ဝှေးစေ့ရောင်ရမ်းခြင်း

အကျဥ်းချုပ်

ဝှေးစေ့တစ်ခု သို့မဟုတ် နှစ်ခုလုံး ရောင်ရမ်းခြင်းကို ဝှေးစေ့ရောင်ရမ်းခြင်း (Orchitis) ဟု ခေါ်ဆိုပါသည်။ ၎င်းသည် ဗိုင်းရပ်စ် သို့မဟုတ် ဘက်တီးရီးယား ကူးစက်ပိုးများကြောင့် ဖြစ်ပွားနိုင်သလို၊ အချို့သောအခြေအနေများတွင် ထင်ရှားသော အကြောင်းရင်း မရှိဘဲလည်း ဖြစ်ပွားတတ်ပါသည်။ ဝှေးစေ့ရောင်ရမ်းခြင်းကို ဖြစ်စေသည့် အသုံးအများဆုံး အကြောင်းရင်းမှာ ဘက်တီးရီးယားပိုး ကူးစက်ခြင်းဖြစ်ပြီး အထူးသဖြင့် လိင်မှတစ်ဆင့် ကူးစက်တတ်သောရောဂါများ (STI) ကြောင့် ဖြစ်လေ့ရှိပါသည်။ ရံဖန်ရံခါတွင် ပါးချိတ်ရောင်ရောဂါပိုး (Mumps virus) ကြောင့်လည်း ဝှေးစေ့ရောင်ရမ်းခြင်း ဖြစ်ပေါ်နိုင်ပါသည်။

ဘက်တီးရီးယားကြောင့် ဝှေးစေ့ရောင်ခြင်းသည် ဝှေးစေ့၏နောက်ဘက်ရှိ သုက်ပိုးများကို သိုလှောင်ကာ ပို့ဆောင်ပေးသည့် ပြွန်လေး (Epididymis) ကိုပါ ရောင်ရမ်းစေနိုင်ပြီး ထိုအခြေအနေကို Epididymo-orchitis ဟု ခေါ်ဆိုပါသည်။

ဝှေးစေ့ရောင်ခြင်းသည် နာကျင်မှုကို ဖြစ်စေသည့်အပြင် မျိုးအောင်နိုင်စွမ်း (Fertility) ကိုပါ ထိခိုက်စေနိုင်ပါသည်။ ဘက်တီးရီးယားကြောင့် ဖြစ်သော ဝှေးစေ့ရောင်ခြင်းကို ဆေးဝါးများဖြင့် အရင်းအမြစ်မှ ရှာဖွေကုသနိုင်ပြီး၊ ဗိုင်းရပ်စ်ကြောင့် ဖြစ်သော ဝှေးစေ့ရောင်ခြင်းတွင်လည်း ဖြစ်ပေါ်လာသော လက္ခဏာများကို သက်သာအောင် ဆောင်ရွက်ပေးနိုင်ပါသည်။ သို့သော် ဝှေးစေ့အိတ် နာကျင်မှု ပျောက်ကင်းရန်အတွက် ရက်သတ္တပတ်အချို့ ကြာမြင့်နိုင်ပါသည်။

ရောဂါလက္ခဏာများ

ဝှေးစေ့ရောင်ရမ်းခြင်း၏ လက္ခဏာများနှင့် အချက်ပြမှုများတွင် အောက်ပါတို့ ပါဝင်နိုင်ပါသည် –

  • ဝှေးစေ့တစ်ခု သို့မဟုတ် နှစ်ခုလုံး ရောင်ရမ်းခြင်း။
  • အပျော့စားမှသည် ပြင်းထန်သော အဆင့်အထိ ဝှေးစေ့နာကျင်ခြင်း။
  • နုံးခွေခြင်း သို့မဟုတ် နေထိုင်မကောင်းဖြစ်ခြင်း။
  • ဖျားခြင်းနှင့် ချမ်းတုန်ခြင်း။
  • ပျို့အန်ခြင်း။

ရံဖန်ရံခါတွင် “ဆီးစပ်နာခြင်း (Groin pain)” နှင့် “ဝှေးစေ့နာခြင်း (Testicle pain)” တို့ကို ရောထွေးအသုံးပြုလေ့ ရှိကြပါသည်။ သို့သော် ဆီးစပ်နာခြင်းသည် ဝှေးစေ့မှ စတင်ခြင်းမဟုတ်ဘဲ ပေါင်နှင့် ဝမ်းဗိုက်ကြားရှိ အရေပြားတွန့်ရာနေရာမှ စတင်ခြင်း ဖြစ်ပါသည်။ ၎င်းသည် ဝှေးစေ့နာကျင်ခြင်းနှင့် မတူညီဘဲ ဖြစ်ပွားရသည့် အကြောင်းရင်းများလည်း ကွဲပြားပါသည်။

ဝှေးစေ့နာကျင်ခြင်းကို အခြေအနေအမျိုးမျိုးက ဖြစ်ပေါ်စေနိုင်ပြီး အချို့မှာ ချက်ချင်းကုသမှု ခံယူရန် လိုအပ်ပါသည်။ ဝှေးစေ့အိမ်တွင်း သုက်ကြိုးလိမ်ခြင်း (Testicular torsion) သည် ဝှေးစေ့ရောင်ရမ်းခြင်းနှင့် ဆင်တူသော နာကျင်မှုကို ဖြစ်စေနိုင်သည့် အခြေအနေတစ်ခု ဖြစ်ပါသည်။ ၎င်းတွင် သုက်ကြိုး (Spermatic cord) လိမ်သွားခြင်း ပါဝင်ပါသည်။ သင်၏ နာကျင်မှုကို ဖြစ်စေသော အကြောင်းရင်းကို တိကျစွာ သိရှိနိုင်ရန် ဆရာဝန်မှ စစ်ဆေးမှုများ ပြုလုပ်ပါလိမ့်မည်။

ဝှေးစေ့အိတ် နာကျင်ခြင်း သို့မဟုတ် ရောင်ရမ်းခြင်းကို ခံစားရပါက (အထူးသဖြင့် ရုတ်တရက် ဖြစ်ပေါ်လာပါက) ဆရာဝန်နှင့် အမြန်ဆုံး သွားရောက်ပြသပါ။

အကြောင်းအရင်းများ

ဝှေးစေ့ရောင်ရမ်းခြင်းသည် ဘက်တီးရီးယား သို့မဟုတ် ဗိုင်းရပ်စ်ပိုးများ ကူးစက်ခြင်းကြောင့် ဖြစ်ပွားနိုင်ပါသည်။ အများအားဖြင့် ဆီးလမ်းကြောင်းပိုးဝင်ခြင်း သို့မဟုတ် လိင်မှတစ်ဆင့် ကူးစက်တတ်သောရောဂါများ (STIs) ဖြစ်သည့် ခလိုင်မီးဒီးယား (Chlamydia)၊ ဂနိုရောဂါ (Gonorrhea) သို့မဟုတ် ကာလသားရောဂါ (Syphilis) တို့မှတစ်ဆင့် ဖြစ်ပွားလေ့ရှိပါသည်။ အစေ့နောက်ပြွန်ရောင်ခြင်း (Epididymitis) သည်လည်း ဝှေးစေ့ရောင်ရမ်းခြင်းကို ဖြစ်စေသည့် အကြောင်းရင်းတစ်ခု ဖြစ်နိုင်ပါသည်။

  • ဘက်တီးရီးယားကြောင့် ဝှေးစေ့ရောင်ခြင်း (Bacterial orchitis): အခြေအနေအများစုတွင် ဘက်တီးရီးယားကြောင့် ဝှေးစေ့ရောင်ခြင်းသည် အစေ့နောက်ပြွန်ရောင်ခြင်းနှင့် ဆက်စပ်နေတတ်ပါသည်။ ပုံမှန်အားဖြင့် ဆီးအိမ် သို့မဟုတ် ဆီးပြွန်တွင် ပိုးဝင်ရာမှတစ်ဆင့် အစေ့နောက်ပြွန် (Epididymis) ထံသို့ ပိုးပျံ့နှံ့သွားခြင်းကြောင့် ဖြစ်ပါသည်။

၎င်းပိုးဝင်ခြင်းသည် များသောအားဖြင့် လိင်မှတစ်ဆင့် ကူးစက်တတ်သောရောဂါ (STI) ကြောင့် ဖြစ်လေ့ရှိပါသည်။ အခြားသော အကြောင်းရင်းများမှာ ဆီးပိုက်ထည့်ခြင်း သို့မဟုတ် ဆီးလမ်းကြောင်းအတွင်းသို့ ဆေးဘက်ဆိုင်ရာ ကိရိယာများ ထည့်သွင်းခြင်း၊ သို့မဟုတ် မွေးရာပါ ဆီးလမ်းကြောင်း တည်ဆောက်ပုံ မမှန်ကန်ခြင်းတို့ကြောင့်လည်း ဖြစ်နိုင်ပါသည်။

  • ဗိုင်းရပ်စ်ကြောင့် ဝှေးစေ့ရောင်ခြင်း (Viral orchitis): ဗိုင်းရပ်စ်ကြောင့် ဝှေးစေ့ရောင်ခြင်းသည် များသောအားဖြင့် ပါးချိတ်ရောင်ဗိုင်းရပ်စ် (Mumps virus) ကြောင့် ဖြစ်ပါသည်။ လူပျိုဖော်ဝင်ပြီးနောက် ပါးချိတ်ရောင်ရောဂါ ဖြစ်ပွားသည့် ယောက်ျားလေး သုံးပုံတစ်ပုံခန့်တွင် ဝှေးစေ့ရောင်ခြင်း ဖြစ်ပွားလေ့ရှိပြီး အများအားဖြင့် ပါးချိတ်ရောင်ပြီး (၄) ရက်မှ (၇) ရက်အတွင်း စတင်ဖြစ်ပွားတတ်ပါသည်။

ဝှေးစေ့ရောင်ရမ်းခြင်း ပိုမိုဖြစ်ပွားစေလွယ်သောအချက်များ

လိင်မှတစ်ဆင့် ကူးစက်တတ်သော ဝှေးစေ့ရောင်ရမ်းခြင်း (Sexually transmitted orchitis) သည် လိင်မှတစ်ဆင့် ကူးစက်တတ်သောရောဂါများ (STIs) ဖြစ်ပွားစေနိုင်သည့် လိင်ပိုင်းဆိုင်ရာ အပြုအမူများနှင့် ဆက်စပ်နေပါသည်။ အဆိုပါ အပြုအမူများတွင် အောက်ပါတို့ ပါဝင်ပါသည် –

  • လိင်ဆက်ဆံဖော် အများအပြား ရှိခြင်း။
  • လိင်မှတစ်ဆင့် ကူးစက်တတ်သောရောဂါ (STI) ရှိသူနှင့် လိင်ဆက်ဆံခြင်း။
  • ကွန်ဒုံးကဲ့သို့သော အကာအကွယ် အသုံးမပြုဘဲ လိင်ဆက်ဆံခြင်း။
  • မိမိတွင် လိင်မှတစ်ဆင့် ကူးစက်တတ်သောရောဂါ ရာဇဝင် ရှိဖူးခြင်း။

လိင်မှတစ်ဆင့် ကူးစက်ခြင်းမဟုတ်သော ဝှေးစေ့ရောင်ရမ်းခြင်း (Non-sexually transmitted orchitis) အတွက် ရောဂါဖြစ်နိုင်ခြေ ပိုမိုစေသည့် အချက်များမှာ အောက်ပါအတိုင်း ဖြစ်ပါသည် –

  • မွေးရာပါ ဆီးလမ်းကြောင်း တည်ဆောက်ပုံ မမှန်ကန်ခြင်း။
  • ပါးချိတ်ရောင်ရောဂါ ကာကွယ်ဆေး (Mumps vaccination) ထိုးနှံထားခြင်း မရှိခြင်း။
  • ဆီးလမ်းကြောင်း ပိုးဝင်ခြင်း မကြာခဏ ဖြစ်ပွားခြင်း။
  • ဆီးလမ်းကြောင်း သို့မဟုတ် မျိုးပွားအင်္ဂါ အစိတ်အပိုင်းများကို ခွဲစိတ်မှု ပြုလုပ်ထားခြင်း။

ရောဂါရှာဖွေခြင်း

သင်၏ ကျန်းမာရေးစောင့်ရှောက်မှုပေးသူ (ဆရာဝန်) သည် သင်၏ ကျန်းမာရေးရာဇဝင်ကို ပြန်လည်သုံးသပ်မည်ဖြစ်ပြီး ရောင်ရမ်းနေသော ဝှေးစေ့များနှင့် ဆီးစပ်ရှိ ရောင်ရမ်းနေသော ပြန်ရည်ကျိတ် (Lymph nodes) များကို စစ်ဆေးရန် ကိုယ်ခန္ဓာပိုင်းဆိုင်ရာ စမ်းသပ်မှုများ ပြုလုပ်ပါလိမ့်မည်။ ထို့ပြင် ဆီးကျိတ်ကြီးခြင်း သို့မဟုတ် ဆီးကျိတ်နာကျင်ခြင်း ရှိ၊ မရှိ စစ်ဆေးရန်အတွက် စအိုမှတစ်ဆင့် စမ်းသပ်စစ်ဆေးခြင်း (Rectal examination) ကိုလည်း ပြုလုပ်နိုင်ပါသည်။

ဆရာဝန်မှ အောက်ပါစစ်ဆေးမှုများကို ပြုလုပ်ရန် အကြံပြုနိုင်ပါသည်။

  • တီဗွီဓာတ်မှန်ရိုက်ခြင်း (Ultrasound): ၎င်းသည် ဝှေးစေ့နာကျင်ခြင်းကို စစ်ဆေးရန် အသုံးအများဆုံး ပုံရိပ်ဖော်စစ်ဆေးမှု ဖြစ်ပါသည်။ Color Doppler နည်းပညာသုံး တီဗွီဓာတ်မှန်ဖြင့် ဝှေးစေ့သို့ သွေးစီးဆင်းမှု အခြေအနေကို ကြည့်ရှုနိုင်ပါသည်။ အကယ်၍ သွေးစီးဆင်းမှုသည် ပုံမှန်ထက် များနေပါက ဝှေးစေ့ရောင်ရမ်းခြင်း (Orchitis) ကို အတည်ပြုနိုင်ပြီး၊ သွေးစီးဆင်းမှု နည်းနေပါက သုက်ကြိုးလိမ်ခြင်း (Torsion) ဖြစ်နိုင်ကြောင်း ဖော်ပြနိုင်ပါသည်။
  • ဆီးစစ်ခြင်း (Urinalysis): ဆီးနမူနာကို စစ်ဆေးခြင်းဖြင့် ပုံမှန်မဟုတ်သော အခြေအနေများကို ရှာဖွေနိုင်ပြီး ဗိုင်းရပ်စ် သို့မဟုတ် ဘက်တီးရီးယားပိုးဝင်ခြင်း ရှိ၊ မရှိကို အတည်ပြုနိုင်ပါသည်။ အချို့သော လိင်မှတစ်ဆင့် ကူးစက်တတ်သောရောဂါ (STI) စစ်ဆေးမှုများအတွက်လည်း ဆီးစစ်ခြင်းကို အသုံးပြုပါသည်။
  • လိင်မှတစ်ဆင့် ကူးစက်တတ်သောရောဂါ ရှိ၊ မရှိ စစ်ဆေးခြင်း (STI screen): အကယ်၍ သင့်တွင် အရည်ထွက်ခြင်း (Discharge) ရှိပါက နမူနာရယူရန်အတွက် ဂွမ်းဖတ်ပါသော တံကျင်ငယ် (Swab) ကို ဆီးပြွန်ထိပ်ဝသို့ ထည့်သွင်း၍ နမူနာယူပါမည်။ ထိုနမူနာကို ဓာတ်ခွဲခန်းတွင် ဂနိုရောဂါ (Gonorrhea) နှင့် ခလိုင်မီးဒီးယား (Chlamydia) ပိုးများ ရှိ၊ မရှိ စစ်ဆေးပါလိမ့်မည်။

ကုသခြင်း

ဝှေးစေ့ရောင်ရမ်းခြင်း၏ လက္ခဏာများသည် ကုသမှုမခံယူဘဲပင် ရက်အနည်းငယ်အတွင်း စတင်သက်သာလာလေ့ ရှိသော်လည်း ရောင်ရမ်းမှုများ အလုံးစုံပျောက်ကင်းရန်အတွက် ရက်သတ္တပတ်ပေါင်းများစွာ သို့မဟုတ် လပေါင်းများစွာ ကြာမြင့်နိုင်ပါသည်။

ကုသမှုနည်းလမ်းမှာ ရောဂါဖြစ်ရသည့် အကြောင်းရင်းပေါ်တွင် မူတည်ပါသည်။

နေထိုင်မှုပုံစံ ပြုပြင်ပြောင်းလဲခြင်း (Lifestyle adjustments)

  • ဘက်တီးရီးယားကြောင့်ဖြစ်သော ဝှေးစေ့ရောင်ခြင်းကို ကုသခြင်း: ဘက်တီးရီးယားကြောင့် ဝှေးစေ့ရောင်ခြင်းနှင့် အစေ့နောက်ပြွန်ရောင်ခြင်း (Epididymo-orchitis) နှစ်မျိုးလုံးအတွက် ပိုးသတ်ဆေး (Antibiotics) များဖြင့် ကုသရန် လိုအပ်ပါသည်။ အကယ်၍ ရောဂါပိုးသည် လိင်မှတစ်ဆင့် ကူးစက်ခြင်း (STI) ကြောင့် ဖြစ်ပါက သင်၏ လိင်ဆက်ဆံဖော်ကိုလည်း ဆေးကုသမှု ခံယူစေရန် လိုအပ်ပါသည်။

ပုံမှန်အားဖြင့် သောက်ဆေး (၁၀) ရက်မှ (၁၄) ရက်အထိ သောက်ရန် လိုအပ်နိုင်ပါသည်။ ရောဂါလက္ခဏာများ စောစီးစွာ သက်သာသွားစေကာမူ ပိုးအမြစ်ပြတ်စေရန်အတွက် ဆရာဝန် ညွှန်ကြားထားသည့်အတိုင်း ဆေးပတ်လည်အောင် သောက်ရပါမည်။

ဝှေးစေ့နာကျင်မှုမှာ ရက်သတ္တပတ်အနည်းငယ်အထိ ဆက်ရှိနေနိုင်ပါသည်။ နာကျင်မှု သက်သာစေရန် အနားယူခြင်း၊ အားကစားသုံး အထောက်အကူပြု ဘောင်းဘီ (Athletic strap) ဝတ်ဆင်ခြင်း၊ အအေးကပ်ခြင်းနှင့် အကိုက်အခဲပျောက်ဆေးများ သောက်ခြင်းတို့ကို ပြုလုပ်နိုင်ပါသည်။

  • ဗိုင်းရပ်စ်ကြောင့်ဖြစ်သော ဝှေးစေ့ရောင်ခြင်းကို ကုသခြင်း: ဤကုသမှု၏ အဓိကရည်မှန်းချက်မှာ ရောဂါလက္ခဏာများ သက်သာစေရန် ဖြစ်ပါသည်။ ဆရာဝန်မှ အောက်ပါတို့ကို အကြံပြုနိုင်ပါသည်
    • Ibuprofen သို့မဟုတ် Naproxen sodium ကဲ့သို့သော အရောင်ကျအကိုက်အခဲပျောက်ဆေးများ သောက်ခြင်း။
    • အိပ်ရာပေါ်တွင် အနားယူခြင်းနှင့် ဝှေးစေ့အိတ်ကို အပေါ်သို့ မြှင့်ထားပေးခြင်း။
    • အအေးပတ်တီးကပ်ပေးခြင်း။

ဗိုင်းရပ်စ်ကြောင့် ဝှေးစေ့ရောင်သူအများစုသည် (၃) ရက်မှ (၁၀) ရက်အတွင်း စတင်သက်သာလာလေ့ ရှိသော်လည်း ဝှေးစေ့အိတ် နာကျင်ကိုက်ခဲမှု အလုံးစုံပျောက်ကင်းရန် ရက်သတ္တပတ်အနည်းငယ် ကြာမြင့်နိုင်ပါသည်။

Doctors who treat this condition