ခြုံငုံသုံးသပ်ချက် (Overview)

သားအိမ်ကင်ဆာသည် သားအိမ် (ဆီးခုံအတွင်းရှိ သန္ဓေသားကြီးထွားရာ ကြွက်သား ဖြင့်ဖွဲ့စည်း ထားသော အခေါင်းပေါက်) အတွင်း၌ ဖြစ်ပွားသည်။ သားအိမ်ကင်ဆာသည် သားအိမ်၏ အတွင်းဘက်နံရံလွှာ (Endometrium) တွင် စတင်ဖြစ်ပွားခြင်းဖြစ်သည်။ တစ်ခါတစ်ရံတွင် ယင်းကို သားအိမ်အတွင်းသားကင်ဆာ (Uterine Cancer) ဟုလည်း ခေါ်ဆိုကြသည်။

သားအိမ်ကင်ဆာသည် မိန်းမကိုယ်မှ ပုံမှန်မဟုတ်ဘဲ သွေးဆင်းခြင်းကို ဖြစ်စေနိုင်သောကြောင့် ကင်ဆာပထမအဆင့်မှာပင် စောစီးစွာ သိရှိနိုင်သည်။ သားအိမ်ကင်ဆာကို စောစီးစွာတွေ့ရှိပါက သားအိမ်အား ခွဲစိတ်ဖယ်ရှားခြင်းဖြင့် ကင်ဆာကို ပျောက်ကင်းအောင် ကုသနိုင်ခြေရှိပါသည်။

ဖြစ်ပွားရသည့်အကြောင်းရင်းများ (Causes)

သားအိမ်ကင်ဆာဖြစ်ပွားရသည့် တိကျသောအကြောင်းရင်းကို မသိရှိရသေးပါ။ သားအိမ်အတွင်းသား ဆဲလ်များ မျိုးဗီဇပြောင်းလဲမှု (Mutation) ဖြစ်ပေါ်ခြင်းကြောင့် ဆဲလ်များမှာ ထိန်းချုပ်မရဘဲ ပွားလာပြီး အကျိတ် (Tumor) ကို ဖြစ်ပေါ်စေပါသည်။ ထိုအကျိတ်သည် ပုံမှန်ရှိနေသော ဆဲလ်များကို ကျူးကျော်ဖျက်ဆီးပါသည်။ ထို့ပြင် ဤဆဲလ်များသည် ခန္ဓာကိုယ်၏ အခြားအစိတ်အပိုင်းများသို့ ပျံ့နှံ့သွားနိုင်သည့် (Metastasize) သဘောသဘာဝလည်း ရှိကြသည်။

ဖြစ်နိုင်ခြေပိုများစေသည့် အချက်များ (Risk factors)

  • ဟော်မုန်းမမျှတခြင်း: မမျိုးဥအိမ်များသည် အီစထရိုဂျင် (Estrogen) နှင့် ပရိုဂျက်စတီရုန်း (Progesterone) ဟူသော အမျိုးသမီးဟော်မုန်းနှစ်မျိုးကို ထုတ်ပေးသည်။ ဤဟော်မုန်းများ မမျှတသည့်အခါ သားအိမ်အတွင်းသားလွှာတွင် ပြောင်းလဲမှုများ ဖြစ်ပေါ်လာသည်။ အီစထရိုဂျင်ဟော်မုန်း ပမာဏများပြားလာခြင်းက သားအိမ်ကင်ဆာဖြစ်နိုင်ခြေကို မြင့်တက်စေသည်။ ၎င်းသည် ပုံမှန်မဟုတ်သော မမျိုးဥကြွေခြင်း (ဥပမာ – Polycystic Ovary Syndrome ခေါ် မမျိုးဥအိမ်တွင် အရည်အိတ်များတည်ခြင်း)၊ အဝလွန်ခြင်းနှင့် ဆီးချိုရောဂါတို့ကြောင့် ဖြစ်နိုင်သည်။ သွေးဆုံးပြီးနောက် အီစထရိုဂျင်ဟော်မုန်း သောက်သုံးခြင်းသည်လည်း သားအိမ်ကင်ဆာဖြစ်နိုင်ခြေကို မြင့်တက်စေပါသည်။
  • မမျိုးဥအိမ်တွင် အကျိတ်ဖြစ်ခြင်း: ရှားပါးသော မမျိုးဥအိမ်အကျိတ်အမျိုးအစားများမှ အီစထရိုဂျင်ထုတ်ပေးပါက သားအိမ်ကင်ဆာဖြစ်နိုင်ခြေ ပိုများစေသည်။
  • ရာသီစောစီးစွာလာခြင်း သို့မဟုတ် သွေးနောက်ကျမှဆုံးခြင်း: အသက် (၁၂) နှစ်မတိုင်မီ ရာသီစောလာခြင်း သို့မဟုတ် သွေးဆုံးချိန် နောက်ကျခြင်းတို့သည် သားအိမ်ကင်ဆာဖြစ်နိုင်ခြေကို များစေသည်။
  • ကိုယ်ဝန်တစ်ခါမျှ မဆောင်ဖူးသူများ: ကိုယ်ဝန်မဆောင်ဖူးသော အမျိုးသမီးများတွင် သားအိမ်ကင်ဆာဖြစ်နိုင်ခြေ ပိုများသည်။
  • အသက်အရွယ်ကြီးရင့်ခြင်း: အသက်ကြီးလာသည်နှင့်အမျှ သားအိမ်ကင်ဆာဖြစ်နိုင်ခြေ ပိုများလာပြီး အများအားဖြင့် သွေးဆုံးပြီးနောက်ပိုင်းတွင် ဖြစ်ပွားတတ်သည်။
  • အဝလွန်ခြင်း: ခန္ဓာကိုယ်တွင် အဆီဓာတ်များလွန်းခြင်းက အီစထရိုဂျင်ပမာဏကို မြင့်တက်စေပြီး သားအိမ်ကင်ဆာ ဖြစ်နိုင်ခြေကို ပိုများစေသည်။
  • ရင်သားကင်ဆာအတွက် ဟော်မုန်းကုထုံးခံယူခြင်း: Tamoxifen ဆေးကို အသုံးပြု၍ ဟော်မုန်းကုထုံးခံယူခြင်းသည် သားအိမ်ကင်ဆာဖြစ်နိုင်ခြေကို မြင့်တက်စေပါသည်။ သို့သော် ယေဘုယျအားဖြင့် Tamoxifen ၏ အကျိုးကျေးဇူးက သားအိမ် ကင်ဆာ ဖြစ်နိုင်ခြေ ထက် ပိုမိုများပြားပါသည်။
  • မျိုးရိုးလိုက် အူမကြီးကင်ဆာရောဂါစု (Lynch syndrome): ဤရောဂါစုသည် မျိုးဗီဇ ပြောင်းလဲမှု ကြောင့် အူမကြီးကင်ဆာနှင့် သားအိမ်ကင်ဆာကဲ့သို့သော အခြား ကင်ဆာ များ ဖြစ်နိုင်ခြေကို မြင့်တက်စေသည်။ အကယ်၍ လူနာတွင် Lynch syndrome ရှိပါက လိုအပ်သော ကင်ဆာစစ်ဆေးမှုများ (Screening tests) နှင့် ပတ်သက်၍ အကြံဉာဏ်ရယူရန် လိုအပ်ပါသည်။

ရောဂါလက္ခဏာများ (Symptoms)

  • သွေးဆုံးပြီးနောက် မိန်းမကိုယ်မှ သွေးဆင်းခြင်း။
  • ရာသီစက်ဝန်းတစ်ခုနှင့်တစ်ခုကြားတွင် သွေးဆင်းခြင်း။
  • ဆီးစပ် သို့မဟုတ် ဝမ်းဗိုက်အောက်ပိုင်း နာကျင်ခြင်း။

ရောဂါရှာဖွေခြင်း (Diagnosis)

သားအိမ်ကင်ဆာကို ရောဂါရှာဖွေခြင်း

  • ဆီးခုံအတွင်းပိုင်း စစ်ဆေးခြင်း (Pelvic examination): မျိုးပွားအင်္ဂါများကို စစ်ဆေး ခြင်း ဖြစ်သည်။ လက်ညှိုးနှင့် လက်ခလယ်ကို မိန်းမကိုယ်အတွင်းသို့ ထည့်သွင်းပြီး ကျန် လက် တစ်ဖက် ဖြင့် ဝမ်းဗိုက်ကို ဖိ၍ သားအိမ်နှင့် မမျိုးဥအိမ်များကို စမ်းသပ် စစ်ဆေး မည်ဖြစ်သည်။ မိန်းမကိုယ်အတွင်းသို့ Speculum ခေါ် ကိရိယာ ထည့်သွင်း ၍ သားအိမ် ခေါင်း နှင့် မိန်းမကိုယ်အတွင်း ပုံမှန်မဟုတ်သော အခြေအနေများ ရှိမရှိ စစ်ဆေးမည် ဖြစ်သည်။
  • မိန်းမကိုယ်မှတစ်ဆင့် အာထရာဆောင်းရိုက်ခြင်း (Transvaginal ultrasound): အသံလှိုင်းများကို အသုံးပြု၍ သားအိမ်အတွင်းသား၏ အထူနှင့် ပုံသဏ္ဍာန်ကို စစ်ဆေးခြင်း ဖြစ်ပြီး သားအိမ်ကင်ဆာကို စစ်ဆေးရာတွင် ထိရောက်သော နည်းလမ်း ဖြစ်သည်။ Transducer ခေါ် ကိရိယာကို မိန်းမကိုယ်အတွင်း ထည့်သွင်းပြီး အသံလှိုင်းများ၏ အကူအညီဖြင့် သားအိမ်၏ ပုံရိပ်ကို ဖော်ထုတ်ကာ သားအိမ် အတွင်း သား ရှိ ပုံမှန်မဟုတ်သော အခြေအနေများကို ကြည့်ရှုခြင်း ဖြစ်သည်။
  • သားအိမ်အတွင်းကြည့် မှန်ပြောင်းကြည့်ခြင်း (Hysteroscopy): အလင်းရောင်ပါရှိသော သေးငယ်ပြီး ပျော့ပြောင်းသည့် ပြွန်ချောင်းလေးကို မိန်းမကိုယ်နှင့် သားအိမ်ခေါင်း မှ တစ်ဆင့် သားအိမ်အတွင်းသို့ ထည့်သွင်းကာ ဆရာဝန်က သားအိမ်အတွင်းပိုင်းနှင့် သားအိမ်အတွင်းသားလွှာကို စစ်ဆေးခြင်း ဖြစ်သည်။
  • သားအိမ်အတွင်းသား အသားစယူခြင်း (Endometrial biopsy): သေးငယ်ပြီး ပျော့ပြောင်းသော ပြွန်ချောင်းကို သားအိမ်ခေါင်းမှတစ်ဆင့် ထည့်သွင်းကာ သားအိမ်အတွင်းမှ အသားစနမူနာ ရယူခြင်းဖြစ်သည်။ ထိုသို့ရရှိလာသော အသားစကို ဓာတ်ခွဲခန်းသို့ ပို့ဆောင်စစ်ဆေးမည် ဖြစ်သည်။
  • ခွဲစိတ်၍ အသားစယူခြင်း: အသားစယူခြင်း (Biopsy) ဖြင့် လုံလောက်သော အသားစ မရရှိပါက သို့မဟုတ် ရလဒ်မရေရာပါက သားအိမ်ခြစ်ခြင်း (D&C) ပြုလုပ်ရန် လိုအပ် နိုင်သည်။ ဤလုပ်ငန်းစဉ်သည် သားအိမ်အတွင်းသားလွှာမှ ဆဲလ်များကို ခြစ်ယူ၍ ကင်ဆာရှိမရှိ အဏုကြည့်မှန်ပြောင်းဖြင့် စစ်ဆေးခြင်း ဖြစ်သည်။

သားအိမ်ကင်ဆာ အဆင့်သတ်မှတ်ခြင်း (Staging)

သားအိမ်ကင်ဆာရှိကြောင်း သိရှိပြီးနောက် အဆုတ်ဓာတ်မှန် (Chest X-ray)၊ စီတီစကင် (CT scan)၊ PET scan နှင့် သွေးစစ်ဆေးမှုများဖြင့် ကင်ဆာအဆင့်ကို ဆက်လက် သတ်မှတ် မည် ဖြစ်သည်။ အဆင့် (၁) သည် ကင်ဆာကျိတ်မှာ သားအိမ်အတွင်းမှ ကျော်လွန် ပျံ့နှံ့ခြင်း မရှိသေး ကြောင်း ပြသပြီး၊ အဆင့် (၄) သည် ကင်ဆာမှာ ဆီးအိမ် သို့မဟုတ် ခန္ဓာကိုယ်၏ အခြား အစိတ် အပိုင်းများ သို့ ပျံ့နှံ့နေပြီဖြစ်ကြောင်း ဖော်ပြသည်။

ကုသမှု (Treatment)

သားအိမ်ကင်ဆာကို ကုသရာတွင် သားအိမ်၊ သားအိမ်ပြွန်နှင့် မမျိုးဥအိမ်များကို ခွဲစိတ် ဖယ်ရှားခြင်း ဖြင့် ကုသလေ့ရှိသည်။ ထို့ပြင် ဓာတ်ရောင်ခြည်ဖြင့် ကုသခြင်း (Radiation therapy)၊ ဆေးသွင်းကုသခြင်း (Chemotherapy) တို့ကိုလည်း အသုံးပြုနိုင်သည်။ ဟော်မုန်းကုထုံး (Hormone therapy) သည် ကင်ဆာဆဲလ်များ မှီခိုနေသော ဟော်မုန်းများကို ပိတ်ဆို့ရန် ကူညီ ပေးသည်။ ထို့ပြင် ကင်ဆာဆဲလ်များကို တိုက်ရိုက်တိုက်ခိုက်သည့် ဦးတည်ကုထုံး (Targeted therapy) နှင့် ကင်ဆာကို တိုက်ထုတ်ရန် ကိုယ်ခံအားစနစ်ကို အသုံးချသော ကိုယ်ခံအားမြှင့်ကုထုံး (Immunotherapy) တို့ကိုလည်း အသုံးပြုနိုင်ပါသည်။

ခွဲစိတ်ကုသခြင်း (Surgery)

Hysterectomy သည် သားအိမ်၊ သားအိမ်ပြွန်နှင့် မမျိုးဥအိမ်များကို ခွဲစိတ်ဖယ်ရှားခြင်း ဖြစ်သည်။ မမျိုးဥအိမ်များကို ဖယ်ရှားခြင်းကြောင့် စောစီးစွာ သွေးဆုံးခြင်းကို ဖြစ်စေနိုင်သည်။ ခွဲစိတ်စဉ်အတွင်း ကင်ဆာပျံ့နှံ့ခြင်း ရှိမရှိ သားအိမ်ပတ်ဝန်းကျင်ကို စစ်ဆေးမည်ဖြစ်ပြီး ကင်ဆာ အဆင့် ကို ဆုံးဖြတ်ရန်အတွက် ပြန်ရည်ကျိတ် (Lymph nodes) များကိုလည်း ဖယ်ရှား စစ်ဆေး နိုင်သည်။

ဓာတ်ရောင်ခြည်ဖြင့် ကုသခြင်း (Radiation therapy)

X-rays သို့မဟုတ် ပရိုတွန် (Protons) ကဲ့သို့သော စွမ်းအားမြင့် စွမ်းအင်လှိုင်းများကို အသုံးပြု၍ ကင်ဆာဆဲလ်များကို ဖျက်ဆီးခြင်းဖြစ်သည်။ ၎င်းကို ခွဲစိတ်ပြီးနောက် ကင်ဆာပြန်ဖြစ်နိုင်ခြေ လျှော့ချရန် သို့မဟုတ် ခွဲစိတ်မှုမပြုမီ အကျိတ်အရွယ်အစား သေးငယ်သွားစေရန် အသုံးပြုနိုင်သည်။ ခွဲစိတ်မှု မပြုလုပ်နိုင်သော လူနာများအတွက်လည်း ဤနည်းလမ်းကို အသုံးပြုနိုင်ပါသည်။

 

  • ခန္ဓာကိုယ်ပြင်ပမှ ဓာတ်ရောင်ခြည်ပေးခြင်း: စက်ကိရိယာကို အသုံးပြု၍ ခန္ဓာကိုယ်၏ သတ်မှတ်ထားသော နေရာသို့ ဓာတ်ရောင်ခြည် လွှတ်ပေးခြင်းဖြစ်သည်။
  • ခန္ဓာကိုယ်အတွင်းမှ ဓာတ်ရောင်ခြည်ပေးခြင်း: ဓာတ်ရောင်ခြည်ပါသော ကိရိယာငယ်လေးကို မိန်းမကိုယ်အတွင်းသို့ ထည့်သွင်း၍ ကုသခြင်းဖြစ်သည်။

ဆေးသွင်းကုသခြင်း (Chemotherapy)

ဓာတုပစ္စည်းများကို အသုံးပြု၍ ကင်ဆာဆဲလ်များကို သတ်ခြင်းဖြစ်သည်။ ဆေးတစ်မျိုးတည်း သို့မဟုတ် ဆေးအမျိုးမျိုး ပေါင်းစပ်၍ သောက်ဆေး သို့မဟုတ် သွေးကြောထဲသို့ ဆေးသွင်းခြင်းဖြင့် ကုသနိုင်သည်။ ခွဲစိတ်မှုမပြုမီ အကျိတ်သေးသွားစေရန် သို့မဟုတ် ခွဲစိတ်ပြီးနောက် ကင်ဆာပြန်မဖြစ်စေရန် အသုံးပြုလေ့ရှိသည်။ ကင်ဆာအဆင့်မြင့်နေချိန် သို့မဟုတ် ပြန်ဖြစ်လာချိန်များတွင်လည်း အသုံးပြုရန် အကြံပြုလေ့ရှိသည်။

ဟော်မုန်းကုထုံး (Hormone therapy)

ခန္ဓာကိုယ်အတွင်းရှိ ဟော်မုန်းပမာဏကို လျှော့ချရန် ဆေးဝါးများ အသုံးပြုခြင်းဖြစ်သည်။ ရလဒ်အနေဖြင့် ဟော်မုန်းကို မှီခို၍ ကြီးထွားနေသော ကင်ဆာဆဲလ်များ သေဆုံးသွားနိုင်သည်။ ဤကုထုံးသည် ကင်ဆာမှာ သားအိမ်ပြင်ပသို့ ပျံ့နှံ့နေသော လူနာများအတွက် အထောက်အကူပြုနိုင်သည်။

 

ပစ်မှတ်ထားသော ကုထုံး (Targeted drug therapy)

ကင်ဆာဆဲလ်များ၏ အားနည်းချက်ကို တိုက်ခိုက်ခြင်း ဖြစ်သည်။ အဆင့်မြင့် သားအိမ်ကင်ဆာကို ကုသရာတွင် ပစ်မှတ်ထားသော ကုထုံးကို ဆေးသွင်းကုသခြင်း (Chemotherapy) နှင့် ပေါင်းစပ်အသုံးပြုလေ့ရှိသည်။

ကိုယ်ခံအားမြှင့်ကုထုံး (Immunotherapy)

ကိုယ်ခံအားစနစ်က ကင်ဆာကို တိုက်ထုတ်နိုင်ရန် ဆေးဝါးများဖြင့် ကူညီပေးခြင်းဖြစ်သည်။ ကင်ဆာဆဲလ်များသည် ကိုယ်ခံအားစနစ်က မသိရှိနိုင်အောင် ပရိုတင်းဓာတ်များ ထုတ်လုပ်ထားတတ်ပြီး ဤကုထုံးသည် ထိုဖြစ်စဉ်ကို နှောင့်ယှက်ကာ ကိုယ်ခံအားစနစ်က ကင်ဆာကို တိုက်ခိုက်နိုင်အောင် ပြုလုပ်ပေးသည်။

Alternate Image Text: သားအိမ်

Image title: သားအိမ်နှင့် မျိုးပွားအင်္ဂါအစိတ်အပိုင်းများ (Anatomy Labels)

  • Fallopian Tube: သားအိမ်ပြွန်
  • Uterus: သားအိမ်
  • Ovary: မမျိုးဥအိမ်
  • Endometrium: သားအိမ်အတွင်းသားလွှာ
  • Cancer: ကင်ဆာ (သားအိမ်ကင်ဆာ)
  • Myometrium: သားအိမ်ကြွက်သားလွှာ
  • Cervix: သားအိမ်ခေါင်း
  • Vagina: မိန်းမကိုယ်

Doctors who treat this condition