H2: Overview နာတာရှည် ကျောက်ကပ်ရောဂါသည် ကျောက်ကပ် ပျက်စီးပြီး ၎င်း၏ လုပ်ဆောင်နိုင်စွမ်းကို တဖြည်းဖြည်းချင်း ဆုံးရှုံးသွားသော အခြေအနေတစ်ခု ဖြစ်သည်။ ကျောက်ကပ် ပျက်စီးသွားသောအခါ ဆီးမှတစ်ဆင့် သွေးအတွင်းရှိ စွန့်ပစ်ပစ္စည်းများနှင့် ပိုလျှံနေသော အရည်များကို မဖယ်ရှားပေးနိုင်တော့ပါ။ ထိုသို့ဖြစ်ပါက ခန္ဓာကိုယ်အတွင်း အန္တရာယ်ရှိသော အရည်များ၊ အီလက်ထရိုလိုက်များနှင့် စွန့်ပစ်ပစ္စည်းများ စုပုံလာနိုင်ပြီး ၎င်းသည် ပုံမှန်အားဖြင့် နာတာရှည် ကျောက်ကပ်ရောဂါ အဆင့်မြင့်လာသောအခါတွင် ဖြစ်ပွားလေ့ရှိသည်။
ရောဂါ၏ ကနဦးအဆင့်များ သို့မဟုတ် နာတာရှည် ကျောက်ကပ်ရောဂါ စတင်ဖြစ်ပွားနေချိန်တွင် လူနာ၌ လက္ခဏာရပ်များနှင့် ရောဂါလက္ခဏာများစွာ မပြသနိုင်ပါ။ ထို့ကြောင့် ဤအခြေအနေသည် အဆင့်မြင့်မားလာသည်အထိ သတိမပြုမိဘဲ ရှိနေနိုင်သည်။
နာတာရှည် ကျောက်ကပ်ရောဂါ ကုသခြင်း၏ ရည်မှန်းချက်မှာ ပုံမှန်အားဖြင့် အရင်းခံအကြောင်းရင်းကို ကုသခြင်းဖြင့် ကျောက်ကပ် ထပ်မံပျက်စီးမှုကို နှေးကွေးစေရန် ဖြစ်သည်။ သို့သော်လည်း ကျောက်ကပ်ရောဂါ၏ အကြောင်းရင်းကို စနစ်တကျ ကုသနေလျှင်ပင် ကျောက်ကပ် ပိုမိုပျက်စီးလာခြင်းကို မတားဆီးနိုင်ပါ။ ကျောက်ကပ်ရောဂါသည် နောက်ဆုံးအဆင့် ကျောက်ကပ်ပျက်စီးခြင်းဟု ခေါ်ဆိုသော ကျောက်ကပ် အလုပ်မလုပ်တော့သည့် အခြေအနေသို့ ရောက်ရှိသွားနိုင်ပြီး ယင်းသည် အသက်ရှင်သန်နိုင်ခြေကို မြှင့်တင်ရန်အတွက် ကျောက်ကပ်ဆေးခြင်း (သို့မဟုတ်) ကျောက်ကပ် အစားထိုးကုသခြင်းတို့ ပြုလုပ်ရန် လိုအပ်မည်ဖြစ်သည်။
H2: Symptoms နာတာရှည် ကျောက်ကပ်ရောဂါရှိသော လူနာများသည် ရောဂါအဆင့်မြင့်လာသည်အထိ လက္ခဏာများနှင့် ရောဂါလက္ခဏာများကို ချက်ချင်း သတိမထားမိနိုင်ပါ။ ကျောက်ကပ် အလုပ်မလုပ်တော့သောအခါ ပိုလျှံနေသော အရည်များ၊ ခန္ဓာကိုယ်တွင်း စွန့်ပစ်ပစ္စည်းများနှင့် အီလက်ထရိုလိုက်များ စုပုံလာနိုင်သည်။ ရောဂါ တိုးတက်လာသည်နှင့်အမျှ လက္ခဏာများတွင် အောက်ပါတို့ ပါဝင်နိုင်သည် –
● ခြေထောက်နှင့် ခြေကျင်းဝတ်များ ဖောင်းအစ်လာခြင်း
● မျက်ကွင်းများ ဖောင်းအစ်ခြင်း
● ဆီးခဏခဏသွားခြင်း
● ပျို့ခြင်းနှင့် အန်ခြင်း
● အစာစားချင်စိတ် မရှိခြင်း
● စိတ်ရှုပ်ထွေးခြင်း
● အိပ်စက်ရခက်ခဲခြင်း
● နုံးခွေခြင်း သို့မဟုတ် အားနည်းခြင်း
● အသက်ရှူကျပ်ခြင်း
● ရင်ဘတ်နာကျင်ခြင်း
● ကြွက်တက်ခြင်း
● သွေးတိုးခြင်း
အခြားသော ရောဂါဝေဒနာများကြောင့်လည်း ဤလက္ခဏာများ ဖြစ်ပွားနိုင်သဖြင့် နာတာရှည် ကျောက်ကပ်ရောဂါ၏ လက္ခဏာများနှင့် ရောဂါလက္ခဏာများသည် ပုံမှန်အားဖြင့် တိကျသေချာမှု မရှိပါ။ ကျောက်ကပ်သည် ၎င်း၏လျော့နည်းသွားသော လုပ်ဆောင်ချက်ကို ဖြည့်ဆည်းပေးနိုင်စွမ်း ရှိသောကြောင့် ကျောက်ကပ် အမြဲတမ်း ပျက်စီးမှုမဖြစ်ပွားမချင်း လက္ခဏာရပ်များကို ခံစားရမည် မဟုတ်ပါ။
အကယ်၍ လူနာတွင် ဤလက္ခဏာများ သို့မဟုတ် ရောဂါလက္ခဏာများ ခံစားရပါက ဆရာဝန်နှင့် ပြသရန် ရက်ချိန်းယူပါ။ ကျောက်ကပ်ရောဂါကို စောလျင်စွာ သိရှိခြင်းက ရောဂါတိုးတက်လာခြင်းနှင့် နောက်ဆက်တွဲ ပြဿနာများကို ကာကွယ်ပေးနိုင်သည်။
ပုံမှန် ကျန်းမာရေး စစ်ဆေးမှုများ ပြုလုပ်စဉ်အတွင်း ဆရာဝန်သည် သွေးတိုးရှိ၊ မရှိ စစ်ဆေးခြင်းနှင့် ဆီး၊ သွေး စစ်ဆေးမှုများဖြင့် ကျောက်ကပ် လုပ်ဆောင်ချက်ကို စစ်ဆေးခြင်းတို့ ပြုလုပ်နိုင်သည် (အထူးသဖြင့် လူနာတွင် ကျောက်ကပ်ရောဂါ ဖြစ်နိုင်ခြေကို မြင့်တက်စေသော ရောဂါအခံ ရှိနေပါက ဖြစ်သည်)။ ဆရာဝန်သည် ရောဂါရှာဖွေရန် မည်သည့် စစ်ဆေးမှုများ လိုအပ်သည်ကို အတည်ပြု ပေးနိုင်ပါသည်။
H2: Causes နာတာရှည် ကျောက်ကပ်ရောဂါသည် များသောအားဖြင့် ကျောက်ကပ် လုပ်ဆောင်ချက်ကို ထိခိုက်စေသည့် အခြားသော ကျန်းမာရေး အခြေအနေများ သို့မဟုတ် ရောဂါဝေဒနာများကြောင့် ဖြစ်ပွားတတ်သည်။ ထိုအရင်းခံ အခြေအနေသည် ကျောက်ကပ်အပေါ် ဝန်ပိစေပြီး ကျောက်ကပ်ကို ပျက်စီးစေကာ အချိန်ကြာလာသည်နှင့်အမျှ ရောဂါ ပိုမိုဆိုးရွားလာစေသည်။ နာတာရှည် ကျောက်ကပ်ရောဂါကို ဖြစ်စေနိုင်သော အကြောင်းရင်းများမှာ အောက်ပါတို့ဖြစ်သည် –
● အမျိုးအစား ၁ သို့မဟုတ် အမျိုးအစား ၂ ဆီးချိုရောဂါ
● သွေးတိုးရောဂါ
● ကျောက်ကပ်အတွင်းရှိ အရည်စစ်ထုတ်သည့် နေရာများ ရောင်ရမ်းခြင်း (Glomerulonephritis)
● ကျောက်ကပ်အတွင်း အရည်စစ်ထုတ်သည့် ပြွန်ငယ်လေးများ ရောင်ရမ်းခြင်း (Interstitial nephritis)
● ကျောက်ကပ်အတွင်း ရေအိတ်တည်သောရောဂါ (Polycystic kidney disease) သို့မဟုတ် အခြားသော မျိုးရိုးလိုက် ကျောက်ကပ်ရောဂါများ
● ဆီးကြိတ်ကြီးခြင်း၊ ကျောက်ကပ်တွင် ကျောက်တည်ခြင်းနှင့် အချို့သော ကင်ဆာရောဂါများကြောင့် ဆီးသွားလမ်းကြောင်း ပိတ်ဆို့ခြင်း
● ဆီးသည် ကျောက်ကပ်အတွင်းသို့ နောက်ပြန်စီးဝင်သော အခြေအနေ (Vesicoureteral reflux)
● ကျောက်ကပ်အတွင်း အကြိမ်ကြိမ် ပိုးဝင်ခြင်း (Pyelonephritis)
H2: Risk factors အချက်အလက်များစွာသည် နာတာရှည် ကျောက်ကပ်ရောဂါ ဖြစ်ပွားနိုင်ခြေကို တိုးမြင့်စေနိုင်သည်။ ယင်းတို့တွင် အောက်ပါတို့ပါဝင်သည် –
● မျိုးရိုးလိုက်ခြင်း – မိသားစုဝင်များထဲတွင် ကျောက်ကပ်ရောဂါ ရာဇဝင်ရှိခြင်း
● အသက်အရွယ် – အသက်ကြီးလာသည်နှင့်အမျှ ရောဂါဖြစ်နိုင်ခြေ ပိုများလာခြင်း
● အခြားရောဂါများ – သွေးတိုးခြင်း၊ ဆီးချိုရောဂါ၊ နှလုံးရောဂါ ကဲ့သို့သော ရောဂါအခံများ ရှိနေခြင်းက ကျောက်ကပ်ရောဂါ ဖြစ်နိုင်ခြေကို မြင့်တက်စေနိုင်ခြင်း
● ခန္ဓာကိုယ်ထုထည်ညွှန်းကိန်း (Body Mass Index) – ခန္ဓာကိုယ်ထုထည်ညွှန်းကိန်း ပုံမှန်ထက် မြင့်မားနေသူ သို့မဟုတ် ကိုယ်အလေးချိန် လွန်ကဲနေသူများတွင် ဖြစ်နိုင်ခြေ ပိုများခြင်း
● ဆေးဝါးများ – အချို့သော ဆေးဝါးများကို အချိန်ကြာမြင့်စွာ အသုံးပြုခြင်းက ကျောက်ကပ်ရောဂါ ဖြစ်နိုင်ခြေကို တိုးမြင့်စေခြင်း
● ဆေးလိပ်သောက်ခြင်း
● ပုံမှန်မဟုတ်သော ကျောက်ကပ် ဖွဲ့စည်းပုံရှိခြင်း

H2: Diagnosis
ကျောက်ကပ်ရောဂါရှိကြောင်း ရောဂါရှာဖွေနိုင်ရန်အတွက် ဆရာဝန်သည် ကနဦးတွင် သင်၏ တစ်ကိုယ်ရေနှင့် မိသားစု ဆေးဘက်ဆိုင်ရာ ရာဇဝင်များကို မေးမြန်းဆွေးနွေးမည် ဖြစ်သည်။ ဆရာဝန်သည် မိသားစုအတွင်း ကျောက်ကပ်ရောဂါ ဖြစ်ဖူးသည့် ရာဇဝင် ရှိ၊ မရှိ၊ သွေးတိုးရောဂါ ရာဇဝင် ရှိ၊ မရှိ၊ ဆေးဝါးများကို အချိန်ကြာမြင့်စွာ သောက်သုံးခဲ့ခြင်း ရှိ၊ မရှိ၊ ဆီးသွားသည့် ပုံစံများ ပြောင်းလဲခြင်း ရှိ၊ မရှိ နှင့် အခြားသော အချက်အလက်များကို မေးမြန်းနိုင်ပါသည်။ ထို့နောက်တွင် ခန္ဓာကိုယ်ပိုင်းဆိုင်ရာနှင့် အာရုံကြောဆိုင်ရာ စမ်းသပ်မှုများကို ပြုလုပ်ရန် လိုအပ်နိုင်သည်။ ဆရာဝန်သည် နှလုံး သို့မဟုတ် သွေးကြောဆိုင်ရာ ပြဿနာများ၏ လက္ခဏာများ ရှိ၊ မရှိကိုလည်း အကဲဖြတ်ပါလိမ့်မည်။
ဆရာဝန်သည် ရောဂါရှာဖွေမှုကို အတည်ပြုရန်နှင့် ကျောက်ကပ်ရောဂါ၏ ပြင်းထန်မှုကို စစ်ဆေးရန်အတွက် ဓာတ်ခွဲခန်းစစ်ဆေးမှုများနှင့် လုပ်ထုံးလုပ်နည်းများကို တောင်းဆိုနိုင်သည်။ အသုံးများသော စစ်ဆေးမှုများတွင် အောက်ပါတို့ပါဝင်သည် –
● သွေးစစ်ဆေးခြင်း – ဆရာဝန်သည် သင့်သွေးအတွင်းရှိ ကရီရက်တနင်း (creatinine) နှင့် ယူရီးယား (urea) ဟုခေါ်သော စွန့်ပစ်ပစ္စည်းများကို စစ်ဆေးပါလိမ့်မည်။
● ဆီးစစ်ဆေးခြင်း – ဤစစ်ဆေးမှုသည် ဆီးထဲတွင် ပရိုတင်း (အယ်လ်ဗျူမင်) သို့မဟုတ် သွေး ပါဝင်နေခြင်း ရှိ၊ မရှိကို ဆုံးဖြတ်ပေးပါမည်။ ၎င်းနှစ်ခုအနက် တစ်ခုခု ပါဝင်နေခြင်းသည် နာတာရှည် ကျောက်ကပ်ရောဂါ၏ လက္ခဏာတစ်ခု ဖြစ်နိုင်သည်။ ၎င်းသည် ကျောက်ကပ်ရောဂါ၏ အရင်းခံအကြောင်းရင်းကို သိရှိနိုင်ရန် ကူညီပေးနိုင်သည်။
● ပုံရိပ်ဖော်စစ်ဆေးခြင်း – ကျောက်ကပ်၏ တည်ဆောက်ပုံနှင့် အရွယ်အစားကို အကဲဖြတ်ရန် အာထရာဆောင်း၊ သံလိုက်ဓာတ်မှန် (MRI) နှင့်/သို့မဟုတ် ကွန်ပျူတာဓာတ်မှန် (CT) စကန်ဖတ်ခြင်းများကို ပြုလုပ်ရန် အကြံပြုပါလိမ့်မည်။
● စစ်ဆေးရန် ကျောက်ကပ်တစ်ရှူးနမူနာကို ထုတ်ယူခြင်း – ကျောက်ကပ်တစ်ရှူးနမူနာကို ရယူခြင်းဖြစ်သော ကျောက်ကပ်အသားစယူစစ်ဆေးခြင်း (kidney biopsy) ကို ပြုလုပ်ရန် ဆရာဝန်က အကြံပြုနိုင်သည်။ အပ်တစ်ချောင်းကို အသုံးပြု၍ နမူနာအနည်းငယ်ကို ထုတ်ယူပြီး ကျောက်ကပ်ကို ရောဂါရှာဖွေရာတွင် အထောက်အကူဖြစ်စေရန် ဆဲလ်များကို ဓာတ်ခွဲခန်း၌ စစ်ဆေးသည်။ ကျောက်ကပ်အသားစယူခြင်း လုပ်ထုံးလုပ်နည်းကို ထုံဆေးအသုံးပြု၍ ပြုလုပ်သည်။
H2: Treatment
ကျောက်ကပ်ရောဂါကို ကုသနိုင်မည့် အခွင့်အလမ်းသည် အရင်းခံအကြောင်းရင်းအပေါ်တွင် မူတည်သည်။ သို့သော်လည်း ဖြစ်ရပ်အများစုတွင် နာတာရှည် ကျောက်ကပ်ရောဂါသည် ပျောက်ကင်းအောင် ကုသ၍မရနိုင်ပါ။
ပေးအပ်သောကုသမှုသည် ရောဂါလက္ခဏာများကို စီမံခန့်ခွဲရန်၊ နောက်ဆက်တွဲပြဿနာများကို လျှော့ချရန်နှင့် ရောဂါပိုမိုဆိုးရွားလာခြင်းကို နှေးကွေးစေရန်သာ ကူညီပေးနိုင်သည်။ ကျောက်ကပ်သည် သိသိသာသာ ပျက်စီးသွားပါက လူနာသည် နောက်ဆုံးအဆင့် ကျောက်ကပ်ပျက်စီးခြင်းအတွက် ကုသမှုခံယူရန် လိုအပ်နိုင်သည်။
အတည်ပြုထားသော အကြောင်းရင်းကို ကုသခြင်း –
ဆရာဝန်သည် ကျောက်ကပ်ရောဂါ ပိုမိုဆိုးရွားမလာစေရန် တားဆီးရန်အတွက် ရောဂါဖြစ်စေသော အကြောင်းရင်းကို ထိရောက်စွာ စီမံကုသခြင်းအပေါ် အာရုံစိုက်ပါလိမ့်မည်။ ကျောက်ကပ်ရောဂါဖြစ်စေသည့် အကြောင်းရင်းက သင့်လျော်သော ကုသမှုအမျိုးအစားကို ဆုံးဖြတ်ပေးမည်ဖြစ်သည်။ သို့သော်လည်း ဆီးချိုရောဂါ သို့မဟုတ် သွေးတိုးရောဂါကဲ့သို့သော အရင်းခံရောဂါကို စနစ်တကျ ကုသထားလျှင်ပင် ကျောက်ကပ် ပျက်စီးမှုသည် ဆက်လက်ဖြစ်ပွားနေနိုင်သည်။
နောက်ဆက်တွဲပြဿနာများကို ကုသခြင်း –
ကျောက်ကပ်ရောဂါနှင့် ဆက်စပ်နေသော နောက်ဆက်တွဲပြဿနာများကို စီမံခန့်ခွဲခြင်းသည် လူနာများ၏ သက်တောင့်သက်သာရှိမှုကို မြှင့်တင်ပေးနိုင်သည်။ ဖြစ်နိုင်ချေရှိသော ကုသမှုများတွင် အောက်ပါတို့ပါဝင်သည် –
● သွေးတိုးကျဆေးများ – သွေးတိုးခြင်းသည် ကျောက်ကပ်ရောဂါလူနာများတွင် ပိုမိုဆိုးရွားလာနိုင်သည်။ ဆရာဝန်များသည် သွေးဖိအားကို လျှော့ချရန်နှင့် ကျောက်ကပ်လုပ်ဆောင်ချက်ကို ကာကွယ်ရန်အတွက် အင်ဂျီယိုတန်းဆင် ပြောင်းလဲပေးသည့် အင်ဇိုင်း (ACE) ကို တားဆီးပေးသော ဆေးများ သို့မဟုတ် အင်ဂျီယိုတန်းဆင် တူး ရီဆက်ပတာကို ပိတ်ဆို့ပေးသော ဆေးများကို မကြာခဏ ညွှန်ကြားလေ့ရှိသည်။
● သွေးတိုးကျဆေးများသည် အီလက်ထရိုလိုက်ပမာဏကို သက်ရောက်မှုရှိစေနိုင်ပြီး ကနဦးတွင် ကျောက်ကပ်လုပ်ဆောင်ချက်ကို လျှော့ချနိုင်သောကြောင့် လူနာသည် စွန့်ပစ်ပစ္စည်းများ၏ အခြေအနေကို စောင့်ကြည့်ရန် သွေးခဏခဏ စစ်ဆေးရန် လိုအပ်နိုင်သည်။ ဆားလျှော့စားသည့် အစားအသောက်ပုံစံနှင့် ဆီးဆေးများကိုလည်း အကြံပြုနိုင်သည်။
● ဖောင်းအစ်ခြင်းကို သက်သာစေမည့် ကုသမှုများ – နာတာရှည် ကျောက်ကပ်ရောဂါရှိသူများတွင် အရည်များ စုပုံလာခြင်းသည် ဖြစ်လေ့ရှိသည်။ ယင်းကြောင့် သွေးတိုးခြင်းနှင့် ခြေလက်များ ဖောင်းအစ်ခြင်းတို့ ဖြစ်ပွားနိုင်သည်။ ဆီးဆေးဟု ခေါ်ဆိုသော ဆေးဝါးများ၏ အကူအညီဖြင့် ခန္ဓာကိုယ်အတွင်းရှိ အရည်ပမာဏကို သင့်လျော်စွာ ထိန်းသိမ်းထားနိုင်သည်။
● သွေးအားနည်းရောဂါကို ကုသရန် ဆေးဝါးများ – သွေးနီဥထုတ်လုပ်မှုကို မြှင့်တင်ပေးခြင်းက ကျောက်ကပ်လုပ်ဆောင်ချက်ကို ကောင်းမွန်စေရန် ကူညီပေးနိုင်သည်။ အီရီသရိုပိုရက်တင်း (Erythropoietin) ဟော်မုန်းနှင့် သံဓာတ်တို့သည် ဤအခန်းကဏ္ဍတွင် ပါဝင်လုပ်ဆောင်သည်။ ၎င်းသည် သွေးအားနည်းရောဂါနှင့် ဆက်စပ်နေသော အားနည်းခြင်းနှင့် နုံးခွေခြင်းတို့ကို လျော့နည်းစေနိုင်သည်။
● ကိုလက်စထရောပမာဏကို လျှော့ချရန် ကုသမှုများ – နာတာရှည် ကျောက်ကပ်ရောဂါရှိသူများတွင် မကောင်းသော ကိုလက်စထရောပမာဏ မြင့်မားနေခြင်းသည် ဖြစ်လေ့ရှိပြီး ယင်းက နှလုံးရောဂါဖြစ်နိုင်ခြေကို မြင့်တက်စေနိုင်သည်။ ကိုလက်စထရော လျှော့ချရန်အတွက် ၎င်းတို့ကို စတက်တင် (statins) ဟုခေါ်သော ဆေးဝါးများ သောက်သုံးရန် အကြံပြုနိုင်သည်။
● အရိုးများကို ကာကွယ်ရန် ကုသမှုများ – ဗီတာမင် ဒီနှင့် ကယ်လ်စီယမ် အားဆေးများသည် အရိုးကျန်းမာရေးကို မြှင့်တင်ပေးနိုင်သည်။ သွေးအတွင်းရှိ ဖော့စဖိတ်ပမာဏကို လျှော့ချရန်နှင့် ကယ်လ်စီယမ် စုပုံလာခြင်းကြောင့် သွေးကြောများ ပျက်စီးခြင်းမှ ကာကွယ်ရန်အတွက် ဖော့စဖိတ် ပေါင်းစပ်ဆေး (phosphate binder) ဟုခေါ်သော ဆေးကိုလည်း သောက်သုံးနိုင်သည်။
● သွေးအတွင်းရှိ စွန့်ပစ်ပစ္စည်းများကို လျှော့ချရန်အတွက် ပရိုတင်းဓာတ်နည်းသော အစားအသောက်များကို စားသုံးခြင်း – ခန္ဓာကိုယ်က အစားအသောက်မှ ပရိုတင်းများကို ခြေဖျက်သည့်အခါ ကျောက်ကပ်သည် သွေးအတွင်းရှိ စွန့်ပစ်ပစ္စည်းများကို ဖယ်ရှားပေးရသည်။ ဆရာဝန်သည် ကျောက်ကပ်၏ လုပ်ဆောင်ရမည့် ဝန်ထုပ်ဝန်ပိုးကို လျှော့ချရန်အတွက် ပရိုတင်းဓာတ် လျှော့စားရန် အကြံပြုနိုင်သည်။ အရည်အချင်းရှိသော အာဟာရပညာရှင်တစ်ဦးသည် အာဟာရမျှတအောင် စားသုံးရင်း ပရိုတင်းဓာတ်ကို မည်သို့လျှော့စားရမည်ဆိုသည့်အပေါ် အကြံဉာဏ်ပေးနိုင်သည်။
ကုသမှုသည် ကျောက်ကပ်ပျက်စီးမှုကို နှေးကွေးအောင် လုပ်ဆောင်ပေးနိုင်ခြင်း ရှိ၊ မရှိ သေချာစေရန် ဆရာဝန်နှင့် ပုံမှန်ပြသစစ်ဆေးရန် လိုအပ်သည်။
နောက်ဆုံးအဆင့် ကျောက်ကပ်ရောဂါအတွက် ကုသခြင်း –
နောက်ပြန်မလှည့်နိုင်သော ကျောက်ကပ်ပျက်စီးခြင်းဟု တစ်ခါတစ်ရံ ခေါ်ဆိုသော နောက်ဆုံးအဆင့် ကျောက်ကပ်ရောဂါသည် စွန့်ပစ်ပစ္စည်းများနှင့် အရည်များကို ၎င်းဘာသာ မဖယ်ရှားနိုင်တော့ခြင်းကို ဆိုလိုသည်။ ဤအဆင့်တွင် ကျောက်ကပ်ဆေးခြင်း (သို့မဟုတ်) ကျောက်ကပ်အစားထိုးခြင်းသည် လိုအပ်သည်။
● ကျောက်ကပ်ဆေးခြင်း (Dialysis) – ကျောက်ကပ်သည် သွေးအတွင်းရှိ စွန့်ပစ်ပစ္စည်းများနှင့် ပိုလျှံနေသော အရည်များကို စစ်ထုတ်မပေးနိုင်တော့သောအခါ ကျောက်ကပ်ဆေးခြင်းက လူနာကို ကူညီပေးနိုင်သည်။ စက်ဖြင့် သွေးဆေးခြင်း (hemodialysis) ပြုလုပ်နေစဉ်အတွင်း စက်ပစ္စည်းတစ်ခုက သွေးထဲမှ စွန့်ပစ်ပစ္စည်းများနှင့် ပိုလျှံနေသော အရည်များကို သီးခြားခွဲထုတ်ပေးသည်။
● ဝမ်းဗိုက်ဖြင့် ကျောက်ကပ်ဆေးခြင်း (peritoneal dialysis) ပြုလုပ်စဉ်အတွင်း ပိုက်အပါးလေးတစ်ခုကို ဝမ်းဗိုက်အတွင်းသို့ ထည့်သွင်းပြီး ကျောက်ကပ်ဆေးရည်ကို ဖြည့်သွင်းသည်။ ၎င်းဆေးရည်က စွန့်ပစ်ပစ္စည်းများနှင့် ပိုလျှံနေသော အရည်များကို စုပ်ယူသည်။ ခဏကြာပြီးနောက် စုပ်ယူထားသော စွန့်ပစ်ပစ္စည်းများ အပါအဝင် ကျောက်ကပ်ဆေးရည်ကို ဝမ်းဗိုက်အတွင်းမှ ပြန်လည်ထုတ်ယူသည်။
● ကျောက်ကပ် အစားထိုးကုသခြင်း (Kidney transplant) – အသက်ရှင်နေသူ သို့မဟုတ် မကြာသေးမီက ကွယ်လွန်သွားသော အလှူရှင်ထံမှ ကျောက်ကပ်ကို လက်ခံမည့်သူ၏ ကိုယ်ခန္ဓာအတွင်းသို့ အစားထိုးထည့်သွင်းပေးသည့် ခွဲစိတ်မှု လုပ်ထုံးလုပ်နည်း ဖြစ်သည်။
● ခန္ဓာကိုယ်က အင်္ဂါသစ်ကို ငြင်းပယ်ခြင်းမှ ကာကွယ်ရန် အစားထိုးကုသမှု ခံယူပြီးနောက် လူနာသည် တစ်သက်တာလုံး ဆေးဝါးများ သောက်သုံးရန် လိုအပ်နိုင်သည်။ ကျောက်ကပ်ဆေးမနေရသူများအတွက် ကျောက်ကပ်အစားထိုးရန် မလိုအပ်ပါ။
တတိယရွေးချယ်စရာတစ်ခုမှာ ကျောက်ကပ်ဆေးခြင်း သို့မဟုတ် ကျောက်ကပ်အစားထိုးခြင်းကို မပြုလုပ်ရန် ဆုံးဖြတ်ပါက ကျောက်ကပ်ပျက်စီးခြင်းကို သမရိုးကျနည်းလမ်းများဖြင့် စီမံခန့်ခွဲခြင်းဖြစ်သည်။ ရောဂါလက္ခဏာများကို ထိန်းချုပ်ခြင်း၊ ကြိုတင်စောင့်ရှောက်မှု အစီအစဉ်ဆွဲခြင်းနှင့် သက်တောင့်သက်သာရှိစေမည့် စောင့်ရှောက်မှု (palliative care) တို့သည် ဤသမရိုးကျနည်းလမ်းများတွင် ပါဝင်နိုင်သည်။

Doctors who treat this condition