Health Article

အူမကြီးကင်ဆာရှိမရှိအား ကြိုတင် စစ်ဆေးခြင်း – Colorectal cancer screening

Share:

ကျွနုပ်တို့ ခန္ဓာကိုယ် သည် အသက်အရွယ် ကြီးရင့်လာသည်နှင့် အမျှ ရောဂါ အမျိုးမျိုးပိုမို ဖြစ်ပွါးရန် လွယ်ကူလာပါသည်။ ထိုအထဲတွင် အူမကြီး ကင်ဆာသည် လည်း အသက် ၄၅ နှစ်ကျော်ပိုင်း များတွင် ဖြစ်ပွါးလေ့ရှိသော ကင်ဆာရောဂါဖြစ်ပါသည်။ ဤ ကင်ဆာရောဂါ အမျိုးအစားသည် ကျားမ မရွေး တတိယ အဖြစ်အများဆုံး ကင်ဆာရောဂါ ဖြစ်သော်လည်း စောစီးစွာ သိရှိ ကုသလျှင် ပျောက်ကင်းနိုင်သော ကင်ဆာ ဖြစ်ပါသည်။ အသက် ၅၅နှစ်မှ ၆၅ နှစ်ကြားတွင် အများဆုံးဖြစ်ပွါးတတ်သော်လည်း စောစီးစွာ ကြိုတင် သိရှိနိုင်ရန် အတွက် အသက် ၄၅ နှစ်မှ စတင်၍ စစ်ဆေးသင့်ပါသည်။

အသက် ၄၅ နှစ်ကျော်လာသည်နှင့် အမျှ အူမကြီးကင်ဆာ ရှိမရှိ စစ်ဆေးခြင်းအား (Colorectal cancer screening test) ပုံမှန် ပြုလုပ်သည့်ပါသည်။ အချိန် မည်မျှ ကြာကြာ ခြား၍ တစ်ခါပြုလုပ်သင့်သည်ကို သက်ဆိုင်ရာ ဆရာဝန်မှ သင်၏ လက်ရှိကျန်းမာရေး အခြေအနေ၊ ရောဂါ ရာဇဝင်၊ မိသားစု မျိုးရိုး ၏ ရောဂါရာဇဝင် တို့ကို ထည့်သွင်း စဉ်းစား၍ ဆုံးဖြတ်ပေးပါလိမ့်မည်။ မိသားစု တွင်း ကင်ဆာရောဂါ ဖြစ်ဖူးပါက ဆရာဝန်မှ ပို၍ မကြာခဏ စစ်ဆေးရန် အကြံပေးနိုင်ပါသည်။

ထို့ အပြင် နာတာရှည် အစာအိမ်နှင့် အူလမ်းကြောင်း ရောဂါရှိသူများ အူရောင်ရမ်းနာရှိသူများ၊ Crohn’s disease ရောဂါနှင့် Lynch Syndrome ရောဂါလက္ခဏာစု ရှိသူများတွင် အူမကြီးကင်ဆာ ဖြစ်ပွါးနိုင်ချေ များသောကြောင့် ထိုလူများတွင် ပုံမှန်ထက်ပို၍ မကြာခဏ စစ်ဆေးပေးရန် လိုအပ်ပါသည်။

အူမကြီးကင်ဆာ ကြိုတင် စစ်ဆေးနိုင်သည့် နည်းလမ်းများ – Colorectal cancer screening procedures

လူတစ်ဦးစီ၏ ရောဂါရာဇဝင် ပေါ် မူတည်၍ အူမကြီးကင်ဆာကို ကြိုတင်စစ်ဆေးနိုင်သော နည်း အမျိုးမျိုးရှိသည့် အနက် အသုံးများသော စစ်ဆေးသည့်နည်းလမ်းများမှာ

၁။ ဝမ်းနမူနာ ယူစစ်ဆေးခြင်း

၂။ အူမကြီး မှန်ပြောင်းကြည့်ခြင်း

၃။ သွေးတွင်းရှိ ကင်ဆာ အညွှန်းကိန်းအား စစ်ဆေးခြင်းတို့ဖြစ်ပါသည်။

ဝမ်းနမူနာ ယူစစ်ဆေးခြင်း – Stool Test

ဝမ်းနမူနာ ယူစစ်ဆေးခြင်း သည် ဝမ်း အတွင်း၌ သွေးပါဝင်မှုကို စစ်ဆေးခြင်းဖြစ်ပါသည်။ အူမကြီးကင်ဆာ တွင် အူမကြီးအတွင်းရှိ အဖု အကြိပ်များမှ သွေးယိုစိမ့် တတ်ပါသည်။ ထိုကြောင့် ဝမ်းထဲ၌ သွေးပါဝင်း ခြင်းရှိမရှိကို ကြည့်ခြင်းဖြင့် အူမကြီးကင်ဆာကို ကြိုတင်ထောက်လှမ်းနိုင်ပါသည်။ လတ်တလောတွင် အသိအမှတ်ပြုထားသောဝမ်းနမူနာ စစ်ဆေးနည်း ၃ မျိုးရှိပါသည်။ ဤနည်းလမ်းသည် ကိုယ်ခန္ဓာ အတွင်း ထိုးဖောက် ဝင်ရောက်ရန် မလိုအပ်သည့် အတွက် ဖြစ်နိုင်ချေ ပုံမှန် သာရှိသော လူများတွင် စစ်ဆေးရန် အတွက် သင့်လျှော်ပါသည်။

အူမကြီး မှန်ပြောင်းကြည့်ခြင်း – Colonoscopy

Colonoscopy ခေါ် အူမကြီး မှန်ပြောင်းကြည့်ခြင်း ကို လူ အများစု ကြားဖူးကြပါလိမ့်မည်။ ဤနည်းသည် အူမကြီးလမ်းကြောင်းတစ်ခုလုံးအား ဆရာဝန်မှ မျက်မြင်ကြည့်ရှစစ်ဆေးနိုင်သည့် အတွက် အသုံးများခြင်းဖြစ်ပါသည်။ ထို့အပြင် အူမြကီး လမ်းကြောင်းတစ်ခုလုံးအား မကြည့်ဘဲ Sigmoidoscopy ခေါ် စအိုတွင်းနှင့် Sigmoid colon အထိသာ ကြည့်ရှုနိုင်သော အလားတူ နည်းလမ်း လည်းရှိပါသည်။ သို့ရာတွင် ဆရာဝန် အများစုသည် ဖြစ်နိုင်ပါက အူမကြီးလမ်းကြောင်းတစ်လျှောက်လုံးအား ကြည့်ရှုစစ်ဆေးနိုင်သော Colonoscopy ကို ပြုလုပ်ရန် ပို၍ အကြံပေးလေ့ရှိပါသည်။

အကယ်၍ သင်အူမကြီး မှန်ပြောင်းကြည့်ရမည်ဆိုပါက မကြည့်ခင် ကြိုတင် ပြင်ဆင်ရန် လိုအပ်ပါသည်။ မကြည့်ခင် ရက်အနည်းငယ် အလိုတွင် အမျှင်ဓာတ်ပါဝင်မှုနည်းသော အစာကြေလွယ်သည့် အစားအစာကိုသာ စားသောက်ရပါမည်။ မှန်ပြောင်းမကြည့်မှီ တစ်ရက် အလိုတွင် အဖတ်မစားရဘဲ ကြက်စွပ်ပြုပ်ရည် သို့မဟုတ် ဟင်းချိုရည် ကဲ့သို့အရည်ကြည်ဖြစ်သည့် အစားကိုသာ စားသောက်ရပါမည်။ မှန်ပြောင်းကြည့်မည့် မနက် မရောက်ခင် ညတွင် သက်ဆိုင်ရာ ဆရာဝန်မှ သင့်အား ဝမ်းနုပ်ဆေးရည် ပေးပါလိမ့်မည်။ ထို ဝမ်းနုပ်ဆေးရည် ၏ တစ်ဝက်ကို ည အိပ်ခါနီးတွင် သောက်ပြီး ကျန်တစ်ဝက်ကို မနက် အိပ်ရာနိုးချိန်တွင်သောက်သုံးရပါမည်။ အူမကြီး မှန်ပြောင်းကြည့်နေစဉ်တွင် သင့်အား အိပ်ဆေးပေးရမည် ဖြစ်သောကြောင့် မှန်ပြောင်းကြည့်ပြီးချိန်တွင် သင့်အား စောင့်လျှောက်ရန်နှင့် ဆေးရုံမှ အပြန် ကားမောင်းပို့ပေးရန် အဖော်တစ်ဦးခေါ် လာရန် လိုအပ်ပါသည်။

အူမကြီးမှန်ပြောင်းကြည့်မည့် အခန်းတွင် လူနာအားလဲလျောင်းစေပြီး သွေးကြောမှတဆင့် အိပ်ဆေး သွင်းပေးပါသည်။ လူနာ အိပ်မောကျသွားပါက ဆရာဝန်မှ ကင်မရာနှင့်မီးအလင်းရောင်ကိုထိပ်တွင် တပ်ဆင်ထားသော သေးငယ်သည့် ပိုက်ပျော့ချောင်းအား စအိုမှတဆင့် ထည့်သွင်းပါသည်။ ကင်မရာမှ မြင်ကွင်းအား မော်နီတာ မျက်နှာပြင်တွင် ပေါ်စေပြီး ဆရာဝန်မှ လူနာ၏ အူမကြီး နံရံတစ်လျှောက် ရှိ ကင်ဆာဟု သံသဖြစ်ဖွယ် အဖုအကြိပ်များအား ကင်မရာနှင့် မီးရောင် အကူအညီဖြင့် လိုက်လံရှာဖွေပါသည်။ အကယ်၍ သံသယဖြစ်ဖွယ် အဖု အကြိတ်ကို တွေ့ရှိပါက ဆရာဝန်မှ ပိုက်တွင် တစ်ပါတည်း ပါဝင်သော ဝါယာဖြင့် ဖြတ်တောက်ယူနိုင်ပါသည်။ အဆိုပါ အဖုအကြိတ်များအား ဖြတ်တောက်ခြင်းအားဖြင့် အူမကြီးကင်ဆာ ဖြစ်ပွါး နိုင်မှုကို ၄၀% ထိလျှော့ချနိုင်ပါသည်။

ဤလုပ်ငန်းလုပ်ဆောင်နေစဉ် အတွင်းတွင် မြင်ကွင်းရှင်းလင်းစေရန် ဆရာဝန်မှ အူမကြီးအတွင်းသို့ လေထိုးသွင်း ရန် လိုအပ်ပါသည်။ ထို့ကြောင့် မှန်ပြောင်းကြည့်ပြီးခါစတွင် ဗိုက်တင်းခြင်း လေထိုးလေအောင့်ခြင်း ကို ၁-၂ရက်ခန့် အနည်းငယ်ခံစားရနိုင်ပါသည်။

နောင်တစ်ချိန်တွင် ကျန်းမာစေရန် သေချာစွာ ကြိုတင် စစ်ဆေးသင့်ခြင်း – Colorectal cancer screenings help ensure good health

အူမကြီးနံရံရှိ အဖု အကြိတ် တိုင်း သည် ကင်ဆာအဖြစ်သို့ မျိုးဗီဇ မပြောင်းလဲနိုင်ပါ။ ကင်ဆာ အဖြစ်သို့ မျိုးဗီဇပြောင်းလဲ သော အဖုအကြိတ် ပင်ဖြစ်နေသော်လည်း နေရာ အနှံအပြားသို့ ပျံ့နှံ့ခြင်းမရှိပါက ၉၀% ခန့် ကုသပျောက်ကင်းနိုင်ပါသည်။ ဝေ့ဌာနီဆေးရုံတွင် အူမကြီးကင်ဆာအား စစ်ဆေးပြီး ခေတ်မှီ ဆေးဝါး ကုသနည်းများဖြင့် ကျွမ်းကျင်၍ အတွေ့အကြုံပြည့်ဝသော အစာအိမ်နှင့်အူလမ်းကြောင်းဆိုင်ရာ ပါရဂူများ မှ ကုသစောင့်ရှောက်မှုပေးနိုင်ပါသည်။

  • Readers Rating
  • Rated 5 stars
    5 / 5 (1 )
  • Your Rating



Related Posts