ရှောက်မှုနှင့် မှန်ကန်သော ကိုယ်နေဟန်ထားများဖြင့် ရက်သတ္တပတ်အနည်းငယ်အတွင်း ပြန်လည်ကောင်းမွန်လာနိုင်ပါသည်။ ခါးနာခြင်းအတွက် ခွဲစိတ်ကုသမှု ခံယူရခြင်းမှာ အလွန်ပင် ရှားပါးပါသည်။

ရောဂါလက္ခဏာများ

ခါးနာခြင်းသည် ကြွက်သားများအတွင်း စူးခနဲဖြစ်ခြင်း၊ ပူစပ်ပူလောင်ဖြစ်ခြင်း သို့မဟုတ် ထိုး၍နာခြင်းတို့ကဲ့သို့ ခံစားရနိုင်ပါသည်။ ထို့အပြင် နာကျင်မှုသည် ခြေထောက်တစ်ဖက်သို့ ပျံ့နှံ့သွားနိုင်ပြီး ခါးကုန်းခြင်း၊ ကိုယ်ကိုလှည့်ခြင်း၊ အလေးအပင်မခြင်း၊ မတ်တပ်ရပ်ခြင်း သို့မဟုတ် လမ်းလျှောက်ခြင်းတို့ ပြုလုပ်သည့်အခါ ပို၍ဆိုးရွားလာနိုင်ပါသည်။
ခါးနာခြင်း အများစုသည် အိမ်တွင်းကုသမှုနှင့် မိမိဘာသာ ဂရုစိုက်မှုများဖြင့် တဖြည်းဖြည်း သက်သာပျောက်ကင်းသွားတတ်ပါသည်။ သို့သော် အောက်ပါအခြေအနေများရှိပါက ဆရာဝန်နှင့် ပြသသင့်သည် –
● ခါးနာခြင်းသည် ရက်သတ္တပတ်အတော်ကြာသည်အထိ မသက်သာခြင်း။
● နာကျင်မှုပြင်းထန်ပြီး အနားယူသော်လည်း မသက်သာခြင်း။
● ခြေထောက်တစ်ဖက် (သို့မဟုတ်) နှစ်ဖက်လုံးသို့ နာကျင်မှု ပျံ့နှံ့သွားခြင်း (အထူးသဖြင့် ဒူးအောက်အထိ ရောက်ခြင်း)။
● ခြေထောက်တစ်ဖက် သို့မဟုတ် နှစ်ဖက်လုံးတွင် အားနည်းခြင်း၊ ထုံကျင်ခြင်း သို့မဟုတ် တစစ်စစ်ဖြစ်ခြင်းတို့ ခံစားရခြင်း။
အကယ်၍ ခါးနာခြင်းနှင့်အတူ အောက်ပါလက္ခဏာများပါ တွဲဖက်ဖြစ်ပေါ်လာပါက ပြင်းထန်သော အခြေအနေဖြစ်နိုင်သဖြင့် အရေးပေါ် ဆေးကုသမှု ခံယူရန် လိုအပ်ပါသည် –
● ဆီး သို့မဟုတ် ဝမ်း ထိန်းမရခြင်း။
● ဖျားခြင်း။
● ပြုတ်ကျခြင်း၊ ကျောကို အားပြင်းစွာရိုက်မိခြင်း သို့မဟုတ် အခြားထိခိုက်ဒဏ်ရာများ ရရှိပြီးနောက် ဖြစ်ပေါ်လာခြင်း။

ဖြစ်ပွားရသည့် အကြောင်းရင်းများ

ခါးနာခြင်းသည် ရောဂါဝေဒနာများနှင့် ထိခိုက်ဒဏ်ရာများ အပါအဝင် နောက်ခံအကြောင်းရင်း အမျိုးမျိုးနှင့် ဆက်စပ်နေတတ်ပါသည်။ တစ်ခါတစ်ရံတွင် ရောဂါရှာဖွေစစ်ဆေးမှုများ သို့မဟုတ် ပုံရိပ်ဖော်စစ်ဆေးမှုများ (Imaging studies) ဖြင့်ပင် အကြောင်းရင်းကို တိကျစွာ မသိရှိနိုင်ဘဲ ဖြစ်ပေါ်လာတတ်ပါသည်။ ခါးနာခြင်းနှင့် အဖြစ်များသော အခြေအနေများမှာ –
● ကြွက်သား သို့မဟုတ် အရွှတ်များ ဒဏ်ဖြစ်ခြင်း (Muscle or ligament strain):
အလေးအပင် မကြာခဏမခြင်း သို့မဟုတ် ရုတ်တရက် လှုပ်ရှားမှုမှားခြင်းကြောင့် ကျောရိုးကြွက်သားများနှင့် အရွှတ်များ ဒဏ်ဖြစ်နိုင်ပါသည်။ ကျန်းမာကြံ့ခိုင်မှု မရှိသူများတွင် ခါးကြွက်သားများ အမြဲတမ်း ဒဏ်ဖြစ်နေခြင်းကြောင့် ကြွက်သားများ ပြင်းထန်စွာ နာကျင်တောင့်တင်းခြင်း (Muscle spasms) ဖြစ်စေနိုင်ပါသည်။
● ကျောရိုးဆစ်ကြားကွက်များ ကျွံခြင်း သို့မဟုတ် ဖောင်းထွက်ခြင်း (Ruptured or bulging disks):
ကျောရိုးဆစ်များကြားရှိ အရိုးနုများသည် ကူရှင်ကဲ့သို့ လုပ်ဆောင်ပေးသည်။ ယင်းတို့အတွင်းရှိ ပျော့အိသော ပစ္စည်းများ ဖောင်းထွက်ခြင်း သို့မဟုတ် ကျွံထွက်ခြင်းကြောင့် အာရုံကြောကို ဖိမိစေနိုင်ပါသည်။ သို့သော် ကျောရိုးဆစ်ပြဿနာရှိတိုင်း ခါးနာခြင်းကို အမြဲတမ်း မဖြစ်စေနိုင်ဘဲ အခြားအကြောင်းရင်းတစ်ခုခုကြောင့် MRI သို့မဟုတ် X-ray ရိုက်သည့်အခါမှသာ အမှတ်မထင် တွေ့ရှိရတတ်ပါသည်။
● အဆစ်ရောင်ရောဂါ (Arthritis):
အရိုးအဆစ်ရောင်ရောဂါသည် ခါးအောက်ပိုင်းကို ထိခိုက်စေနိုင်ပါသည်။ အချို့ကိစ္စများတွင် ကျောရိုးအဆစ်ရောင်ခြင်းကြောင့် ကျောရိုးအာရုံကြောမကြီး တစ်ဝိုက်ရှိ နေရာလွတ်များ ကျဉ်းသွားခြင်း (Spinal stenosis) ကို ဖြစ်စေနိုင်ပါသည်။
● အရိုးပွရောဂါ (Osteoporosis):
အရိုးများ ကြွပ်ဆတ်ပြီး ပါးလွှာလာပါက ကျောရိုးဆစ်များ ကျိုးအက်ကာ နာကျင်မှု ဖြစ်ပေါ်စေနိုင်ပါသည်။
● ကျောရိုးဆစ်များ ဆက်သွားသော ရောဂါ (Ankylosing spondylitis): ဤရောင်ရမ်းမှုကြောင့် ကျောရိုးဆစ်အချို့ တစ်ခုနှင့်တစ်ခု ပူးကပ်ဆက်သွားနိုင်ပြီး ကျောရိုး၏ ပျော့ပျောင်းမှုကို လျော့နည်းစေပါသည်။

ဖြစ်နိုင်ခြေ ပိုများစေသည့် အချက်များ

ကလေးများနှင့် ဆယ်ကျော်သက်များတွင်ပင် ခါးနာခြင်း ဖြစ်နိုင်ပါသည်။ အောက်ပါအချက်များက ခါးနာနိုင်ခြေကို ပိုမိုမြင့်မားစေနိုင်သည် –
● အသက်အရွယ်: အသက်ကြီးလာသည်နှင့်အမျှ ခါးနာခြင်းက ပို၍ အဖြစ်များလာတတ်သည်။
● ကိုယ်လက်လှုပ်ရှားမှု နည်းခြင်း: လေ့ကျင့်ခန်း မလုပ်ခြင်းကြောင့် ခါးနှင့် ဝမ်းဗိုက်ကြွက်သားများ အားနည်းကာ ခါးနာခြင်း ဖြစ်စေနိုင်သည်။
● ကိုယ်အလေးချိန်: ကိုယ်အလေးချိန် လွန်ကဲခြင်းကြောင့် ခါးအပေါ်တွင် ဝန်ထုပ်ဝန်ပိုး ပိုဖြစ်စေသည်။
မှားယွင်းသော ကိုယ်နေဟန်ထား: အလေးမသည့်အခါ ခြေထောက်ကို အသုံးမပြုဘဲ ခါးကိုသုံး၍ မခြင်း။
စိတ်ပိုင်းဆိုင်ရာ အခြေအနေ: စိတ်ဓာတ်ကျခြင်းနှင့် စိုးရိမ်သောကများသူများတွင် ခါးနာခြင်း ပိုအဖြစ်များသည်။ စိတ်ဖိစီးမှုကြောင့် ဖြစ်ပေါ်လာသော ကြွက်သားတောင့်တင်းမှုသည် ခါးနာခြင်းကို ပိုဆိုးစေနိုင်သည်။
ဆေးလိပ်သောက်ခြင်း: ဆေးလိပ်သောက်သူများတွင် ခါးနာခြင်း ပိုအဖြစ်များသည်။ ဆေးလိပ်သောက်ခြင်းကြောင့် ချောင်းဆိုးရာမှတစ်ဆင့် ကျောရိုးဆစ်ကြားကွက်များ ကျွံခြင်း ဖြစ်နိုင်သည့်အပြင်၊ ကျောရိုးသို့ သွေးစီးဆင်းမှုကို လျော့နည်းစေပြီး အရိုးပွရောဂါ ဖြစ်နိုင်ခြေကိုလည်း တိုးစေပါသည်။
● အခြားရောဂါများ: အချို့သော ကင်ဆာရောဂါများနှင့် အဆစ်ရောင်ရောဂါ အမျိုးမျိုးကြောင့်လည်း ခါးနာခြင်းကို ပိုဆိုးစေနိုင်ပါသည်။

ရောဂါရှာဖွေခြင်း

အောက်ပါ လုပ်ဆောင်ချက်များသည် ကျန်းမာရေးစောင့်ရှောက်မှုပေးသူများအနေဖြင့် ခါးနာရသည့် အကြောင်းရင်းကို မှန်ကန်စွာ သိရှိစေရန်နှင့် ရောဂါရှာဖွေရန် အထောက်အကူပြုပါလိမ့်မည်။
ကိုယ်ကာယစစ်ဆေးခြင်း: ကျန်းမာရေးစောင့်ရှောက်မှုပေးသူသည် လူနာ၏ ကျောပြင်ကို စစ်ဆေးမည်ဖြစ်ပြီး ထိုင်ခြင်း၊ မတ်တပ်ရပ်ခြင်း၊ လမ်းလျှောက်ခြင်းနှင့် ခြေထောက်မခြင်း စသည့် စွမ်းဆောင်ရည်များကို အကဲဖြတ်ပါမည်။ ထို့အပြင် လူနာခံစားနေရသော နာကျင်မှုအတိုင်းအတာကို သတ်မှတ်ခိုင်းမည်ဖြစ်ပြီး ထိုနာကျင်မှုသည် နေ့စဉ်လုပ်ငန်းဆောင်တာများအပေါ် မည်သို့သက်ရောက်မှုရှိသည်ကိုလည်း မေးမြန်းပါလိမ့်မည်။
ဤသို့ အကဲဖြတ်ခြင်းဖြင့် နာကျင်မှုဖြစ်စေသော အကြောင်းရင်း၊ နာကျင်မှုကြောင့် မလှုပ်ရှားနိုင်တော့မီ မည်မျှအထိ လှုပ်ရှားနိုင်သည်နှင့် ကြွက်သားများ တောင့်တင်းနာကျင်မှု ရှိ၊ မရှိတို့ကို သိရှိနိုင်မည် ဖြစ်သည်။ ထို့အပြင် ပိုမိုပြင်းထန်သော ခါးနာရသည့် အကြောင်းရင်းများကိုလည်း ဖယ်ထုတ်နိုင်ရန် ကူညီပေးပါသည်။

ပုံရိပ်ဖော် စစ်ဆေးမှုများ:
● ဓာတ်မှန် (X-ray): အဆစ်ရောင်ခြင်း သို့မဟုတ် အရိုးကျိုးခြင်းဆိုင်ရာ ပုံရိပ်များကို ဓာတ်မှန်ရလဒ်တွင် မြင်တွေ့နိုင်ပါသည်။ သို့သော်လည်း အာရုံကြောမကြီး၊ ကြွက်သားများ၊ အာရုံကြောများ သို့မဟုတ် ကျောရိုးဆစ်ကြားကွက် ပြဿနာများကိုမူ ဤစစ်ဆေးမှုတွင် မတွေ့နိုင်ပါ။
● သံလိုက်ဓာတ်မှန် (MRI) သို့မဟုတ် ကွန်ပျူတာဓာတ်မှန် (CT) scans: ဤစစ်ဆေးမှုများမှ ထွက်ပေါ်လာသော ပုံရိပ်များသည် ကျောရိုးဆစ်ကြားကွက် ကျွံခြင်း သို့မဟုတ် သွေးကြောများ၊ အရိုးများ၊ ကြွက်သားများ၊ တစ်သျှူးများ၊ အကြောများနှင့် အရွတ်များရှိ ပြဿနာများကို ဖော်ပြပေးနိုင်ပါသည်။
သွေးစစ်ခြင်း: နာကျင်မှုသည် ပိုးဝင်ခြင်း သို့မဟုတ် အခြားသော ဖျားနာမှုတစ်ခုခုကြောင့် ဖြစ်ပွားခြင်း ရှိ၊ မရှိ ခွဲခြားသိရှိရန် အထောက်အကူပြုပါသည်။
အာရုံကြောနှင့် ကြွက်သား တုံ့ပြန်မှု စစ်ဆေးခြင်း (EMG): ဤစစ်ဆေးမှုသည် အာရုံကြောများ၏ လျှပ်စစ်စီးကြောင်းများက ကြွက်သားများ၏ တုံ့ပြန်မှုအပေါ် မည်သို့သက်ရောက်မှု ရှိသည်ကို တိုင်းတာပါသည်။ ဤစစ်ဆေးမှုမှတစ်ဆင့် ကျောရိုးဆစ်ကြားကွက် ကျွံခြင်း သို့မဟုတ် ကျောရိုးလမ်းကြောင်း ကျဉ်းခြင်းကြောင့် အာရုံကြောများအပေါ် ဖိမိနေခြင်း ရှိ၊ မရှိကို အတည်ပြုနိုင်ပါသည်။

ကုသမှု

ခါးနာဝေဒနာ ခံစားရသူ အများစု (အထူးသဖြင့် အသက်ကြီးပိုင်း မဟုတ်သူများ) သည် အိမ်တွင်းကုသမှု ခံယူပြီးနောက် တစ်လအတွင်း သက်သာလာလေ့ရှိသည်။ သို့သော် အချို့သူများအတွက်မူ နာကျင်မှုမှာ လပေါင်းများစွာ ကြာရှည်နိုင်ပါသည်။
ခါးနာခြင်း မည်မျှကြာရှည်မည်ဆိုသည်မှာ ဖြစ်ရသည့် အကြောင်းရင်းပေါ်တွင် မူတည်ပါသည်။ အကယ်၍ ပိုးဝင်ခြင်းကြောင့် နာကျင်ခြင်းဖြစ်ပါက ပိုးသတ်ဆေး အကုန်သောက်ခြင်းဖြင့် ပျောက်ကင်းသွားနိုင်ပါသည်။ သို့သော် ကျောရိုးဆစ်များ ယိုယွင်းပျက်စီးခြင်းကြောင့် ဖြစ်ပါက တစ်သက်တာလုံး ဆက်လက်ကုသမှု ခံယူရန် လိုအပ်နိုင်ပါသည်။
ခါးနာနေသူများအနေဖြင့် လမ်းလျှောက်ခြင်းကဲ့သို့သော ပေါ့ပါးသည့် လေ့ကျင့်ခန်းများ အပါအဝင် မိမိတို့၏ လုပ်ငန်းဆောင်တာများကို တတ်နိုင်သမျှ ဆက်လက်လုပ်ဆောင်ရန် အကြံပြုထားပါသည်။ နာကျင်မှုကို ပိုဆိုးစေသော လှုပ်ရှားမှုများကို ရှောင်ကြဉ်သင့်သော်လည်း နာကျင်မည်ကို ကြောက်ရွံ့၍ မည်သည့်အရာကိုမျှ မလုပ်ဘဲ မနေသင့်ပါ။ အကယ်၍ အိမ်တွင်းကုထုံးများဖြင့် ရက်သတ္တပတ်အနည်းငယ်ကြာသည်အထိ မသက်သာပါက ကျန်းမာရေးစောင့်ရှောက်မှုပေးသူများက ပိုမိုထိရောက်သော ဆေးဝါးများ သို့မဟုတ် အခြားကုသမှုများကို အကြံပြုနိုင်ပါသည်။

ဆေးဝါးများ: ခါးနာသည့် အမျိုးအစားပေါ် မူတည်၍ သင့်လျော်သော ဆေးဝါးများကို သတ်မှတ်ပါမည်။ ၎င်းတို့တွင် –

အပေါ်ယံ လိမ်းဆေးများ: ခရင်မ်များ၊ ဆီမွှေးများ၊ လိမ်းဆေးများနှင့် ကပ်ခွာများမှတစ်ဆင့် အရေပြားမှ နာကျင်မှုကို သက်သာစေပါသည်။
အကိုက်အခဲပျောက်ဆေးများ: အိုင်ဗျူပရိုဖန် သို့မဟုတ် နာပရော့ဆင် ကဲ့သို့သော အရောင်ကျ အကိုက်အခဲပျောက်ဆေးများ (NSAIDs) က ကူညီပေးနိုင်ပါသည်။ ဤဆေးများကို ညွှန်ကြားထားသည့်အတိုင်းသာ အသုံးပြုပါ။ အလွန်အကျွံ သုံးစွဲပါက ပြင်းထန်သော ဘေးထွက်ဆိုးကျိုးများ ဖြစ်ပေါ်နိုင်ပါသည်။ အပြင်ဆေးဆိုင်များတွင် အလွယ်တကူ ဝယ်ယူရရှိနိုင်သော အကိုက်အခဲပျောက်ဆေးများ မထိရောက်ပါက ဆရာဝန်က ညွှန်ကြားချက်ဖြင့် သုံးရသော အရောင်ကျဆေးများကို အကြံပြုနိုင်ပါသည်။
ကြွက်သားပြေလျော့ဆေးများ: အကိုက်အခဲပျောက်ဆေးများ သောက်သော်လည်း အနည်းငယ်မှ အသင့်အတင့် ခါးနာခြင်းက မသက်သာပါက ကြွက်သားပြေလျော့ဆေးက အထောက်အကူပြုနိုင်ပါသည်။ ဤဆေးများသည် မူးဝေခြင်းနှင့် အိပ်ငိုက်ခြင်းတို့ကို ဖြစ်စေနိုင်ပါသည်။
အာရုံကြောထုံဆေး/စိတ်ငြိမ်ဆေးများ: အကယ်၍ အိုပီယွိုက် ပါဝင်သော ဆေးဝါးများကို ဆရာဝန်က ညွှန်ကြားပါက လူနာအား အနီးကပ် စောင့်ကြည့်စစ်ဆေးမည်ဖြစ်ပြီး ဤဆေးများကို အချိန်တိုအတွင်းသာ သောက်သုံးရမည် ဖြစ်သည်။
● စိတ်ကျရောဂါ ကုသဆေးများ: အချို့သော စိတ်ကျရောဂါ ကုသဆေးများသည် နာတာရှည် ခါးနာခြင်းကို လျှော့ချပေးနိုင်ကြောင်း တွေ့ရှိရပါသည်။

ကိုယ်ကာယ ကုထုံး (Physical therapy): ကိုယ်ကာယ ကုထုံးပညာရှင်သည် ကိုယ်နေဟန်ထား ကောင်းမွန်စေရန်၊ ခါးနှင့် ဝမ်းဗိုက်ကြွက်သားများ သန်မာစေရန်နှင့် ပျော့ပျောင်းမှုရှိစေရန် ရည်ရွယ်သည့် လေ့ကျင့်ခန်းများကို သင်ကြားပေးနိုင်ပါသည်။ ဤနည်းလမ်းများကို ပုံမှန်လေ့ကျင့်ခြင်းဖြင့် နာကျင်မှု ပြန်လည်ဖြစ်ပွားခြင်းကို ကာကွယ်နိုင်ပါသည်။ ထို့အပြင် ကုထုံးပညာရှင်များသည် ခါးနာနေစဉ်အတွင်း လှုပ်ရှားမှုများကြောင့် နာကျင်မှု ပိုမိုဆိုးရွားမသွားစေရန် မည်သို့လှုပ်ရှားရမည်ကိုလည်း လမ်းညွှန်ပေးမည် ဖြစ်သည်။

ခွဲစိတ်မှုဆိုင်ရာ လုပ်ထုံးလုပ်နည်းများ: ခါးနာခြင်းကို ကုသရန် အောက်ပါလုပ်ဆောင်ချက်များက ကူညီပေးနိုင်ပါသည် –
● ကော့တီဇုန်း ထိုးဆေးများ: အခြားကုသမှုများဖြင့် မသက်သာပါက ကျောရိုးအာရုံကြောမကြီးနှင့် အာရုံကြောအမြစ်များ တဝိုက်ရှိ ဧရိယာသို့ ကော့တီဇုန်းနှင့် ထုံဆေးကို ထိုးပေးနိုင်ပါသည်။ ဤထိုးဆေးသည် အာရုံကြောအမြစ်များအနီးရှိ ရောင်ရမ်းမှုကို လျော့ကျစေသော်လည်း နာကျင်မှုသက်သာခြင်းမှာ လပိုင်းအနည်းငယ်ခန့်သာ ခံလေ့ရှိပါသည်။
ရေဒီယိုလှိုင်းဖြင့် အာရုံကြောဖျက်ခြင်း (Radiofrequency ablation): နာကျင်နေသော နေရာအနီးရှိ အရေပြားမှတစ်ဆင့် အပ်စိုက်သွင်းကာ ရေဒီယိုလှိုင်းများ လွှတ်ထုတ်၍ အနီးရှိ အာရုံကြောများကို ပျက်စီးစေခြင်း ဖြစ်သည်။ အာရုံကြောများ ပျက်စီးသွားခြင်းကြောင့် ဦးနှောက်သို့ နာကျင်မှု အချက်ပြစနစ်များ ပေးပို့ခြင်းကို တားဆီးပေးပါသည်။
● အာရုံကြော လှုံ့ဆော်ကိရိယာများ: အရေပြားအောက်တွင် မြှုပ်နှံထားသော ကိရိယာလေးများမှတစ်ဆင့် အာရုံကြောအချို့ထံသို့ လျှပ်စစ်လှိုင်းများ လွှတ်ထုတ်ပေးပြီး နာကျင်မှု အချက်ပြချက်များကို နှိမ်နှင်းပေးပါသည်။
ခွဲစိတ်ခြင်း: ကြွက်သားအားနည်းလာခြင်း သို့မဟုတ် ခြေထောက်နာကျင်ခြင်း ခံစားရသူများအတွက် ခွဲစိတ်ကုသခြင်းက ရွေးချယ်စရာတစ်ခု ဖြစ်နိုင်ပါသည်။ ၎င်းသည် ကျောရိုးအတွင်း နေရာလွတ် ပိုမိုရရှိစေရန် ကူညီပေးပါသည်။ ကျောရိုးဆစ်ကြားကွက် ကျွံခြင်း သို့မဟုတ် ကျောရိုးလမ်းကြောင်း ကျဉ်းစေသော အခြားဝေဒနာများသည် ထိုကဲ့သို့သော ပြဿနာများကို ဖြစ်စေနိုင်ပါသည်။

Doctors who treat this condition